Photobucket

Saturday, May 10, 2008

သားကို ခွှင့်လွှတ်ပါ


သား ဘယ် အချိန်တုန်းက ဒီလူ့ လောကထဲ ၀င်ရောက်လာတယ် ဆိုတာ သား မမှတ်မိတော့ပါဘူး။ သားကို ဒီလို မွေးထုတ် ပေးခဲ့ဖို့ အမေ အများကြီး ပင်ပန်း ခဲ့တယ်ဆိုတာ သား သိပါတယ်။ အမေက သူများ အမေတွေ နှင့်မတူ ၈လ တိတိ ကိုယ်ဝန် ဆောင်ချိန် ကာလ ပတ်လုံး အခန်းထဲမှ မထွက်ရဘဲ၊ တစ်ချိန်လုံး အိပ်ရာ ပေါ်တွင် လှဲနေ အိပ်နေရပြီး ခက်ခက် ခဲခဲ မွေးယူ လာခဲ့ရတာကို နားလည် ပါတယ်။ နာရီပေါင်း ခြောက်ထောင်ကျော် - အခန်းလေး တစ်ခန်းထဲ မှ နေပြီး ပင်ပင် ပန်းပန်း အချိန်တွေကို ဖြတ်သန်း လာရ တယ်ဆိုတာ သား သိပါတယ် အမေရယ်။

တစ်ခါ တစ်ခါ အမေ့ အပေါ်မှာ ဆိုးခဲ့မိတယ်။ အမေ့ကို မျက်ရည် ကျအောင် လုပ်ခဲ့မိတယ်။ တော်တော် မိုက်တဲ့ သားမိုက် ပါပေကား။ ခက်ထန် ဆူးရှ လှသော သားရဲ့ ပါးစပ်ပေါက်မှ ထွက်ကျခဲ့သော စကားလုံးတွေ အမေ့ရင်ကို ဘယ်လို ပြစ်ခွင်း ၀င်ရောက် ခဲ့သလဲ ဆိုတာ တွေးကြည့် ရင်တောင် မတွေးရဲ တော့ပါဘူး။ ဘာမဟုတ်တဲ့ ကိစ္စလေး တွေကို ရေးကြီး ခွင်ကျယ် လုပ်ပြီး အဆိုးကြီး ဆိုးခဲ့မိတယ်။ ဆောင့်အောင့်ပြီး ၀ုန်းဒိုင်း အုန်းဂွမ်း လုပ်ခဲ့မိတယ်။ ငါ ဒီလို လုပ်ရင် ငါ့အမေ ဘာဖြစ် သွားမယ် ဆိုတာ မစဉ်းစား မိခဲ့ပဲ တစ်လောကလုံးမှာ ငါသာလျှင် ရှိတော့တယ် ဆိုပြီး ဗြောင်းဆန် သွားအောင် သောင်းကျန်း ခဲ့ဖူးတယ်။ ခွှင့်လွှတ်ပါ အမေရယ်။ သားသိပါတယ်။ ခွှင့်လွှတ်ပါလို့် မပြောခင် ကထဲက အမေက သားကို အလိုလို ခွှင့်လွှတ်ပြီး သွားပြီဆိုတာ သားသိပါတယ်။ အမေ့ရဲ့ မေတ္တာဟာ မြင့်မြတ် လှပါပေတယ်။

အချိန်တွေဟာ ပျံသန်းနေတယ်။ ရက်တွေ တစ်ရက်ြ့ပီး တစ်ရက်၊ လတွေ တစ်လပြီး တစ်လ ကုန်ဆုံးခဲ့ ပေမယ့် အမေ ယနေ့ထိတိုင် သားကို စိတ်ပူမှုပေါင်း များစွာနဲ့ အမေ့ ရင်ထဲမှာ ပြည့်နှက် နေဦးမည် ဆိုတာကိုလည်း သားသိပါတယ်။ ဘယ်လိုပဲ အရွယ်ရောက်ရောက်၊ မည်မျှပဲ ရင့်ကျက်သည်ဖြစ်စေ၊ သားဟာ အမေ့အတွက်တော့ အမြဲတမ်း မပြောင်းလဲ တဲ့ ကလေးလေး တစ်ယောက်ပါ။ ငယ်စဉ် တောင်ကျေး ကလေးဘ၀ထဲက ယနေ့ ဒီအရွယ် ရောက်အောင် ချော့တစ်ခါ၊ ခြောက်တစ်လှည့်၊ တာဝန် ၀တ္တရားမပျက် စဉ်ဆက် ပြုစု ပျိုးထောင် ပေးခဲ့ သော အမေ့ရဲ့ ကျေးဇူးတွေကို သားအသိပါ။

လူတွေက ပြောတယ်။ မိခင် မေတ္တာက မြင်းမိုရ် တောင်ကြီးထက် ပိုမြင့်မား ပါတယ်တဲ့။ အဲ့ဒါမှန်လား မှားလား ဆိုတာတော့ သားမသိဘူးဗျာ။ မြင်းမိုရ်တောင်က ဘယ်လို ဘယ်ပုံရှိတယ်ဆိုတာလဲ သား မမြင်ဖူးဘူး။ သိလည်း မသိဘူး။ ပြီးတော့ ပြောကြတယ်။ ပင်လယ်ပြင်ထက် မိခင်မေတ္တာဟာ ပင်လယ် ပြင်ကြီးထက် ပိုကျယ်ပါတယ်တဲ့။ ဒါကို လဲ သားမသိဘူး အမေရာ။ ဒီလူတွေ ဘယ်လို ထူးဆန်းတဲ့ ပေတံတွေ ထုတ်ပြီး တိုင်းလိုက် သလဲ ဆိုတာ သားမသိဘူး။ သားဘာမှ မသိဘူး။ သားသိတာ တစ်ခုပဲ ရှိတယ်။ အမေ့ရဲ့ မေတ္တာက ဘာနှင့်မှ နှိုင်းလို့ မရတဲ့ အရာ တစ်ခု ဆိုတာကိုပါ။ ဒီလောက ကြီးမှာ ရှိတဲ့ များလှစွာသော အချစ်တွေကြား အကြီးမားဆုံးနှင့် အမြင့်မြတ်ဆုံးသော အရာဟာ အမေ့မေတ္တာ ပါ။ ဒါကို လူတွေ ကဗျာဆရာတွေ ဘယ်လို ဘယ်ပုံနဲ့ သွားပြီး အမေ့ရဲ့ မေတ္တာကို တောင်တွေ ပင်လယ်တွေနှင့် နှိုင်းပြီး တင်စားလိုက်လဲ ဆိုတာတော့ သားအတွက် ယနေ့ထိတိုင် ပဟေဌိ တစ်ခု ဖြစ်နေဆဲပါ။

အမေ့ရဲ့ ရင်ခွင်ဟာ ဒီလောကကြီး ပေါ်က ဘာနှင့်မှ လဲမရသော ရင်ခွင်တစ်ခုပါ။ ဒီလူ့လောက ဆိုတဲ့ မူယာ မာယာတွေ များပြီး ရှုပ်ထွေး လှသော နေရာကို မျက်စိ မမြင်နိုင် နားမကြားနိုင် အခြေအနေနှင့် ဆင်းသက် လာခဲ့စဉ် ရွှင်လန်း အေးမြလှသော မေတ္တာ ရောင်စဉ်တွေ နှင့် ကြိုဆိုခဲ့သော အမေ့ ရင်ခွင်ကို ဒီတစ်သက်တော့ သား မေ့နိုင်မည်မထင်။ မည်မျှပင် ပူပင်လှပါစေ - ကလေးတစ်ယောက်လို အမေ့ရင်ခွင်ထဲ ပြေးတိုးခဲ့သော အချိန်တွေ သား အခုထိ သတိရ နေသေးပါတယ်။ အမေ့ကို အရမ်းသတိရတယ်။ အရမ်းလည်း လွမ်းတယ်။

ဘုရားကတောင် သူ့ အမေကျေးဇူးကို နို့တစ်လုံးစာ ပဲ ကျေးဇူးဆပ်နိုင်ခဲ့တယ်လို့ သင်ကြား ခဲ့ရပါတယ်။ သူလို ဘုရားတောင် နို့တစ်လုံးဆာ သာ ဆပ်နိုင်ခဲ့ရင်၊ သားလို ပုံမှန် သူလို ငါလို ပုထုဇဉ်လူသားတစ်ယောက်၊ အမေ့ကို မျက်ရည် တစ်ပေါက် မက ကျစေခဲ့သည့် သားတစ်ယောက် က ဘယ်လိုနည်းနှင့် ဆပ်ရမည်ဆိုတာ ဆက်လက်ပြီး အဖြေရှာ နေမည်ဆိုပါက အသက်တွေကြီး ဘ၀တွေ ပြောင်းသွားပါလိမ့်မည်။ ဒီဘ၀ မှာ မကျေ သည်သာ မက နောက် နောင် သံသရာ တစ်လျှောက် ဆပ်ရင်တောင်မှ ကျေဖွယ်ရာ မရှိတော့ပြီ။

ဘာလိုလို နှင့် အမေနှင့် မတွေ့ရတာ တစ်နှစ်တောင် ကျော်တော့မည်။ နောင် ဘယ်အချိန် ရောက်မှ ထပ်ပြီး တွေ့ရမည် ဆိုတာ မသိ။ အမေဘယ်လို ဘယ်ပုံ ရှိနေသလဲ ဆိုတာကို လဲ မသိ။ သိတာ တစ်ခု ကတော့ သား အမေ့ကို အမြဲတမ်း သတိရ နေတယ်။ အမေနဲ့ အတူ ရှိခဲ့သော တန်ဖိုးမဖြတ် နိုင်တဲ့ အချိန်တွေ အားလုံးကို သတိရ နေတယ်။ ငယ်ငယ် တုန်းက အမေ ဘုရားရှိခိုးနေစဉ် အမေ့နား ခွေအိပ်နေသော အချိန်တွေကို သတိရ နေတယ်။ သားစားချင်တာ မီးဖိုချောင် ထဲမှာ ချက်ပြုတ်ပေးနေတာတွေကို သတိရ နေတယ်။ အတူတူ အပြင် တွေသွား၊ လျှောက်လည် ခဲ့တာတွေကို သတိရနေတယ်။ အမေနဲ့ အတူ ရယ်မော ခဲ့တဲ့ ဘ၀လေးကို သတိရ နေတယ်။ ဘာနှင့်မှ မတူသော အမေ့ရဲ့ အပြုံးတွေကို သတိရ နေတယ်။


အားလုံးဟာ ရင်ထဲမှာ အသံမရှိတဲ့ ရုပ်ရှင် တစ်ကားကို ကြည့်နေရသလို ၀မ်းနည်း တမ်းတ သတိ ရနေ မိတယ်။ များလှစွာသော သတိရခြင်းများ နှင့်အတူ ဤသို့ ထူးခြားလှသော အမေများနေ့ မှာ ကျွန်တော်က ဤကမ္ဘာ ပေါ်ရှိ အမေများ အားလုံးအား ဤဆောင်းပါး လေးကို တမ်းတခြင်း များစွာဖြင့် ရေးကာ ဂုဏ်ပြု လိုက်ရ ပါတော့သည်။


ဤကမ္ဘာပေါ်ရှိ အမေများအားလုံး စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်း များနှင့် ပြည့်စုံ ရစေသား။

Tea

11 comments:

ThinkingHoney said...

စိတ်မကောင်းမဖြစ်ပါနဲ့ကွာ
တနေ့နေ့တော့ အိပ်မက်တွေဖြစ်လာမှာပေါ့
အိမ်နဲ့ပြန်တွေ့ရမှာပေါ့

Anonymous said...

happy moms day!

kthuyein said...

အမေ့ကို သတိရသွားပြီး.. ဗျာ
အမေနဲ့ မတွေ့တာ ၃နှစ်ရှိသွားပြီ
လွမ်းတယ် အမေ...
အမေများအားလုံးလည်း စိတ်ရော ကိုယ်ပါ ကျန်းမာ ချမ်းသာပါစေ..

Apprenticeship said...

I miss my mum too especially at this time. :(

Anonymous said...

ကိုတီးရေ အမေအကြောင်းလေးကို ဖတ်ပြီးတော့ အမေကို သတိရလွန်းအားကြီးသွားတယ်ဗျာ။ စိတ်မကောင်းမဖြစ်ပါနဲ့ တစ်နေ့တော့ ရည်မှန်းချက်တွေ အောင်မြင်မှာပါ။

Unknown said...

" I Love You " to Mom on her special day.
HAPPY Mother's Day..

Anonymous said...

ဘုရားကတောင် သူ့ အမေကျေးဇူးကို နို့တစ်လုံးစာ ပဲ ကျေးဇူးဆပ်နိုင်ခဲ့တယ်လို့ သင်ကြား ခဲ့ရပါတယ်။ သူလို ဘုရားတောင် နို့တစ်လုံးဆာ သာ ဆပ်နိုင်ခဲ့ရင်၊

Hi Tea,
It is nice topic. But the above saying is not correct.
In our childhood days, we used the sentences in the burmese essays.
Please read the book " Noe. ta lone phoe kyay par dal" written by Ashin SandarDiKa.
The book can give u the clear thought and explanation.
Best Wishes,
Kyimaw

Welcome said...

အမေချစ်တဲ့သားရေ..
ပျော်ရွှင်ချမ်းမြေ့တဲ့ မိသားစုလေး
အမြန်ဆုံး ဆုံစည်းနိုင်စေဖို့
ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

Ouu We said...

wow..i didn't noe u were such a good writer..makes me feel sad =[ .. hope u'll b able 2 meet ur luvly mommie soon... dun giv up!! =]

Unknown said...

တီးရေ....
ဘုရားရှင်က မိဘကျေးဇူးကို နို့တလုံးပဲ ကျေအောင်ဆပ်နိုင်တယ် ဆိုတာ မှားနေပါတယ်
သတိထားပြီး ရေးပေးစေလိုပါတယ်...ဆရာတော် အရှင်ဆန္ဒာဓိက ရဲ့ နို့နှစ်လုံးဖိုးကျေပါတယ်
စာအုပ်လေးကို ဖတ်ကြည့်ပါ..
ပြီးတော့
“ဘုရားကတောင် သူ့ အမေကျေးဇူးကို နို့တစ်လုံးစာ ပဲ ကျေးဇူးဆပ်နိုင်ခဲ့တယ်လို့
သင်ကြား ခဲ့ရပါတယ်။
သူလို ဘုရားတောင် နို့တစ်လုံးဆာ သာ ဆပ်နိုင်ခဲ့ရင်၊”
ဘုရားရှင်ဆိုတာ လောကမှာ အမြတ်ဆုံး ပုဂ္ဂိုလ်ပါ..တီးရေ...
ဘုရားရှင်ကို သူဆိုပြီးတော့ မသုံးနှုံးသင့်ဘူးလို့ အကြံပေးပါရစေ...
တီးရဲ့ စာတွေကို အမြဲလာဖတ်နေပါတယ်..
ကိုယ်ရေးတဲ့ စာကြောင့် ဖတ်တဲ့သူတွေ နားလည်မှု့လွဲသွားမှာ စိုးလို့ပါ...
စာ အများကြီး ဆက်ရေးနိုင်ပါစေ..တီး..

Tea said...

ကျေးဇူးတင်ပါသည်။
စာအုပ်ကို စာမေးပွဲပြီးသွားရင် ဖတ်ပါမည်။
Tea