အခန်း - (၁) ကျွန်တော်နှင့် လေဆိပ်နှစ်ခု
ကျွန်တော် စင်ကာပူကို ပထမဦးဆုံး ရောက်ဖူးတုန်းက လွန်ခဲ့သော ၈နှစ် ကျော်တုန်းကပါ။ ကျွန်တော် စင်ကာပူ ခရီးကို သွားတာ ဘ၀မှာ ပထမဦးဆုံး အကြိမ် လေယာဉ်ပျံ စီးဖူးခဲ့ခြင်း ပဲဖြစ်ပါသည်။ အဲ့ဒီတုန်းက ကျွန်တော့် အသက်က ၁၂နှစ်ပေါ့။ လေယာဉ်ကို လည်း တစ်ခါဖူးမှ မစီးဖူးခဲ့သလို တခြား ဘယ်နိုင်ငံကိုမှ မရောက်ဖူးခဲ့ပါဘူး (မြန်မာပြည်က လွဲရင်ပေါ့လေ)။ ပြည်တွင်းခရီးတွေ သွားရင်လည်း လေယာဉ်နဲ့ သွားလေ့ သိပ်မရှိပါဘူး။ ကားတွေ ရထားတွေ စီးတာပဲ များပါတယ်။ အဲ့ဒီ လွန်ခဲ့တဲ့ ၈နှစ် ကျော်က ခရီးကတော့ အမှတ်ရစရာတွေ အများကြီးနဲ့ ခရီးဖြစ်သလို ကျွန်တော့်အတွက် မြန်မာပြည်ကို တခြား တိုင်းပြည်တစ်ခု နှင့် မျက်မြင်ကိုယ်တွေ့ နှိုင်းယှဉ်ဖို့ အခွင့်အရေး ကြုံလာခဲ့ပါတယ်။
စပြောရမယ်ဆိုရင် ရန်ကုန်လေဆိပ်ကပေါ့။ သူများတကာ တွေကိုတော့ လေဆိပ်ကို လိုက်လိုက် ပို့ဖူးပါတယ်။ ပို့တိုင်းလည်း ငယ်ငယ်တုန်းက ကလေးဆိုတော့ စပ်စုတာပေါ့။ သူတို့ ခရီးသွားမယ့် သူက လွဲရင် သတ်မှတ် ထားတဲ့ နေရာကို ကျော်ပြီး လိုက်ပို့လို့ မရဘူးလေ။ ကျွန်တော်လည်း အဲ့ဒီတစ်ခါ ငါကိုယ်တိုင် သွားရပြီဟေ့ ဆိုပြီး ပျော်ပျော်ကြီးနဲ့ ၀င်သွားခဲ့ပါတယ်။ ဒါပေမယ့် အထဲရောက်တော့ အကြာကြီး စောင့်ရတာ ပျင်းလို့ သေတော့မယ်လေ။ တစ်ခါမှ မစီးဖူးတဲ့ လေယာဉ်ပျံကြီးကို လည်း စီးချင်။ တစ်ခါမှ မရောက်ဖူးတဲ့ နိုင်ငံခြား ဆိုတာ ကြီးကို လည်း မြင်ချင်တော့ ရွစိတက်နေ ရောပေါ့။
ဒါနဲ့ စောင့်ရင်း စောင့်ရင်းနဲ့ လေယာဉ်ပေါ်တက်ဖို့ အချိန်ကို ရောက်လာပါတယ်။ ဘတ်စ်ကား ကြီးနဲ့ သွားရတာဗျ။ လေယာဉ်ထဲ ၀င်တာနဲ့ လေယာဉ်မယ်လေးတွေက နှုတ်ဆက်တယ်။ နေရာတွေလည်း လိုက်ပြတယ်။ ကျွန်တော်ကတော့ ပြတင်းပေါက် အစွန်းဖက်ဆုံးခုံကို လုထိုင်တာ။ ကြည့်ချင်လို့လေ။ ဒီလိုနဲ့ တော်တော် လေးစောင့်တော့ လေယာဉ်က စပြီး ပြေးရော။ လေယာဉ်ပျံတက် သွားတာ သိပ်တောင် မသိလိုက်ဖူးဗျ။ မသိမသာလေးနဲ့ တက်သွားတာ။ ရင်ထဲ အေးသလိုလိုတော့ ခံစားရတယ်။ တက်ခါနီးတော့ ဒုန်းတဒုံးဒုံး ဆိုပြီး ဖြစ်သွားသေးတယ်။ လေယာဉ် မထွက်ခင်တော့ လေယာဉ်မယ်တွေ ရော၊ လေယာဉ် မောင်တွေရော အထူးအဆန်းတွေ ကပြသေးတယ် (တကယ်တော့ အရေးပေါ် အခြေအနေရောက်ရင် ဘယ်လို လုပ်ရမလဲ ဆိုတာကို ပြတာပါ)။
လေယာဉ်ပေါ်မှာတော့ ကျွန်တော် အကြိုက်ဆုံး အချိန်က မုန့်ကျွေးတဲ့ အချိန်လေ။ ဟီးး။ သိတယ်မလား တီးတဲ့လေ လိမ္မော်ရည်ကို ၁၀ခါ တောင်းသောက်တာ။ ဟတ်ဟတ် ဘယ်ရမလဲ။ လေယာဉ်မယ်က နောက်တစ်ခါ နှစ်ခါလောက် တောင်းရင် မမြင်ချင် ယောင်ဆောင် တော့မလား မသိဘူး။ မုန့်ကလည်း ကျွေးတာ နည်းနည်းလေး စားတောင် မစားရသေးဘူး ကုန်သွားရော။ ဒီလိုနဲ့ တီဗီ သေးသေး လေးတွေ ကျလာတော့ ရုပ်ရှင်ပြတာပဲ ထိုင်ကြည့်လိုက်တယ်။ ဒါနဲ့ စင်ကာပူ ချန်ဂီလေဆိပ်ကို မကြာမီ ရောက်ပါတော့မယ်တဲ့ လေယာဉ်မယ် တစ်ယောက်က ပြောပြီးတော့ ခါးပတ်တွေ ပတ်ရပြန်ရော။ လေယာဉ်ဆင်းတော့ ခေါင်းမူးတယ်ဗျ။ ပထမဦးဆုံး အကြိမ်မို့လား မသိဘူး။ ၀ူးဝူး ၀ါးဝါးနဲ့ လေယာဉ်က ဆင်းသွားတာ။ ကျွန်တော်က ပြတင်းပေါက်ကနေ အသေ ချောင်းကြည့်နေတာ။ စင်ကာပူ လေဆိပ်ကြီးက ဘယ်လိုမျိုးလဲလို့ (ရန်ကုန်လေဆိပ်နဲ့ ဘာကွာလဲလို့ မြန်မြန်ကြည့်တာ)။
ဘုရားရေ။ အကြီးကြီးပဲဗျ။ လေဆိပ်ကြီးက ကြောက်ဖို့တောင် ကောင်းတယ်။ ကျွန်တော် ထွက်ခဲ့တုန်းက ရန်ကုန်လေဆိပ်က လေယာဉ် အတက်မှာ ကြည့်လာတာ သိပ်တောင် မမြင်လိုက်ရဘူး။ အခု စင်ကာပူ လေဆိပ်ကြီးက အထင်းကြီးကို ရှိနေတာ။ လေယာဉ်ဆိုက်တော့ ရပ်ဖို့ နေရာကို သွားတာတောင် တော်တော် ကြာအောင် သွားရတယ်။ လေယာဉ်တွေကလည်း များလိုက်တာ။ ရန်ကုန်မှာတုန်းက ကျွန်တော်တို့ လေယာဉ် တစ်စီးပဲ ရှိတယ်။ အခုတော့ စင်ကာပူမှာ လေယာဉ် ရောင်းစားသလား မှတ်တယ်။ တန်းစီနေတာပဲ။ A1 A2 A3.. D1 D2 အား.. စုံနေတာပဲ အပေါက်တွေက အများကြီးပဲဗျ။ ကျွန်တော်တို့ ရန်ကုန်မှ အပေါက်ဆို တစ်ပေါက်ပဲ ရှိတယ်လေ။ ဒီလိုနဲ့ ကျွန်တော်တို့ ဆင်းရမယ့် အပေါက်ရောက်ပြီ ထင်ပါတယ်။ လေယာဉ်က သွားကပ်တယ်။ ဒါနဲ့ လူတွေ ဆင်းကြတာပေါ့လေ။
ကျွန်တော်က ဘတ်စ်ကား ဘယ်မှာလဲတောင် လိုက်ရှာသေးတယ်။ ရန်ကုန်ကလို့ ဘတ်စ်ကားနဲ့ ဆင်းရမှာလားလို့ ထင်နေတာ။ သူတို့က အထူးအဆန်းဗျ။ လိုဏ်ခေါင်းကြီးထဲကနေ လေဆိပ်ထဲ ၀င်သွားတာ။ ဒါနဲ့ လိုဏ်ခေါင်းကြီးလဲ ဆုံးသွားတော့ ခြေလှမ်းလိုက်တာ။ စိတ်ထဲမှာ တစ်မျိုးဖြစ်သွားတယ်။ အဲယားကွန်းတွေကလည်း အေးနေတာပဲ။ အောက်က ကြမ်းပြင်ကလည်း သားနားလိုက်တာ။ ပတ်ဝန်းကျင်ကို အကဲခတ်ကြည့်တော့ ရှယ်ပဲ ဖြစ်နေတယ်။ ရန်ကုန်က လေဆိပ်နဲ့ ကွာလိုက်တာမှ ယှဉ်လို့ တောင် မရဘူး။ ဘယ်နားကနေ ယှဉ်ရမှန်းကို မသိတာ။ ဒါနဲ့ ခြေလှမ်း ၁၀လှမ်းလောက် လှမ်းပြီးတော့ ခေါင်းက ၃၆၀ ဒီဂရီကို လည်ပြီး လိုက်ကြည့်နေတာလေ။ အရှေ့ကြည့်လိုက်၊ အနောက်ကြည့်လိုက်၊ ဘေးကြည့်လိုက်၊ အောက်ကြည့်လိုက်နဲ့ပေါ့။
ဒါနဲ့ ကိုယ့်ကိုယ်ကို စိတ်မကောင်း ဖြစ်မိတယ်။ ငါတို့ တိုင်းပြည်မှာတော့ ဒါမျိုးတွေ မရှိပါလား ဆိုပြီး စိတ်မကောင်း ဖြစ်မိတယ်။ စိတ်က မပျော်ချင်ဘူး။ ဒါနဲ့ ရုတ်တရက်ကြီး အပေါ့သွားချင်လာတော့ တွေ့တဲ့ အိမ်သာကို ၀င်လိုက်တယ်။ အထဲမှာလည်း တော်တော် ပျော်ဖို့ ကောင်းတယ်။ သန့်ရှင်းပြီး မွှေးနေတာပဲဗျ။ ရန်ကုန်လေဆိပ်မှာဆို အိမ်သာ မသွားပဲ အောင့်ထားရတယ်။ လန့်လွန်းလို့ပါ။ အခုတော့ စင်ကာပူလေဆိပ်က အိမ်သာကို ကြိုက်လွန်းလို့ အပြန်ကျရင် နောက် တစ်ခါ ထပ်လာဦးမယ်လို့ ဆုံးဖြတ်ချက်ချပြီး လက်ဆေးပြီး ထွက်လာတယ်။ အဲ့ ဒါနဲ့ ခဏလောက် လမ်းလျှောက်တော့ ဓာတ်လှေကားကြီးကို မြင်တယ်၊ အဲ့ဒီဟာကြီးက ထောင်ပြီး သွားတာ မဟုတ်ဘူး။ မြေကြီးပေါ်မှာ ကပ်ပြီး လုပ်ထားတာ။ အပေါ်တက်လိုက်တော့ လမ်းလျှောက် စရာမလိုပဲ ရွေ့သွားတယ်ဗျ။ ပျော်စရာကြီးဆိုပြီး တွေ့တိုင်းကို စီးတာပဲ။ ဟတ်ဟတ်။
ဒါနဲ့ Immigration ဖြတ်ရမယ့် နေရာ ရောက်တော့ အပေါက်တွေက အများကြီးပဲဗျာ။ တန်းစီနေတာပဲ။ ဘယ်အပေါက် ၀င်ရမှန်း မသိအောင်ကို များတာ။ ရန်ကုန်မှာ တုန်းကတော့ ငါးပေါက်ထက် မပိုပါဘူး။ ဒါနဲ့ အတိုဆုံး လိုင်းကို သွားပြီး စီလိုက်တယ်။ အားလုံးက တန်းစီနေတာ စနစ်ကျကျနဲ့ဗျာ၊ အရမ်းကို ကျက်သရေ ရှိတယ်။ ရန်ကုန်မှ တုန်းက စည်းလည်းကျော်၊ ကြားဖြတ်တဲ့ လူတွေရော အော်ဟစ်နေတဲ့ လူတွေရော စုံပလုံကို စိနေတာ။ ဒီမှာတော့ အေးအေးဆေးဆေး လေး သွားရတယ်။ ကျွန်တော်တို့ လည်း ဖြတ်ပြီးသွားတော့ ပစ္စည်းတွေ သွားယူရမယ်။ အပေါ်ကနေ အောက်ကို ဆင်းရတယ်။ စိတ်ထဲမှာတော့ တော်တော် ကျယ်တဲ့ လေဆိပ်ပဲ၊ အခုထိ သွားနေရတာ သွားလို့ကို မပြီးသေးဘူး။ စိတ်တောင် ညစ်လာပြီ ဆိုပြီး တွေးရင်း၊ မျက်စိထဲ မြင်လိုက်တာက ပစ္စည်းတွေ လှည့်နေတဲ့ နေရာတွေ မှာ အများကြီး။ ကျွန်တော်တို့ နေရာကို သွားပြီး သေတ္တာတွေ သွားရှာတာ။ အားလုံးကတော့ ရောက်နေပါတယ်။ ဒါနဲ့ ပစ္စည်းတွေ ယူပြီး ထွက်လာတယ်။ ဧည့်ကြိုနေရာကို တောင် တော်တော် လျှောက်လိုက် ရသေးတယ်။ နောက်ဆုံး အဖေ့ မိတ်ဆွေတွေက စောင့်နေတာတွေ့တော့မှ နှုတ်ဆက်စကား ပြောပြီး ကားပါကင်ကို သွားတော့တယ်။ ကားပါကင်ကလည်း အထပ်တွေနဲ့ အများကြီးပါ။ အားလုံး စနစ်တကျနဲ့ ခေတ်မှီတဲ့ ကားတွေ ဒီလောက်များတာ တွေ့တော့ ရန်ကုန်က စလွန်းကားလေးကိုတောင် ပြန်သတိ ရသေးတယ်။ အဖေ့သူငယ်ချင်းကား မာစီးဒီးတဲ့လေ။ တစ်သက်မှာ မာစီးဒီးဆိုလို့ အနားတောင် မကပ်ဖူးတာ၊ ထိုင်လိုက်တော့ Leather ဆိုဖာက အိနေတာပဲ။ အရသာ ရှိလိုက်တာ။ ဟော့ဗျာ အဲ့ဒီကားက ကျွန်တော်တို့ ရန်ကုန်က စလွန်းအစုတ်နဲ့ ယှဉ်ရင် ဈေးတူတူပဲတဲ့လေ။ ငိုချင်စိတ်တောင် ပေါက်သွားတယ်။ ဒါနဲ့ ကားက လေဆိပ်ထဲမှာတောင် တော်တော် ပတ်ပြီး ထွက်နေရသေးတယ်။
ဒီလိုနဲ့ ကျွန်တော် လေဆိပ်မှာတင် မြင်တွေ့ခဲ့ရ တာတွေက တကယ်ကို မိမိ တိုင်းပြည်နဲ့ ကွာလွန်းလှပြီး အင်မတန် တိုးတက်နေတာကို တွေ့ခဲ့ပါတယ်။ မြင်ခဲ့ရတာတွေ အားလုံးဟာ စိတ်ထဲမှာတော့ ကြည်နူးရမလို ဖြစ်နေပေမယ့် ရန်ကုန်က အရာတွေကို ပြန်ပြန် စဉ်းစားမိတော့ သေချာ မပြုံးနိုင်ခဲ့ပါဘူး။ အဖေ့ သူငယ်ချင်းတစ်ယောက်က ကားပေါ်မှာ ချာတိတ်၊ စင်ကာပူက ဘယ်လိုနေလဲကွ၊ ရန်ကုန်နဲ့ ဘာကွာလဲလို့ မေးတော့ ကျွန်တော် ပါးစပ်ဟောင်းလောင်းနဲ့ ကျန်နေခဲ့ပါတယ်။ ဘာဆို ဘာမှ မဖြေနိုင်ခဲ့ပါဘူး။ ရင်ထဲမှာတော့ သူ့မေးခွန်းနဲ့ ကျွန်တော် စဉ်းစားထားတာတွေနဲ့ ဆိုရင် အဖြေက ရှိနေခဲ့ပြီး ဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော့် ပါးစပ်က အဖြေတစ်ခု ပြန်ပေးဖို့ မတတ်နိုင်ခဲ့ပါဘူး။ ရေငုံ နှုတ်ပိတ် အသံစိတ် ဆိုတဲ့ စကားကို အဲ့ဒီ အချိန်ကျမှ နားလည်ခဲ့ပါတော့တယ်။
ကဲ။ ရှည်သွားပြီ။ တစ်ခန်းရပ်ဦးမယ်။
Tea
Saturday, July 5, 2008
တောသားမြို့တက်တုန်းမှ ခံစားချက်များ
Subscribe to:
Post Comments (Atom)
9 comments:
သြော် သြော် ပြောချင်တဲ့ comparison တွေကို မြင်နေတယ်။
မှတ်ချက်။ တီး တော်တော်ငတ်။ :S
ဒီလိုနဲ့ ကျွန်တော် လေဆိပ်မှာတင် မြင်တွေ့ခဲ့ရ တာတွေက တကယ်ကို မိမိ တိုင်းပြည်နဲ့ ကွာလွန်းလှပြီး အင်မတန် တိုးတက်နေတာကို တွေ့ခဲ့ပါတယ်။ မြင်ခဲ့ရတာတွေ အားလုံးဟာ စိတ်ထဲမှာတော့ ကြည်နူးရမလို ဖြစ်နေပေမယ့် ရန်ကုန်က အရာတွေကို ပြန်ပြန် စဉ်းစားမိတော့ သေချာ မပြုံးနိုင်ခဲ့ပါဘူး။ အဖေ့ သူငယ်ချင်းတစ်ယောက်က ကားပေါ်မှာ ချာတိတ်၊ စင်ကာပူက ဘယ်လိုနေလဲကွ၊ ရန်ကုန်နဲ့ ဘာကွာလဲလို့ မေးတော့ ကျွန်တော် ပါးစပ်ဟောင်းလောင်းနဲ့ ကျန်နေခဲ့ပါတယ်။ ဘာဆို ဘာမှ မဖြေနိုင်ခဲ့ပါဘူး။ ရင်ထဲမှာတော့ သူ့မေးခွန်းနဲ့ ကျွန်တော် စဉ်းစားထားတာတွေနဲ့ ဆိုရင် အဖြေက ရှိနေခဲ့ပြီး ဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော့် ပါးစပ်က အဖြေတစ်ခု ပြန်ပေးဖို့ မတတ်နိုင်ခဲ့ပါဘူး။ ရေငုံ နှုတ်ပိတ် အသံစိတ် ဆိုတဲ့ စကားကို အဲ့ဒီ အချိန်ကျမှ နားလည်ခဲ့ပါတော့တယ်။
အဆုံးလေးက အသဲကွဲစရာ (အပိုင်း၂ကိုမျှော်နေမယ်)
ခံစားခဲ့ရတာချင်းတူနေတယ်။ဝေလေးကတော့မုန့်တွေစား
နိုင်ဘူး...ဟီး..
ခံစားချက်ခြင်းတူပါသည်
ခံစားချက်ခြင်းတူပါသသည်
နှိုင်းယှဉ်ထားတာ ကောင်းပါတယ်ရှင့်
=)
I believe YGN AIRPORT (8YRS AGO) was worse than current one!
ကိုတီးရဲ့ ဒီလို post လေးတွေကို ခင်လေးတော့ ပိုသဘောကျတယ်...
စကားပြောနေသလိုလေး ရေးထားတာ ဖတ်လို့ကောင်းနေတယ်.
(ခင်လေးငယ်)
ဖတ်လို့ကောင်းတယ်။ အခန်း၂ မျှော်နေမယ်
Post a Comment