Photobucket

Friday, August 22, 2008

Pattern များနှင့် ကျွန်တော်တို့ဘဝ


ကျွန်တော်တို့ ဘ၀က တကယ်တော့ Pattern တွေနဲ့ ဖွဲ့စည်းထားတာပါ။ နေ့စဉ်နေ့တိုင်း ကျွန်တော်တို့ရဲ့ ဘ၀တွေက ကျွန်တော်တို့ ကိုယ်တိုင် ဖန်တီးထားတဲ့ Pattern တွေနဲ့ ပြည့်နှက်နေပါတယ်။ ဥပမာပေးရရင် ကျွန်တော်ဆိုရင် အခု Fall Semester မှာ ပုံမှန် မနက် ၆နာရီဆိုရင် အိပ်ရာ ထရပါတယ်။ အဲ့ဒီလို တနင်္လာနေ့ကနေ သောကြာနေ့အထိ နေ့တိုင်း အပတ်တိုင်း ၆နာရီ ထိုးရင် ထရတဲ့ Pattern တစ်ခုကို ကျွန်တော်က စခဲ့တော့ ကျွန်တော် အမြဲတမ်း ဒီ Pattern ထဲမှာ လှုပ်ရှားနေရပါတယ်။ နောက်ထပ် ဥပမာ ထပ်ပြောရင် ကျွန်တော် ဘတ်စ်ကားပေါ် တက်ရင် အမြဲတမ်း တံခါးပေါက်က တက်ပါတယ်။ ပြတင်းပေါက် က တက်လေ့ မရှိပါဘူး။ ထို့ကြောင့် ကျွန်တော်ဟာ ထို Pattern အရ အမြဲတမ်း ကျွန်တော် ဘတ်စ်ကား တစ်စီးပေါ် တက်တော့မယ် ဆိုရင် ကျွန်တော့်မှာ တံခါးပေါက်က တက်ပါတယ်။

ထိုနည်းတူ ကျွန်တော်တို့ အားလုံးဟာ ကျွန်တော်တို့ရဲ့ နေ့စဉ်ဘ၀တွေရဲ့ များလှစွာသော Pattern တွေ ကြားမှာ အသက်ရှင်နေ ကြပါတယ်။ ကွန်ပြူတာ ဖွင့်တိုင်း www.blogger.com ကို ဖွင့်တဲ့ Pattern တို့၊ အိမ်ကနေ ထွက်တိုင်း မြင်သမျှ တွေ့သမျှ ကြောင်တွေကို လိုက်ကန်တတ်တဲ့ Pattern တို့၊ အမေ့ဆီက မနက်တိုင်း မုန့်ဖိုး တောင်းတဲ့ Pattern တို့၊ ရည်းစားနဲ့ ရန်ဖြစ်လေ့ရှိတဲ့ Pattern တို့၊ အတန်းတက်တိုင်း အမြဲတမ်း နောက်ကျလေ့ ရှိတဲ့ Patten၊ အ၀တ်တွေကို တစ်လမှ တစ်ခါ လျှော်လေ့ရှိတဲ့ Pattern၊ စာတွေကို မနက်ဖြန် စာမေးပွဲရောက်မှ ကုန်းကျက်တတတ်တဲ့ Pattern၊ ညအိပ်ခါနီးတိုင်း ရေခဲချောင်း စားရမှ ကျေနပ်တတ်တဲ့ Pattern၊ အစရှိသဖြင့် ကျွန်တော်တို့ ဘ၀မှာ Pattern တွေ အများကြီး ရှိပါတယ်။ နံနက်မိုးလင်းတိုင်း ဘုရားအာရုံပြုခြင်း၊ သူတစ်ပါးကို ကူညီခြင်း၊ အိပ်ယာစောစော ထခြင်း၊ အလှူဒါနပြုခြင်း၊ သတ်သတ်လွတ်စားခြင်း၊ သက်ကြီးရွယ်အိုများအား ကူညီခြင်း၊ စတဲ့ ကြည်နူးစရာ ကောင်းတဲ့ Pattern တွေလည်း အများကြီးရှိပါတယ်။

သေချာ စဉ်းစားကြည့်မယ် ဆိုရင် ကျွန်တော်တို့ရဲ့ Pattern တွေကို ဘယ်သူတွေ ဘယ်အရာတွေက ဖန်တီးနေသလဲ ဆိုတော့ ကျွန်တော်တို့ ကိုယ်တိုင်ပါပဲ။ Pattern တွေမှာ ဆိုးတဲ့အရာနဲ့ ကောင်းတဲ့အရာ ဆိုပြီး နှစ်မျိုးရှိပါတယ်။ အိပ်ယာလေး ထတိုင်း ဆေးပြင်းလိပ်လေးမှ မရှုသွင်းရဘူး ဆိုရင် သေဖို့ပဲ ကောင်းတယ်ဆိုတဲ့ Pattern တွေ၊ ကျောင်းမှာ Bio အချိန်တိုင်းမှာ လစ်လိုက်ရမှ ကျေနပ်နိုင်မယ် ဆိုတဲ့ Pattern တွေ၊ တိုက်အောက်က ဖြတ်သွားသူတွေကို ပုံမှန် နေ့လည် ၁နာရီကျရင် အပေါ်က ရေမလောင်းချရရင် မနေနိုင်ဘူးဆိုတဲ့ Pattern တွေ၊ သူများတကာကို အချိန်တိုင်း ရန်ရှာ အပြစ်တင်နေရမှ ကျေနပ်နိုင်မယ် ဆိုတဲ့ Patten တွေ၊ ၂၄နာရီ လုံးလုံး ညစ်ညမ်းတဲ့ အတွေးတွေကိုသာ စဉ်းစားနေပြီး မိုက်ရိုင်းတာတွေကိုသာ ရေရွတ်နေတတ်တဲ့ Pattern တွေ၊ မာနထုကြီး တစ်လုံးကို ရင်ဝယ်ပိုက်ပြီး တလောကလုံး ငါ့ထက် တော်တဲ့ လူမရှိတော့ဘူးဟေ့ ဆိုပြီး မာန်တက်လေ့ရှိတဲ့ Patten တွေ၊စတဲ့ များလှစွာသော Bad Patterns တွေ လည်း အများကြီး ရှိပါတယ်။ တကယ်တော့ အဲ့လိုမျိုး Patten တွေကိုလည်း ကာယံကံရှင် ကိုယ်တိုင်တွေကသာ ပြုစု ပျိုးထောင် ပေးနေကြတာပါ။ အခြား ဘယ်သူကမျှ လာပြီး မစွက်ဖက်ထားပါဘူး။


Pattern တစ်ခုဆိုတာ စလုပ်ရင်း စလုပ်ရင်းနဲ့ လူတစ်ယောက်ဟာ သူ့ရဲ့ဘ၀မှာ အမြဲလိုလို လုပ်ဖြစ်သွားပါတယ်။ ပျင်းလို့ လက်အားနေတာနဲ့ စတိုးဆိုင်က ပစ္စည်းလေး အလစ်သုတ်လိုက်လို့ အဲ့ဒီ Pattern ကြီးမှာပဲ ရှင်သန်သွားပြီး နောင်တစ်ချိန်ကျတော့ ဖောက်ထွင်း သမားကြီး အထိ ဖြစ်သွားတတ်ပါတယ်။ ဟိုး ငယ်ငယ်လေးကထဲက ဆေးထိုးအပ်လေးတွေနဲ့ ဆော့ကစား တတ်ပြီး ဆေးပညာ အကြောင်းကို အရမ်းဝါသနာ ပါတတ်လို့ အဲ့ဒီ Patten လေး တစ်ခုထဲမှာ ကြီးပြင်း လာရင်း တစ်ချိန်ကျတော့ လူတွေ အသက်ပေါင်း များစွာကို ကယ်တင်နိုင်တဲ့ ဆရာဝန်ကြီးတွေ ဖြစ်လာကြပါတယ်။ ကျွန်တော် ပြောချင်တာက Pattern တစ်ခု ကောင်းတယ် မကောင်းဘူး ဆိုတာထက် ဖြစ်နေသမျှ ပျက်နေသမျှ Pattern တွေ အားလုံးဟာ ကာယံကံရှင် ကိုယ်တိုင် တွေကသာ အစပြုပြီး အကျိုးဆက်တွေ ဖြစ်ပျက်လာတာပါ။

လူတိုင်းဟာ မိမိတို့ရဲ့ လက်ရှိ Pattern တွေမှာသာ ရှင်သန်လေ့ ရှိပါတယ်။ ခိုင်မာ နေပြီဖြစ်တဲ့ Pattern တစ်ခုကို ပြုပြင်ပြောင်းလဲ ဖို့ဆိုတာ အရမ်းလည်း ခက်ခဲသလို တစ်ခါတစ်လေ ကျရင် မဖြစ်နိုင်ပါဘူး။ Tea ရေ၊ နင် မနက်ဖြန်က စပြီး ကွန်ပြူတာ မသုံးနဲ့တော့လို့။ မေသူက ပြောလာခဲ့ရင် မေသူ့ကို ပြူးပြီး ပါဝါ မျက်စိတွေနဲ့ ကြည့်လိုက်မှာ မမှန်ပါ။ ဘာလို့လဲ ဆိုတော့ ကျွန်တော့်ရဲ့ Pattern ကြီးတစ်ခုကို ဖျက်ပစ်လိုက်ပါလို့ လာပြောနေတဲ့ လူကို ဒေါသထွက်လွန်းလို့ ဘေးနားက ပစ္စည်းတွေနဲ့ ကောက်ပေါက်မိမှာပါ။ ထိုနည်းတူစွာ ကျွန်တော်တို့အားလုံးဟာ ကျွန်တော်တို့ရဲ့ ခိုင်မာနေတဲ့ Pattern တွေကို ဖျက်ပစ်ဖို့ ရပ်ပစ်ဖို့ အရမ်းကို ခဲယဉ်းပါတယ်။ ဆေးလိပ်တွေကို အမြဲသောက်နေတတ်တဲ့ လူတစ်ယောက်ကို "ဟေ့လူ၊ ခင်များ နောက်တစ်ခါ အဲ့ဒီ ဆေးလိပ်ကို ခင်များရဲ့ ဒီပါးစပ်ပေါက်မှာ ကျုပ်တွေ့ရင် ခင်များ မလွယ်ဘူးမှတ်" လို့ သွားပြောလိုက်ရင်တော့ ဖိနပ်ပိုက်ပြီးသာ ပြေးဖို့ ပြင်ထားပေတော့ပဲ။ လူတစ်ယောက်က Pattern တစ်ကို စဖို့ လွယ်ပေမယ့် ပြန်ရပ်ဖို့ကျတော့ ခက်ခဲ့ပါတယ်။ အထူးသဖြင့် မကောင်းတဲ့ Pattern တွေမှာ ပိုပြီး ဖြစ်တတ်ပါတယ်။

Pattern ကောင်းကောင်းတွေကို လူတွေ သေချာ ရွေးတတ်မယ် ဆိုရင် ကမ္ဘာကြီးက အများကြီး ပိုပြီး သာယာ လှပလာမှာပါ။ ဒီလိုများလှစွာသော ကျွန်တော်တို့ဘ၀တွေရဲ့ Pattern တွေ ကြားမှာ လူတွေအားလုံး မှန်ကန် ကောင်းမွန်တဲ့ Pattern တွေကို ... သေချာ ရွေးချယ်တတ်ပါစေလို့ ဆုတောင်းရင်း ပိုမိုလှပတဲ့ ကမ္ဘာကြီးသို့ လျှောက်လှမ်းဖို့ မျှော်တွေးရင်း တွေးမျှော်ရင်း ...

အားလုံးကို လေးစားလျှက်
Tea

5 comments:

Anonymous said...

ကောင်းတဲ့ ပက်တမ်တွေကြီးကိုပဲတွေးမျှော်နေဖို့သူတို့တွေ ဖြစ်မလာနိုင်ပေမယ့်ချယ်ရီကတော့ အမြဲတမ်းအကောင်းတွေကိုပဲတွေးနေတတ်ပါတယ်။ မှားတယ်ပြောပြောမှန်တ်ယ်ပြောပြော ဆက်တွေးမှာပါပဲ နေဦးအခုအားနေလို့ ပက်တမ်တွေကိုစုကြည့်ဦးမယ်

PP said...

pattern ဆိုရင်တော့ Physics က golden ratio ကို သွားမြင်မိတယ်။ လူ့ဘ၀အားလုံးနီးပါး ဒီထဲမှာ ဂွင်ကျတဲ့ Renaissance Ratio အကြောင်းကို ကိုပိန်ကို တင်ခိုင်းရမယ်။ ဥာဏ်မမီလို့လား၊ လူ့ဘ၀ကို ပျော်ပျော်ကြီး ဖြတ်သန်းခဲ့လို့လား မသိ တီးပြောတဲ့ pattern တွေ ခုမှ စဉ်းစားမိတယ်။ စိတ်တွေတောင် လေးလာပြီ :(

တားမြစ် ထားသော... said...

ကောင်းတဲ့ ပိုစ့်လေးပါ။
သဘောကျသဗျ။
ရွေးချယ်ခွင့်ရှိနေသေးတာကိုက ကျွန်တော်တို့အတွက် အပေါင်းလက္ခဏာပေါ့ဗျာ။
ဖျက်ရခက်နေရင် အစားထိုးဖို့ ကြိုးစားရမယ်ထင်တယ်။ နော...

ကိုရင်နော်ခင်လေးငယ် said...

ဟုတ်တယ်..
အရမ်းမှန်တယ်..မကောင်းတဲ့ Pattern တွေက
ရပ်ရပိုခက်တယ်...ဒါ များသောအားဖြင့် ဖြစ်လေ့ဖြစ်ထရှိတဲ့ သဘာဝဘဲနော်..
ကိုတီး တစ်ယောက်ကော Pattern ကောင်းလေးတွေနဲ့ ကမ္ဘာကြီးထဲမှာ လျှောက်နေဘီထင်တယ်...
သူငယ်ချင်းတွေကိုလည်း ခေါ်ဦးလေနော်..

RePublic said...

ညီ ..တီးရေ ၊ အတွေးအရေး လေး ကောင်းတယ် ၊၊နှစ်သက်စရာပါ ၊၊