Photobucket

Monday, August 11, 2008

လူငယ်များနှင့် သက်လုံကောင်းခြင်း


စာမေးပွဲတွေ ပြီးထဲက စာရေးမယ်ကြံတာ ဟိုလျှောက်လည်၊ ဒီလျှောက်လည်လုပ်နေတာနဲ့ စာမရေးဖြစ်ဘူး။ ဟိုအရင်တို့က သတင်းတွေ တင်မယ်ဟေ့လို့ တီးကပြောလိုက်တာနဲ့ နာရီဝက်ဆို ရောက်ပြီးသား။ အခုများတော့ ကျောင်းပိတ်ထားတော့ သတင်းတင်မယ်ဟေ့လို့ အော်တာ ရေးပြီးဖို့ သုံးရက်ကြာတယ်။ တင်နေကျ အကတွေနဲ့ ဟာသတွေဆို ဝေးစွ။ ဒါနဲ့ပဲ မနိုင်မနင်းနဲ့ အကြောင်းအရာအသစ်တစ်ခုကို ထပ်မံရေးသားဖို့ ကြံစည်လိုက်ပါတယ်။ အဟိ။ :D အကနဲ့ ဟာသတွေကိုလည်း တင်ဦးမှာပါ။ ကျောင်းပြန်ဖွင့်တာနဲ့ ပေဖူးလွှာတို့ ကွန်ပြူတာရှေ့ အွန်လိုင်းမှာ ၂၄နာရီ ခုနှစ်ရက် ထိုင်ပြီမို့ ပို့စ်တွေ တရစပ်တင်ဦးမှာ။ :D

ဒီနေ့ရေးချင်တဲ့ အကြောင်းအရာလေးကတော့ လူငယ်များနှင့် သက်လုံကောင်းခြင်း ပါပဲ။ ဘာဖြစ်လို့ ဒါလေးကို စဉ်းစားမိလဲဆိုတော့ အခုတလော ကျောင်းပိတ်ထားတော့ သူငယ်ချင်းတွေနဲ့ တောင်တက်၊ စက်ဘီးစီး၊ ရေကူး၊ ကြက်တောင်ရိုက် စတဲ့ အားကစားတွေကို အုပ်စုလိုက်လုပ်ဖြစ်ပါတယ်။ အရင်တုန်းကတော့ ကိုယ်တစ်ယောက်ထဲ၊ ဒါမှ မဟုတ် တစ်ယောက်စ နှစ်ယောက်စ ဒီလောက်ပါပဲ။ အခုကတော့ ကိုယ့်စာကျက်ဖော် စာကျက်ဖက်သူငယ်ချင်းတွေနဲ့ အတူ ကစားရင်းက တွေ့ရှိလာတဲ့ အချက်တေ ဗဟုသုတတွေပေါ့။ ဒါနဲ့ပဲ အွန်လိုင်းပေါ်က သူငယ်ချင်းဘလော့ဂါတွေလဲ သိနိုင်အောင်မျှဝေလိုက်ပါတယ်။


အဓိက ကတော့ ကိုယ်ခန္ဒာာတောင့်တင်းကြံခိုင်မှုနဲ့ နှလုံးအားကောင်းမှုပါ။ Physical Strength ပေါ့။ ကိုယ်ခနာကြံခိုင်မှုလို့ ဆိုရာမှာ ပိန်တာ ၀တာနဲ့ မဆိုင်ပါဘူး။ အမေရိကန်လူဦးရေ ၃၇ရာခိုင်နှုန်းက အ၀လွန်နေပါတယ်။ ဒါကတော့ တစ်မျိုးပေါ့နော်။ အ၀လွန်တဲ့လူတွေက လှုပ်ကို မလှုပ်နိုင်တော့တာ။ ကိုယ် အ၀လွန်နေလား ဘာလားဆိုတာတော့ ဟိုးအရင်တစ်ခါက ကိုတီးတင်ခဲ့တဲ့ ပို့စ်လေးမှာ သွားစမ်းစစ်နိုင်ပါတယ်။ အဲ အ၀လွန်နေပြီးဆိုရင်တော့ ဒီပို့စ်ကို ဆက်မဖတ်ပါနဲ့တော့။ နောက်တစ်ခေါက်ကျမှ ၀ိတ်ကျနည်းတွေ တင်ပေးမယ်။ (အကုန်လုံးက ၀ိတ်ကျနည်းကို ပိုစိတ်ဝင်စားမယ်ထင်တယ်) :P

ပေဖူးအခုတစ်ခေါက်ပြောချင်တာက Cardio Strength ပါ။ ကိုယ်အမောဘယ်လောက်ခံနိုင်လဲကို ပြောနေတာပါ။ မထင်နဲ့နော် ပိန်ပိန်လေးတွေလဲ မပြေးနိုင်ဘူး။ ကြံ့ခိုင်အားမရှိလို့လေ။ အနောက်နိုင်ငံတွေမှာ မော်ဒယ်ဂဲကိုယ်လုံးကို စံပြကိုယ်လုံးလို့ မခံယူပါဘူး။ ဗမာစကားမှာလဲ ရှိတယ်မဟုတ်လား။ လုံးကြီးပေါက်လှမှ တင့်တယ်ပါတယ်ဆိုပြီး။ ပေဖူးက မပိန်တဲ့လူတွေက လိုက်ပြောပေးနေတာ ကိုယ်ကိုတိုင်က ဒီလိုဘော်ဒီအသေးစားလေး မဟုတ်တာလဲ ပါပါတယ်။ အဟိ။ :P

ကိုယ်အမောခံနိုင် မခံနိုင်ဆိုတာ ကိုယ့်ဘာသာကိုယ် သိပါတယ်။ လူတိုင်းလဲ အစအဆုံးအမောမခံနိုင်ပါဘူး။ ဒါပေမဲ့ အတိုင်းအတာတစ်ခုအထိ သက်လုံကောင်းတယ်ဆိုတာတော့ လူငယ်တိုင်းမှာ ရှိသင့်ပါတယ်။ ကိုယ်ဘယ်လောက်အထိ သက်လုံကောင်းသင့်တဲ့ အတိုင်းအတာတော့ မရှိပါဘူးနော်။ ဒါကတော့ ကိုယ်ဘယ်လောက်အထိ ကိုယ့်ခနာကိုယ်ကို အစိုးရချင်လဲ အပေါ်မှာပဲ မူတည်ပါတယ်။

ကိုယ်ဘယ်လောက်အမောခံနိုင်လဲ သိချင်ရင် တစ်နာရီ ခြောက်မိုင်နှုန်းနဲ့ပဲ စက်ပေါ်မှာ နာရီဝက်ပြေးကြည့်ပါ။ သိလာပါလိမ့်မယ်။ လူတိုင်းလဲ ပရော်ဖက်ရှင်နယ်ဘောလုံးသမားတွေလို အမောခံနိုင်အောင် လေ့ကျင့်ဖို့ အချိန်မရှိဘူးဆိုတာ နားလည်ထားပါတယ်။ ဒါပေမယ့် Cardio Vascular လေ့ကျင့်ခန်းတွေကို လုပ်ပေးခြင်းအားဖြင့် အမောခံနိုင်လာတာအပြင် တခြားအကျိုးကျေးဇူးတွေလည်း အများကြီးရှိပါတယ်။ ဥပမာအားဖြင့်
- ကိုယ်ထဲမှာ မလိုတဲ့ ကယ်လိုရီတွေ ဖယ်ရှားပေးပါတယ်။ တစ်နည်းအားဖြင့် ၀ိတ်ကျစေတယ်ပေါ့။
- သင့်ရဲ့ နှလုံးအားကိုလည်း ကောင်းစေပါတယ်။ နှလုံးသန်မာလာတာနဲ့အမျှ အချိန်တိုင်း သွေးညှစ်ပေးရတာကို လွယ်လွယ်နဲ့ အင်အားအများကြီးမလုပ်ပဲ ပြီးနိုင်ပါတယ်။
- အဆုတ်မှာ အောက်ဆီဂျင်သိုလှောင်နိုင်တဲ့ ပမာဏကို မြှင့်တင်ပေးပါတယ်။
- ရုတ်တရက်နှလုံးရပ်သွားခြင်း၊ လေဖြတ်ခြင်း၊ သွေးတိုးနဲ့ ဆီးချိုဖြစ်နိုင်နှုန်းကိုလည်း လျှော့ချပေးပါတယ်
- အိပ်မပျော်တဲ့ ပြသနာတော်တော်များများကို လျော့နည်းစေပါတယ်
- စိတ်ဖိစီးမှုဒါဏ်ကိုလည်း လျှော့ချပေးပါတယ်။
- အဓိကကတော့ ဒီလေ့ကျင့်ခန်းတွေကို လုပ်လိုက်ရတဲ့ အတွက် ကိုယ်ခနာထဲမှာ ရှိတဲ့ အပူတွေကို ချွှေးအဖြစ် ကာဗွန်ဒိုင်အောက်ဆိုဒ်အဖြစ် ထုတ်လွှတ်လိုက်ရတဲ့ အတွက် စွမ်းအင်အသစ်တွေနဲ့ နောက်တစ်နေ့ကို စတင်နိုင်မှာပဲ ဖြစ်ပါတယ်

လွယ်လွယ်ပြောရရင် Cardio ကာဒီယိုလေ့ကျင့်ခန်းတွေ လုပ်ရတဲ့ အကြောင်းအရင်းက ကိုယ့်ဘော်ဒီဝိတ်ကို ထိန်းသိမ်းထားချင်တယ်၊ ကိုယ့်ခနာကိုယ်ကို ခိုင်းချင်သလောက်ခိုင်းချင်တယ် ကိုယ့်နှလုံးနဲ့ အဆုတ်ကို အစိုးရချင်တယ်ဆိုတဲ့ အကြောင်းအရင်းတွေပဲ ဖြစ်ပါတယ်။

ကဲ ဒီလေ့ကျင့်ခန်းတွေ ဆိုတာဘာတွေလဲ။ အကုန်လုံးနီးပါး အကျုံးဝင်ပါတယ်။ လမ်းလျှောက်၊ ပြေး၊ စက်ဘီးစီး၊ ရေကူး၊ အက၊ Yoga စတဲ့ ကိုယ်ခန္ဒာာကိုယ်အများဆုံးအသုံးပြုရတဲ့ လေ့ကျင့်ခန်းတွေ ပါပဲ။ ကြက်တောင်၊ ဘောလုံး၊ ဘတ်စကတ်ဘောအစရှိတဲ့ အသင်းအဖွဲ့လိုက် အားကစားနည်းတွေလဲ အကျုံးဝင်ပါတယ်။ ဒီလေ့ကျင့်ခန်းတွေကို လုပ်ရာမှာ အားကုန်သုံးစရာမလိုပါဘူး။ တချို့ရှိပါတယ်။ Gym မှာ ပထမတစ်ရက် မီးကုန်ယမ်းကုန် စကားတောင် မပြောနိုင်အောင် အားရပါးရဆော့ပါတယ်။ နောက်နေ့ကိုယ်တွေလက်တွေ နာလို့ တစ်သက်လုံး အားကစားရုံဘက်ကို ခြေဦးတောင် ပြန်မလှည့်တော့ပါဘူးဆိုတဲ့ လူတွေပေါ့။

သက်လုံကောင်းအောင် လေ့ကျင့်နည်းတွေဟာ ဖြည်းဖြည်းမှန်မှန်နဲ့ ကိုယ်လုပ်တဲ့ လေ့ကျင့်ခန်းကို တိုးတိုးသွားရတာပါ။ ကိုယ်လိုချင်တဲ့ အတိုင်းအတာတစ်ခုရောက်ရင်တော့ ရပ်လိုက်ပြီး အဲဒီနှုန်းကို ကျမသွားအောင် အပတ်တိုင်း ကစားပေးပေါ့။

ဥပမာ လမ်းလျှောက်စက်ပေါ်မှာ ပြေးတာကိုပဲ ပြောကြပါစို့။ ပထမနေ့မှာ အရမ်းအားရှိပေမဲ့လည်း လေးမိုင်နှုန်းနဲ့ ၁၅မိနစ်ကနေ နာရီဝက်လေးနဲ့ပဲ စပါ။ နောက်နေ့တွေမှာ ပြေးတဲ့နှုန်းကိုကော အချိန်ကိုပါ တိုးတိုးသွားပေါ့။ ဒါကတော့ နှလုံးအားကောင်းအောင် စေခိုင်းနည်းပါ။ အလေးချိန်ကျချင်ရင်တော့ ကစားပုံနည်းနည်းကွာပါတယ်။ ဒါပေမယ့် ကာဒီယိုလေ့ကျင့်ခန်းတွေက နှလုံးခုန်နှုန်းအတိုင်းအတာတစ်ခုမှာ ရှိနေရပါမယ်တဲ့။ အသက်နဲ့ fitness level ကို လိုက်ပြီး Range ကွာပါတယ်။ ဒီမှာ သွားလေ့လာနိုင်ပါတယ်။

အဲ….လေ့ကျင့်ခန်းလုပ်နေရင်းက ကိုယ့်နှလုံးခုန်းနှုန်းကို ဘယ်လိုသိမလဲ။ ကိုယ်က စက်ပေါ်မှာ ပြေးနေရင်တော့ စက်ကတွက်ပေးတာပေါ့။ အပြင်မှာ ပြေးရင် ဘယ်လိုသိနိုင်မလဲ။
လွယ်ပါတယ်။ ကာဒီယိုလေ့ကျင့်ခန်းတွေလုပ်နေရင် ကိုယ်က စကားပြောနိုင်သေးတဲ့ အမြင့်ဆုံးနှုန်းမှာ ပြေးပါ။ ဟော ဟ ဟော ဟဲ ရိုက်မဲ့ လေ့ကျင့်ခန်းမဟုတ်ပါဘူး။ ကာဒီယိုဟာ ကောက်ရိုးမီးလို အင်အားမျိုးမလိုပါဘူး။ အေးအေးနဲ့ မှန်မှန်လေးပဲ ကစားပေးပါ။

ကိုယ်ပိန်သည် ဖြစ်စေ၊ ၀သည်ဖြစ်စေ ကိုယ်ခနာကျန်းမာနေပြီး အဆီမရှိရင် ပျော်ရွှင်တဲ့ ဘ၀တစ်ခုကို ပိုင်ဆိုင်နိုင်တယ်လို့ ခံယူထားပါတယ်။ အခုခေတ် ဗမာပြည်မှာ ရှိတဲ့ လူငယ်တော်တော်များများဟာ မော်ဒယ်တွေကို စံနမူနာထားချင်နေပါတယ်။ ဒီလိုကိုယ်လုံးမျိုးဆိုတာ ဖြစ်နိုင်ဖို့တော်တော်ခဲယဉ်းတာလေ။ ကိုယ့်မှာက သူတို့တွေလို အားနေတဲ့ အချိန်တွေမှ မရှိတာ။ ကျောင်းတက်ရ အလုပ်လုပ်ရသေးတယ်။

Cardio Training မှာ အဓိက နောက်တစ်ချက်အရေးကြီးတာက Commitment အချိန်မှန်
အပတ်တိုင်းကစားဖို့ပါပဲ။ ပထမစပြီး ကစားတဲ့သူတွေကိုတော့ တစ်ပါတ်မှာ လေးရက်နာရီဝက်စီ၊ မအားလို့ရှိရင် သုံးရက်တစ်နာရီလောက် စကစားပါ။ စ စခြင်းတော့ ပျင်းပါလိမ့်မယ်။ နောက်များမှာတော့ ကစားပြီးလို့ ထွက်သွားတဲ့ ချွှေးတွေ ကိုယ့်နှလုံးခုန်သံတွေကို သတိရပြီး ခင်ခင်တွယ်တွယ် ကစားမိပါလိမ့်မယ်။

အားလုံးကတော့ အချိန်မရှိဘူးဆိုတဲ့ ဆင်ခြေတစ်မျိုးစီတော့ ရှိကြပါတယ်။ တကယ်ကစားနေတဲ့ လူတွေဟာလဲ အပြင်လူတွေ နည်းတူ အလုပ်များကြပါတယ်။ ဒါပေမယ့် ကျန်းမာကြံခိုင်မှုဆိုတာကို သူတို့ရဲ့ အချိန်ဇယားထဲမှာ ရှေ့တန်းတင်ထားလို့ ကစားဖြစ်နေတာပါ။ စပြီး မကစားရသေးတဲ့ စာဖတ်သူအားလုံးလဲ ကစားကြည့်ပါ။ တစ်လ နှစ်လအတွင်းမှာ ကျန်းမာပျော်ရွှင်ပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတဲ့ ဘ၀တစ်ခုပိုင်ဆိုင်လာကြပါလိမ့်မယ်။

အားကစားနည်းများဖြင့် ပျော်ရွှင်နေသူ
ပေဖူးလွှာ


မှတ်ချက်။ ပေဖူးဖတ်ခဲ့ဖူးတဲ့ စာအုပ်တွေ၊ ကိုယ်တိုင်အတွေ့အကြုံတွေ၊ များပြားလှစွာသော အင်တာနက် ၀က်ဆိုဒ်များအား ဒီပို့စ်လေးဖြစ်လာအောင် မှီငြမ်းပါသည်။

9 comments:

Anonymous said...

Hi,

I would like to invite you to the Myanmar Wikipedia community.

Best,

Aung Kyaw

Tea said...

ဒီကမ္ဘာမှာ ကျုပ်ကို နိုင်အောင် ပြေးနိုင်တဲ့သူ မရှိသေးဘူး..

*cough ... cough *

စိုးထက် - Soe Htet ! said...

ကျောင်းပြေးတာလား ဗျ ... ကိုတီးရ ... ဟိ :P

ပေဖူးလွှာရေ ...

ပုံမှန် မိနစ် ၃၀ လောက် နေ့စဉ် လမ်းလျှောက်တာ လောက် ကုန်ကျ စားရိတ် သက်သာတာ နဲ့ ထိရောက်မှု ကောင်းတာ မရှိသေးဘူး ... ကျန်တဲ့ လူနေမှု အကျင့် ကောင်းလေးတွေ ပါ ထိန်းသိမ်း ရမှာပေါ့ ...

ကောင်းပါတယ် ... အမြဲ ဂရုတစိုက် လုပ်နေမှ ... အဆင်ပြေပါစေ ...

:)

Tea said...

ဟီးး.. ဘယ်လိုသိသွားတာတုန်း..

အခုတလော လေ့ကျင့်ခန်းမပြောနဲ့ ဘာမှ မလုပ်ဖြစ်ဘူး.. အိမ်ထဲမှာ နေပြီး အတွင်းအားပဲ ကျင့်နေရတယ်..

ကိုရင်နော်ခင်လေးငယ် said...

ပေကြီးရေ...

ခုတလော ဘာမှကို မလုပ်ဖြစ်တော့ဘူး..
Blog က ကိုက်.. Virus ကို တိုက်နဲ့ဘဲ...
သေချင်စော်နံနေဘီ...

((ဒီ post လေးက အရမ်းကောင်းတဲ့ post ပါ..))
စကားပြောသလိုလေးရေးထားတော့ ဖတ်ရတာ
ချောနေတယ်...
ရေးသူနဲ့ ခု ဖတ်နေသူလိုဘဲ..အ..ဟိ

မေသူပိုင် said...

ပေဖူးတို့က အကမှာ တင်ကောင်းတာ မဟုတ်ဘူး အပြေးလဲ ကောင်းတာဘဲလား(အကြွေးရှင်လာရင်ပြေးလွန်းလို့ထင်တယ်)
ဒါနဲ့စကားမစပ် အစ်မ ဆီက ချေးထားတဲ့အကြွေးလေးမဆပ်ချင်လို့ပြေ;နေတာ ဘယ်နှစ်မိုင်လောက်ပြေးဖြစ်လဲ :P

RePublic said...

အင်း ဟုတ်တယ် ၊၊ ကစားပီဗျာ ၊ ကစားပီ ၊၊ အဲ .. ဘယ်ကစပီး လုပ်ရပါ့ ပေဖူးရေ ၊၊ :P

သိပံ္ပမောင်ပိန် said...

ကျွှန်တော့်လို ငါးဖောင်ရိုးလည်းပြေးဖို့လိုလား?

Suburban Area said...

ပြေးတာကောင်းတာပေါ့..နောက်အသုံးဝင်ရင်ဝင်လာမှ။
မပေးဖူးလွှာရေ ဘယ်သူနိုင်မှန်းသိရအောင် ပြိုင်ပွဲလုပ်လိုက်...ဘလော့ဂါတို့အပြေးပြိုင်ပွဲဆိုပြီး၊ဟီးဟီး။အခုမှသေချာသိခွင့်ရတယ်...