Photobucket

Friday, August 1, 2008

တောသားမြို့တက်တုန်းမှ ခံစားချက်များ


အခန်း (၁) ကျွန်တော်နှင့် လေဆိပ်နှစ်ခု

အခန်း (၂) လေဆိပ် မှ တည်းခိုမည့်နေရာသို့

ဒီလိုနဲ့ တောသားလေးသည် လေဆိပ်ထဲမှ ကားနှင့် အပြင်သို့ ထွက်လာပါတော့သည်။ ထွက်ထွက်ချင်း မှာတော့ ချန်ဂီနိုင်ငံတကာ လေဆိပ်ကြီးကို ငေးကြည့်နေမိသည်။ စင်ကာပူ လူမျိုးတွေရဲ့ ဂုဏ်သိက္ခာအား ကြီးကျယ် ခန်းနားစွာ တည်တည်တံ့တံ့ ရပ်တည်နေသည့် ကြီးမားလှသော လေဆိပ်ကြီးကို ကြည့်နေတုန်းဆဲမှာ အဖေ့သူငယ်ချင်းက ကျွန်တော့်ကိုပြောလေသည်။ "သားရေ ဒီလေဆိပ်ကြီးက အခုလောလောဆယ် အရှေ့တောင် အာရှမှာ အကြီးဆုံးပဲ။ သူ့ထက်ကြီးတာ မရှိသေးဘူး။" ကျွန်တော်ကတော့ စိတ်ညစ်ညစ်နှင့် မြန်မာပြည်အတွက် စိတ်မကောင်းရင်း ငိုင်တိုင်တိုင်ကြီး ဖြစ်နေပါသည်။

ဒါနှင့် ဘေးပတ်ဝန်းကျင်မှ ကားတွေကို ကြည့်မိသည့် အခါ အားလုံးက အသစ် တွေချည်း ဖြစ်နေ ပါသည်။ ကျွန်တော်သည် ရန်ကုန်မှာထဲမှ ကားအသစ် လေးတွေ မြင်ရရင် ငေးကြည့် နေကျဆိုတော့ ယခုလို မြင်မြင် သမျှ ကားလေးတွေကို လမ်းပေါ်မှာ လိုက်ကြည့် နေရတာ မျက်စိကို ညောင်းပြီး ခေါင်းတောင် ချာချာ လည်အောင် မူးသွားပါသည်။ ရန်ကုန်မှာ နာမည်ကြီး တာဆိုလို့ မာစီးဒီးရယ် ပါဂျဲရိုးရယ် လန်ခရူဇာရယ် လောက်ပဲ သိပါသည်။ အခုကျမှ ဘာမှန်း မသိသည့် များပြားလှသော ကားတွေသည် တစ်စီးပြီး တစ်စီး ဖြတ်သွား ဖြတ်လာ ပြုလုပ် နေသောအခါ ၄င်းကားများကို Identify လုပ်ဖို့ အချိန်တောင် မရသဖြင့် ဤအတိုင်း လိုက်ကာ ကြည့်လိုက် ပါတော့သည်။ ဘာလို့ ကားတွေက အားလုံး အသစ်တွေ ဖြစ်နေလဲလို့ဟု မေးကြည့် သောအခါ စင်ကာပူ အစိုးရက ကား အဟောင်းတွေ လိုင်စင် လုပ်ရင် မတရား ဈေးများအောင် လုပ်ထားသောကြောင့် ဖြစ်ပါသည်။ ထို့ကြောင့် လူတွေ အဟောင်းဆိုရင် သိပ်စီးလေ့ မရှိတော့ခြင်းဖြစ်သည်။ ပိုပြီးလည်း သက်သာ၊ အဆင်လည်း ပြေလို့ အသစ်တွေကို စီးနေကြခြင်း ဖြစ်သည်။ တွေ့တွေ့လာသည့် ဘတ်စ်ကားတွေသည်လည်း အသစ်တွေချည်း ဖြစ်သည်။ စိတ်ထဲမှာတော့ ကြုံရင် စီးဖူးအောင် သွားစီးကြည့်ဦးမည်ဟု တေးထားမိ လိုက်ပါသည်။ ဤကားတွေ ကြားမှာ ကျွန်တော့် မျက်စိထဲဝယ် ၀ိုးတိုး ၀ါးတားနဲ့ မြင်ယောင် နေတာတွေကတော့ ရန်ကုန်က လေးဘီးကားရယ်၊ မန္တလေးက သုံးဘီးကားရယ်၊ ပြီးတော့ လိပ်ခုံးကားကြီးတွေရယ်၊ လိုင်းကားတွေ၊ ညစ်ညမ်းနေသော ဘတ်စ်ကားတွေ ဖြစ်ပါသည်။ ထိုကဲ့သို့ သူများ နိုင်ငံမှ ကောင်းတာ တစ်ခုကို မြင်လိုက်ပြီးတိုင်း၊ ကျွန်တော့်တို့ တိုင်းပြည် မြန်မာပြည်ကို ပြန်ပြန် တွေးကြည့်၊ နှိုင်းမိနေ သောကြောင့် အမြဲတမ်း စိတ်သောက ရောက်ရပါသည်။

ကားများ သွားနေရသည့် လမ်းတွေလည်း များလွန်းလှပါသည်။ Highway လမ်းများ၊ ပုံမှန်လမ်းများ အစရှိသည်တို့ဖြင့် ရှုပ်ပွ တက်နေပါသည်။ ကွေ့သွားလိုက်၊ ၀ိုက်သွားလိုက်၊ လှိုဏ်ဂူအောက်ကို ၀င်သွားလိုက်နဲ့ လမ်းတွေက ကားမပိတ်အောင် အမြန်ဆုံးနဲ့ သွားနိုင်အောင် စီစဉ်ထားသည်ကို တွေ့ရပါသည်။ နှစ်ထပ်လမ်းများ သုံးထပ် လမ်းဆုံများ၊ R ပုံလမ်းများ၊ O ပုံလမ်းများဖြင့် အဖေ့သူငယ်ချင်းမှ ပြောပြတိုင်း ရှုပ်ထွေးနေတဲ့ လမ်းပုံစံတွေကို ကြည့်ကြည့်မိတိုင်း ရန်ကုန်က ရှင်းလင်း ငြိမ်သက်လှသော ပြည်လမ်းမကြီးကို သတိရမိပါသည်။ ထို့အပြင် ကားစီးလျှင် မှန်ချစီးလေ့ မရှိကြောင်း သိရှိခဲ့ရပါသည်။ ဘာကြောင့် ဆိုတော့ လေ၀င် လျှင် ကားထဲမှာ ဖုန်တက်မည် ဆိုးသောကြောင့် ဖြစ်သည်။ လမ်းတွေ အားလုံးသည် ချောမွေ့ပြီး သွားရသည်မှာ အိငြိမ့်လွန်းလှပါသည်။ ကားစီးရသည်မှာ အရသာရှိလွန်းသဖြင့် ငေးစရာ မလိုဘူးဆိုလျှင် ခဏလေးနှင့် အိပ်ပျော် သွားနိုင်လေသည်။ မြန်မာပြည် မှာဆိုလျှင် အိပ်ပျော်ဖို့ နေနေသာသာ ထမင်းစားပြီးသောအခါ ကားစီးလေ့ မရှိပါ။ အဘယ့်ကြောင့် ဆိုသော် လမ်းတွေသည် မကောင်းသောကြောင့် ကားစီးသေအခါ တုန်ခါနေသဖြင့် ခဏလေးနှင့် အစာကြေသွားပြီး ဗိုက်ပြန်ဆာ လာမည်ကို စိုးရိမ်ရပါသည်။

နောက်ပြီး သတိထားမိသည်မှာ လမ်းတွေ တစ်လျှောက် စိမ်းလမ်းနေစေရန် အပင်တွေ မြက်တွေကို စိုက်ထားခြင်းပင် ဖြစ်သည်။ စင်ကာပူသည် လမ်းများပေါ်တွင် ဖုန်မထစေရန် မြက်တွေကို နေရာအနှံ့မှာ စိုက်ထားတတ်ကြောင်း လေ့လာ ရပါသည်။ ဒါကြောင့်လည်း ကမ္ဘာပေါ်မှာ အသန့်ရှင်းဆုံးဆိုသည့် ဂုဏ်ပုဒ်ကို သယ်ဆောင်ထား နိုင်ခြင်းဖြစ်သည်။ သို့သော် ရန်ကုန်မြို့ကဲ့သို့ အပင်ကြီးတွေ မရှိပါ။ ရန်ကုန်၏ ထူးခြားပြီး သူများနှင့် မတူသည့် အလှတစ်ခုသည် သစ်ပင်ကြီးတွေသာ ဖြစ်ပါသည်။ (အခုတော့ နာဂစ်စ်နဲ့ ကုန်လောက်ပြီ) အားလုံးသည် သူ့ဟာနဲ့သူ သေသေချာချာ သပ်သပ်ရပ်ရပ် ရှိနေသည်ကို တွေ့ရပါသည်။ ဒါနဲ့ Newton နားနီးသောအခါ တည်းခိုရန် နေရာ၊ အဖေ့ သူငယ်ချင်း အိမ်နား ရောက်ခါသောအခါ ကားသည် High way ပေါ်မှ နေ ဆင်းသွားပါသည်။ ထို့နောက် Newton ထဲသို့ ၀င်ရောက်သွားပါသည်။ ထိုအချိန်တွင် ကျွန်တော်တို့ တိုင်းပြည်နဲ့ ထူးခြားသည့် နောက် အရာ တစ်ခုကို သတိထားမိပါသည်။ ကားတွေသည် လူတွေအား ဦးစားပေးရပါသည်။ လူတွေ ဖြတ်တာပြုတာ လုပ်ချင်လျှင် ဦးစားပေးရပါသည်။ မြန်မာပြည်ကလွဲလျှင် တစ်ကမ္ဘာလုံး တော်တော်များများတွင် လူကသာ အဓိက ဦးစားပေးခံရသည်။ သို့သော် မြန်မာပြည်မှာ ကားတွေသည် လူများ လမ်းကူးလျှင် ဦးစားပေးလေ့ မရှိပါ။ ထို့နောက် ဘယ်အရာကို ထပ်ပြီး သတိထားမိလည်း ဆိုတော့ လမ်းမီးတိုင်တွေနဲ့ ဓာတ်ကြိုးတေကို ဖြစ်သည်။ ဓာတ်ကြိုးတွေကို ရန်ကုန်မှာကဲ့သို့ မြေပေါ်တွင် မတွေ့ရပေ။ မေးကြည့်သောအခါ မြေအောက်ထဲမှာ မြှပ်ထားပါသည်ဟု သိရှိရပါသည်။ လမ်းရှင်းလင်း နေစေရန်နှင့်၊ မိုးဒဏ် လေဒဏ် ရာသီဥတုဒဏ်တွေအား သဘာဝ ဘေးအန္တရယ်တွေမှ ကြိုတင်ကာကွယ်ထားခြင့် အစရှိသည့် ရည်ရွယ်ချက်များဖြင့် စီစဉ်ထားသည်ဟု ယူဆမိပါသည်။

ထိုကဲ့သို့ မြင်မြင်သမျှအား မိမိတိုင်းပြည်ရှိ အရာများနှင့် လိုက်လံ နှိုင်းယှဉ်ကာ စဉ်းစားသော အခါ အင်မတန် မောပန်းလှပါသည်။ ဘာလိုလိုနဲ့ အချိန်တို အတွင်းတွင် တည်းခိုရာ နေရာသို့ ရောက်လာ ပါတော့သည်။ စိတ် မောပန်း လှသည်။ လူလည်း ပင်ပန်းလှသည်။ မြန်မာပြည်အစား .... နာကျည်းမှုတွေ ကိန်းအောင်းလျှက် ... ခြေလှမ်းများကို ပင်ပန်းကြီးစွာ လှမ်းပြီး ဆိုဖာ တစ်ခု ပေါ်သို့ သွားကာ မှောက်ချလိုက်ပြီး အတွေးကမ္ဘာထဲတွင် ဆက်လက်ပြီး မြန်မာပြည်နှင့် စင်ကာပူအား Compare & Contrast လုပ်နေမိပါတော့သည်။

အခန်း (၂) အား ဤတွင် ရပ်ပါမည်။

6 comments:

Suburban Area said...

အပိုင်း(၁)လောက်မရီရဘူးဗျို့..ကွာခြားတာတော့တွေးမနေနဲ့
ကျွန်တော်တို့အစိုးရလောက်ကောင်းတာ မပြောတော့ပါဘူး၊မပြောတော့ပါဘူး..:P

Anonymous said...

ကွာခြားတာတွေ လိုက်ယှဉ်လိုက်မှ စိတ်ညစ်စရာတွေချည်းဖြစ်သွားမယ်။
ယှဉ်စံရှားတဲ့ မြန်မာပြည်ကို ဘယ်ယှဉ်နိုင်မည်တုန်း

PP said...

Everything u mentioned like ရန်ကုန်က လေးဘီးကား၊ မန္တလေးက သုံးဘီးကား၊ လိပ်ခုံးကား are the best in 1950s among Southeast Asia countries.
Hee Be proud of it then. @,@

FYI: My friends from here thinking of importing used cars to Burma as soon as they know the car prices in Burma. lol :D :D :D

Anonymous said...

ကွာလွဲမှုတွေကို ပီပီပြင်ပြင် နှိုင်းထားပြတာ တစ်မျိုးတစ်ဖုံ ဖတ်လို့ကောင်းတယ်

RePublic said...

တီးတို့များ စင်ကာပူအကြောင်းလည်း သိတာပဲ၊၊ တော်ချက်ကတော့...ကောင်းတယ်ဗျာ ..ရေးသာရေး၊၊

အိတာ said...

ရေးသာရေးမိုက်တယ်...အားပေးမယ်...:)