Photobucket

Sunday, August 17, 2008

Fallingwater House of Frank Lloyd Wright


ဒီတစ်ပတ်တော့ ဖရန့် လွိုက် ရိုက် (Frank Lloyd Wright) ရဲ့ ရေတံခွန်အိမ်(Fallingwater House) အကြောင်း ပြောမှာ ဖြစ်ပါတယ်။ ဒီတစ်ခေါက်တစ်လတောင် နောက်ကျသွားပါ၏။ နွေရာသီ အတန်းက အက်ဆေးတွေ၊ ပေပါတွေနဲ့ အလုပ်များနေလို့။ ကျောင်းပြီးပြီးချင်း နောက်တစ်ရက်ကျတော့လည်း မြန်မာပြည်ကို ၁၀ရက်လောက် ကြွမြန်းတော်မူ နေပြန်ရော။ ပြန်ရောက်တော့ ပစ္စည်းတွေရှင်း၊ လူကြုံတွေလိုက်ပို့နဲ့ ရှုပ်နေတာ။ တဘက်ခါ ကျောင်းပြန်မဖွင့်ခင်တော့ ပို့စ်တစ်ခုတော့ အပြီးတင်မှပဲဆိုပြီး ရေးလက်စ ကောက်ရေးလိုက်ပါတယ်။ ကျွန်တော့်ပို့စ်ကိုလည်း တင်နိုးနိုးနဲ့ စောင့်ဖတ်နေတဲ့ ပရိသတ်တွေကိုလည်း ကျေးဇူးတင်ကြောင်းပါ။ ကျွန်တော်ရေးရင် အချိန်တော်တော် ယူရေးရပါတယ်။ တစ်ခါတစ်လေ ပို့စ်တစ်ခုတင်ဖို့ တစ်ရက်လုံး ကြာတတ်တယ်။ အချက်အလက်တွေ မှန်မမှန်၊ အရေးအသား အဆင်ပြေမပြေ အကုန်ပြန်စစ်၊ စာဖတ်သူတွေ မရှင်းနိုင်ဘူး ထင်ရင် ပြန်ပြင်၊ ဒီကြားထဲ ဗိသုကာဝေါဟာရ ကလည်း မြန်မာလိုမသိဆိုတော့ ချာလပတ်ကို ရမ်းနေတာပဲ။ အဲဒါတောင်မှ ရေးတာက ထစ်ငေါ့ချင်သေး။ ဒါကြောင့်မို့ ပို့စ် တစ်ခုတင်မယ်ဆိုရင် တော်တော်စဉ်းစားယူရတယ်။ နည်းနည်းရေးလိုက်၊ အီလေးဆွဲလိုက်၊ ကျောင်းစာလုပ်လိုက်၊ စိတ်ရှုပ်လာရင် ရပ်ထားလိုက်နဲ့ တီးအော်တော့ မှ လန့်လန့်နိုးပြီး ကမန်းမတန်း အချောသတ်ရတယ်လေ။ ဟီးဟီး။ ကဲ အကြောင်းပြချက် တွေလည်း များပြီ။ ပြောရမယ့် ဗိသုကာ အကြောင်း စ ရအောင်။

ဒီရေတံခွန်အိမ်ကို အက်ဒ်ဂျာ ဂျေ ခေါ့ဖ်မင်း (Edgar J. Kaufmann) နေအိမ်လို့လည်း သိကြပါတယ်။ ရေတံခွန်အိမ် ဆိုပြီးတော့ လူသိ ပိုများ တာပေါ့။ ၁၉၃၅ ခုနှစ်မှာ နာမည်ကျော် အမေရိကန် ဗိသုကာပညာရှင် ဖရန့် လွိုက် ရိုက် က စီးပွားရေးလုပ်ငန်းရှင် ခေါ့ဖ်မင်း အပ်တဲ့အတွက် ဒီဇိုင်းဆွဲပေးတာ ဖြစ်တယ်။ နွေရာသီ မိသားစု စံအိမ် ဖြစ်ပါတယ်။ သူတို့ အရင် နွေရာသီ စံအိမ်က သေးပြီး ပတ်ဝန်းကျင် ဆူညံတာကြောင့် တိတ်ဆိတ်တဲ့ သဘာဝ ပတ်ဝန်းကျင်ရှိတဲ့ နေရာမှာ ရွေးဆောက်တာပါ။ ပင်ဆီဗေးနီးယား ပြည်နယ် (Pennsylvania) မှာ ဆောက်လုပ်ထားတာဖြစ်ပြီး ပစ်စ်ဗဗ်(Pittsburgh) မြို့ရဲ့ အရှေ့တောင် မိုင်၅၀မှာ တည်ရှိပါတယ်။ ကမ္ဘာကျော် တိုမ်း (Time) မဂ္ဂဇင်း က ရိုက် ရဲ့ အလှပဆုံး ဒီဇိုင်းလို့ချီးကျူးပြီး စမစ်ဆိုးနီးရမ်း (Smithsonian) မဂ္ဂဇင်းကတော့ အချိန်မနှောင်းခင် သွားလေ့လာရမယ့် နေရာတစ်ခု အဖြစ်သတ်မှတ် ထားပါတယ်။

ခေါ့ဖ်မင်း မိသားစုကတော့ ရိုက်(Wright)ဆွဲပေးတာ ရေတံခွန် မြင်ကွင်းပါမယ့် အိမ်ပုံစံ ထွက်လာမှာပဲလို့ တွက်ထားတာ၊ တစ်ကယ်လည်းထွက်ရော၊ ဟော ပြောင်းပြန်။ ရေတံခွန်ပေါ် ရောက်နေရော။ ရေတံခွန် မြင်ကွင်းကို ပြတင်းပေါက်က လှမ်းမမြင်နိုင်ဘူး။ ရေစီးကျသံတော့ အသေအချာ ကြားတာပေါ့။ ရိုက် က ဘာပြောလဲ ဆိုတော့ “ရေတံခွန်နဲ့ အတူ ထဲထဲဝင်ဝင် နေစေချင်တယ်၊ ရေတံခွန်ကို သတိရမှကြည့်လိုက် တော်ကြာမေ့လိုက် မဖြစ်စေရအောင်” တဲ့။ ကဲ ပြီးရော။ သူက သဘာဝသမားလေ။ အခုခေတ်လိုပဲ ထူးထူးဆန်းဆန်း ဆောက်တော့မယ် ဆိုတော့ လူတွေအကုန် စိတ်ဝင်စား ကြတာပေါ့။

ဒီဇိုင်းကို ရိုက် ကိုယ်တိုင်ရေးပြီး ၁၉၃၆ခုနှစ်မှာ ပင်မအိမ်ကို စတင်ဆောက်လုပ်ပါတယ်။ ဆောက်လုပ်ရေး စ တော့ ခေါ့ဖ်မင်း၊ ရိုက် နဲ့ ဆောက်လုပ်ရေး ပညာရှင်တွေနဲ့ ပြဿနာ တက်ပါသေးတယ်။ ခေါ့ဖ်မင်းက ရိုက်ရဲ့ ဒီဇိုင်းကို အတိုင်ပင်ခံ အင်ဂျင်နီယာတွေကို ပြန်လေ့လာ စစ်ဆေးစေပါတယ်။ သူက ရိုက်ရဲ့ သံကူကွန်ကရစ် နည်းပညာ အသုံးချမှုကို သံသယ ရှိလို့ပါ။ စစ်ဆေးတွေ့ရှိချက်တွေ ထွက်လာတော့ ရိုက်က ကန့်ကွက်ပြီး ခေါ့ဖ်မင်းကို ချက်ချင်းပဲ သူ့ပုံစံအတိုင်းသာဆောက်ဖို့နဲ့ မဟုတ်ရင် သူဒီပရောဂျက်ကနေ ပြန်ရုတ်သိမ်းမည် ဖြစ်ကြောင်း သတိပေးပါတယ်။ (ကဲ ကြည့်ပေတော့၊ ဗိသုကာပညာရှင်နဲ့ အင်ဂျင်နီယာတွေကြား ပြဿနာ၊ ကျွန်တော် ပြောဖူးပါတယ် ဗိသုကာ အကြောင်း ရှင်းတုန်းက) ဒါနဲ့ အိမ်ရှင်လည်း တောင်းတောင်းပန်ပန်နဲ့ အင်ဂျင်နီယာရဲ့ တင်ပြချက်တွေကို ဆောက်လက်စ အိမ်ထဲမှာ အပြီးအပိုင်ကို ထည့်မြုပ်လိုက်ပါလေရော။ ခေါ့ဖ်မင်း ပူရင်လည်း ပူချင်စရာ။ ရေတံခွန်ပေါ်မှာ ဆောက်တယ် ဆိုတာလွယ်တာမှ မဟုတ်တာ။ ပြီးတော့ ၁၉၃၆ နော်၊ အခုခေတ်လို စက်ကိရိယာ တွေက ခပ်ရှားရှား။


ဆောက်နေတုံးလည်း ပြဿနာပေါင်း သောင်းခြောက်ထောင်။ ကွန်ထရက်တာ (ဆောက်လုပ်ရေး လုပ်ငန်း ကြီးကြပ်သူ) ဝေါလ်တာ ဟောလ် (Walter Hall) ကလည်း အင်ဂျင်နီယာ။ သူကလည်း ကိုယ်ဟာကိုယ် တွက်ချက်ပြီး ပထမထပ် ကွန်ကရစ် ကြမ်းပြင်ကို သံကူများများ ယူဖို့ ပြောတယ်။ ရိုက်က လက်မခံ။ နောက်တော့ ဟောလ်က သံကူကို နှစ်ဆ တိတ်တိတ်လေး ထည့်လိုက်တယ် ဆိုပဲ။ တစ်ချို့ ကြတော့ ခေါ့ဖ်မင်းက တောင်းဆိုလို့ သူ့ရဲ့အတိုင်ပင်ခံ အင်ဂျင်နီယာတွေ ပြန်ပြင်ဆွဲခိုင်းပြီး ရိုက် ခွင့်ပြုတဲ့ သံမဏိ အရေအတွက်ထက် နှစ်ဆတိုး ထည့်လိုက်တယ်တဲ့။ ဒီဆတိုး ထည့်လိုက်တဲ့ အလေးချိန်တိုးစေရုံသာမက တစ်ခုနဲ့တစ်ခု ကပ်နေအောင်ထည့်ထားလို့ ကွန်ကရစ်က ၄င်းတို့ကြား မပြည့်နိုင်ဘူးဖြစ်သွားပြီး ကြမ်းပြင်ရဲ့ ထောက်ကန်အားကို နည်းသွား စေတယ်။ အဲတော့ အောက်ထိန်း အနည်းငယ်သာရှိတဲ့ cantilever ကြမ်းပြင်က အိကျရော။ (Cantilever ဆိုတာ ဒေါင်လိုက် ထောက်ကန်အား နည်းနည်းနဲ့ အလျားလိုက် မျက်နှာပြင်ကို ပိုထိုးထွက်ထားခြင်းပါ။ ရေကူးကန်တွေမှာ အပေါ်အောက် ရမ်းတဲ့ ဒိုင်ဗင်ထိုးစင်သိတယ်ဟုတ်၊ အဲ့လိုမျိုး ပုံကိုပြောတာ၊ ရှင်းရတာခက်ပါပေ့၊ သိရင်ကူရှင်း ပေးကြပါဗျ) အဲ့လိုပဲ structural problem တွေငြင်းကြ ခုန်ကြနဲ့ ဆောက်လိုက်တာ တစ်နှစ်နေတော့ ပင်မအဆောက်အအုံ ပြီးသွားတယ်။



ဆောက်လုပ်တဲ့အချိန်မှာ ကုန်ကျငွေ $ ၁၅၅,၀၀၀. အိမ်က $ ၇၅၀၀၀၊ အပြီးသတ်နဲ့ ပရိဘောဂ က $ ၂၂၀၀၀၊ ဧည့်သည်ဆောင်၊ ကားဂိုဒေါင်၊ အလုပ်သမားဆောင်က $ ၅၀၀၀၀၊ ဗိသုကာပညာရှင်ဖိုးက $ ၈၀၀၀ ပါ။ လွန်ခဲ့တဲ့ ၇၂နှစ်က တန်ဖိုးနဲ့ ယခု ငွေကြေးဖောင်းပွမှုနှုံးနဲ့ ဆိုရင် $ 2.3 မီလီယံ ကျပါတယ်။

ခေါ့ဖ်မင်း မိသားစုက ၁၉၃၇ ကနေ ၁၉၆၃ အထိ အသုံးပြုသွားပါတယ်။ ၁၉၆၃ခုနှစ်မှာ ခေါ့ဖ်မင်းက အနောက် ပင်ဆီဗေးနီးယား ထိန်းသိမ်းစောင့်ရှောက်ရေး (Western Pennsylvania Conservacy) အဖွဲ့ကို လှူဒါန်းလိုက်ပါတယ်။ ၁၉၆၄မှာ ပြတိုက်အနေနဲ့ လူထုကို ဖွင့်လစ်ပေးခဲ့ပြီး ဇန်န၀ါရီ ၂၀၀၈ အထိ လူပေါင်း သန်း ၅၀ နီးပါး လာရောက် လေ့လာခဲ့ ပြီးဖြစ်တယ်။ တစ်နှစ်ကို လေ့လာသူ ၁၂၀,၀၀၀ ကျော် ရှိပါတယ်။ ရေတံခွန် ပေါ်မှာ ဆောက်ထားတဲ့ အတွက် စိုစွတ်မှုဒဏ်နဲ့ မှိုပြဿနာတွေကြောင့် တော်တော် ထိန်းသိမ်းရပါတယ်။ ရိုက်ရဲ့ cantilever ကြမ်းပြင်ကလည်း သူထင်ထားသလို မဟုတ်ပဲ ပြဿနာတွေ တွေ့တဲ့အတွက် ပြန်လည် ပြုပြင်ရပါတယ်။ ယာယီထောက်ကူတိုင်တွေ တပ်ဆင်ပြီး cantilever ကြမ်းပြင်တွေကို post-tensioned concrete နဲ့ ထိန်းသိမ်းရပါတယ်။ ဒါတွေအားလုံးကို အထက်ပါအဖွဲ့ကပဲ မူလ ဒီဇိုင်းပုံစံတွေကို အသေးစိတ် ပြန်လေ့လာ၊ အဆောက်အအုံ ဖွဲ့စည်းပုံတွေကို ပြန် remodel လုပ်၊ ပြုပြင်ထိန်းသိမ်းရေး အစီအစဉ်တွေ ကိုဆွဲ၊ စီမံကိန်းချပြီး လုပ်ဆောင်သွားပါတယ်။






ဒီရေတံခွန်အိမ် က ရိုက်ရဲ့ မြောက်မြားလှစွာသော masterpiece တွေထဲက တစ်ခုပေါ့။ အိမ်ရဲ့ ကြီးကျယ်ခမ်းနားမှု၊ လှုပ်ရှားသက်ဝင်မှု၊ အံသြဖွယ် သဘာဝ ပတ်ဝန်းကျင်နဲ့ ပူးပေါင်း ဆက်စပ် မြှင့်တင် နိုင်မှု တွေကြောင့် နာမည်ကြီးခြင်း ရခြင်းဖြစ်တယ်။ ရိုက်ရဲ့ ရှိရှိသမျှ အသေးစိတ် ဒီဇိုင်း တွေ အနုစိတ်ဆွဲထားတာကို ပုံတွေမှာ တွေ့မြင်နိုင်ပါတယ်။ အိပ်ခန်းတွေကို သေးသေးနဲ့ မျက်နှာကျက်နိမ့်နိမ့် လုပ်ထားပါတယ်တဲ့။ လူတွေကို အိပ်ခန်းထဲမှာ မနေစေချင်ပဲ ကျယ်ဝန်းပြီး စကားလက်ဆုံကျလို့ ကောင်းတဲ့ အခန်းတွေ၊ ပြန့်ပြူး တဲ့ ၀ရံတာတွေမှာ ပိုနေစေချင်ပြီး သဘာဝကို ခံစားစေချင်လို့ ထင်ပါတယ်။ အိမ်အတွင်း အပြင်အဆင်အစ ပရိဘောဂအဆုံး အသေးစိတ်ကို ရိုက်ကိုယ်တိုင် ခံစားရေးဆွဲသွားတာပါ။





အိမ်နေရာ အနှံ့ ကြားရတဲ့ ရှင်သန်လှုပ်ရှားနေတဲ့ ချောင်းရေစီးသံ၊ သဘာ၀၀န်းကျင်၊ ဒေသတွင်းထွက် တွေနဲ့ သာ လုပ်ထားတဲ့ ကျောက်နံရံ နဲ့ အနီးအနားရှိ သဘာဝကျောက်တောင်တွေနဲ့ ဆင်တူတဲ့ ကျောထောက်ကန် ထိုးထွက်နေတဲ့ ရင်ပြင်တွေဟာ အလွန်ကိုပဲ ပနံသင့်လှပြီး ညီညွတ်နေပါတယ်။ အိမ်တစ်ခုလုံး ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေ ဖြစ်မှုက ရိုက်ရဲ့ သဘာဝဆန်မှု အပေါ် စိတ်ဝင်စားကြောင်း ပေါ်လွင်ပါတယ်။ ဒီဇိုင်းက ကြီးမားကျယ်ဝန်းတဲ့ ပြတင်းတံခါးတွေနဲ့ ၀ရံတာတွေကို အလေးပေးထားပြီး ပတ်ဝန်းကျင်နဲ့ နီးစပ်နေမှုကို ရယူထားပါတယ်။ ခံစားမှုအထွတ်အထိပ် ဖြစ်စေမယ့်နေရာကတော့ အဆောက်အအုံကနေ အောက်မှာ စီးဆင်းနေတဲ့ ရေတံခွန်ကို အရောက် တိုက်ရိုက်ပို့ပေးမယ့် အတွင်းလှေကားပဲဖြစ်ပါတယ်။ နောက်ပြီးတော့ ဧည့်သည်ဆောင်နဲ့ ပင်မဆောင်ကို ဆက်သွယ်ပေးတဲ့ ”ပေါင်းကူးတံတား” ကလည်း ရေတံခွန်ကို ငေးမောရင်း အလွမ်းပြေ လျှောက်ချင်စရာလေးပါပဲ။ အားလုံးချုံပြီးပြောရရင် ရိုက်ရဲ့ ရေတံခွန်အိမ်က သဘာဝတရားနဲ့ အလွန် ဆက်စပ်မှုရှိတဲ့ အလျောက် အေးချမ်းပြီး လူကို အပန်းပြေစေပါတယ်။ သူ့ရဲ့ ဗိသုကာအစွမ်းနဲ့ ရေးဆွဲသွားခဲ့တဲ့ ဒီအိမ်ဟာ မွန်းကျပ်တဲ့ မြို့ပြမှာနေထိုင်ရတဲ့ သူတွေအဖို့ ထွက်ပြေးလွတ်မြောက်ရာ နေရာတစ်ခုပေပဲပေါ့။ သဘာဝကျောက်ဆောင် ကနေ ထိုးထွက်လာသယောင် ထင်ရတယ့် ကဗျာဆန်ပြီး စိတ်ကူးယဉ်ချင်စရာကောင်းမယ့် ဒီရေတံခွန်အိမ်ကို စာဖတ်သူတွေ အခွင့်ကြုံရင်သွားလည်ကြည့်ကြပေါ့။ ကျွန်တော်တော့ မလည်ရသေးဘူး။ လည်ဖို့ စိတ်ကူးတော့ရှိတယ်။

ကဲဒီတစ်ခေါက်တော့ ဒီမှာပဲ ကျေနပ်နိုင်ကြမယ်လို့ မျှော်လင့်ပါတယ်။ အိမ်ရဲ့ ၃ဖက်မြင် ပုံစံကို google earth ရှိရင် ရှာပြီး ရှုစားတော်မူကြပေါ့ဗျာ။ စိတ်ဝင်စားဖို့ကောင်းပါတယ်။
လာမည်ကြာမည်…
လင်းစစ်သူ

စာကြွင်း။ ။Fallingwater ကို ကပ်ရေးရပါမယ်။ falling နဲ့ water ကို space မခြားရပါဘူး။ google earth မှာ space ခြားရှာရင် ယူအက်စ် က အိမ်ကိုမရောက်ပဲ ယူကေကို ရောက်သွားလိမ့်မယ်။
အသေးစိတ်ထပ်သိချင်ရင် www.fallingwater.org ကိုသွားကြည့်ပါ။ ကျေးငှက်သံတွေ၊ ရေတံခွန်သံတွေက သင့်ကို ဆီးကြိုနေပါလိမ့်မယ်။ လည်ချင်ရင် ticket info တွေလည်းအဲဒီမှာ ရှိပါတယ်။
အထက်ပါအကြောင်းအရာများကို www.fallingwater.org နဲ့ wikipedia တို့မှ ကိုးကားပါတယ်။

6 comments:

မေသူပိုင် said...

စိတ်ဝင်စားစရာကောင်းတဲ့ပို့စ်လေးအတွက်တော့ကျေးဇူးပါ
ပလောင်တောင်တတ်နှေးတယ်သဘောပေါ့
ပိုစ်တစ်ခုတစ်ခုကို အချိန်ယူပြီးသေချာဂ၇ုတစိုက်တင်ပြပေးတဲ့အတွက်ကျေးဇူးပါ
အားပေးလျက်
မေသူ

Anonymous said...

တော်တော် စိတ်ကူးကောင်းတာပဲ ဗျ..း)

စူး said...

cantilever ဆိုတာ နံရ့တဖက်တည်းရဲ့ အားကို အသုံးပြုပီး တည်ဆောက်ထားတာပါ။ တနည်းအားဖြင့် အားပြုထားတဲ့ တဖက်တည်းကို သာ fix ယူထားပီး ကျန်တဖက်ကို free လုပ်ထားတာပါ။ များသောအားဖြင့် cantilever ကို ၄ ပေထက်ပိုပီး ထုတ်ရင် အန္တရာယ်ရှိနိုင်ပါတယ်။ အခုလို အိမ်ပုံစံကို ဖော်ပြပေးလို့ ကျေးဇူးတင်ပါတယ်။
water moisture ကိုတော့ တော်တော်ထိန်းရမယ်ထင်တယ်။ seepage တွေနဲ့ဆိုတော့ တော်တော်လေး တော့ စိုစွတ်အေးမြနေမှာပဲ။ နံရံက ကွန်ကရစ်ထက် ကျောက်သားတွေကိုသုံးထားတာတွေ့ရတယ်နော်..။ အဲဒါ ပိုကောင်းပါတယ်။ ကျောက်သားကိုပဲ shortcrete မှုတ်ထားတယ်ထင်တယ်။
အင်း... တနေ့နေ့တော့ သွားရမှာပေါ့..

PP said...

ဦးလင်းစစ်သူ ဗမာပြည်မှာ တော်တော်ပျော်ခဲ့ပေါ့။ ကောင်းပါတယ်ရှင်။ ဒီလိုမျိုးအိမ်တစ်လုံးလောက်ရှိရင် တော်ပြီ။ သိပ်မများပါဘူး။ အဟိ။ :D

Tea said...

ပိုစ့်လေးကောင်းပါတယ်..
လင်းဂျစ်သူလည်း ကျုပ်ကို နောက်ကျရင် ဒီ့ထက်ကောင်းတဲ့ ဒီဇိုင်းတွေနဲ့ အိမ်မျိုး ဆွဲပေးနိုင်ပါစေသား... (FOC နော်)

Suburban Area said...

တင်ပြပေးတဲ့ အိမ်ကိုတော့အရမ်းကြိုက်သွားပြီးးးတခါထဲဈေးဖြတ် ဟဟ...ရေပေါ်မှာဆောက်တဲ့အိမ်မိုက်မိုက်လေးရှိလားးး