Photobucket

Sunday, September 14, 2008

Pyramide de Louvre


ကဲ။ မင်္ဂလာပါ။ ဒီတစ်ခေါက်တော့ ပြင်သစ်မှာရှိတဲ့ လု(ဗ်)ပိရစ်မစ် ကြောင်းပြောရအောင်။ ဗိသုကာ ပရိသတ်နဲ့ ကျွန်တော်နဲ့ တော်တော်ကြာပြီနော်မတွေ့တာ။ ဖတ်တဲ့သူတွေ ရှိကောရှိသေးရဲ့လား မသိဘူး။ ဒီတစ်ခေါက်တော့ အကြောင်းပြချက်တွေ မပေးတော့ဘူး။ လင်းစစ်သူ သေနေပြီလို့ ကောလဟာလတွေ တော့ ထွက်နေတာတော့ ကြားပါရဲ့။ apple သူဌေး စတိဖ် ဂျော့ဘ် ပြောသလိုပဲ ကျွန်တော် သေပြီဆိုတာ အရမ်းအရမ်း ပုံကြီး ချဲ့ထားခြင်းပါ။ ကျန်းကျန်းမာမာ ရှိနေသေးကြောင်းပါဗျာ။ (ဘလော့ သိပ်မရေးနိုင်တာ တစ်ခုပဲ။ ဆီဗုံးလည်း မလာနိုင်ဘူး။ ပြောစရာရှိရှင်တော့ email ပို့ပေါ့ဗျာ။ ရှိမယ်လည်း မထင်ပေါင်။)


လု(ဗ်)ပိရစ်မစ်ကို ကြည့်ရအောင်ဗျာ။ ပြင်သစ်ဗိသုကာ ပညာရှင်ဆွဲတာတော့ မဟုတ်ဘူး။ တရုတ်-အမေရိကန် နိုင်ငံသား ကမ္ဘာကျော် ဗိသုကာရှင် Ioeh Ming Pei ဆွဲထားတာဖြစ်ပါတယ်။ သူကလည်း Prizker Prize ရတဲ့သူပဲ။ အဲ့ဒီဆုအကြောင်း ပြောမယ်ဆိုပြီး မပြောရသေးဘူး။ နောက်အပတ် ဗိသုကာအတွက် အဲ့ဒါ ပြောပြမယ်။ ပြင်သစ်နိုင်ငံ ပဲရစ်စ်မြို့တော်မှာရှိပြီး မြူဇေး ဒျူ လု(ဗ်) (Muse’e du Louvre) ရဲ့ ရင်ပြင်မှာ တည်ရှိပါတယ်။ လု(ဗ်) ပြတိုက်က ကမ္ဘာကျော် ပန်းချီကားတွေ ရှိတဲ့နေရာလေ။ မိုနာလီဇာ ပန်းချီကားလည်း အဲ့ဒီမှာပဲ။ ပင်မ ပြတိုက် အဆောက်အအုံ က ရှေးဟောင်းဗိသုကာ လက်ရာပါ။ ရင်ပြင်မှာ ထပ်ပြီးဖြည့်စွက် ဆောက်ထားတဲ့ ယခုပြောတဲ့ ပိရစ်မစ်က ၁၉၈၉ခုနှစ်မှပြီးထားတာပါ။ ဆောက်ပြီးတော့ ဒီပိရစ်မစ်က အီဖယ်လ်မျှော်စင်နဲ့ အတူ ပဲရစ်မြို့ရဲ့ ထင်ရှားတဲ့ အဆောက်အအုံဖြစ်လာတာပေါ့။

ဒီပိရစ်မစ်ကို ကြီးမားတဲ့မှန်တွေ နဲ့ သံမဏိနဲ့ ဆောက်ထားပါတယ်။ ပင်မ ပိရစ်မစ်ကို ပိရစ်မစ်အသေး သုံးခုနဲ့ ၀န်းရံထားတယ်။ အမြင့် ပေ ၇၀ ရှိပြီး စတုရန်းအောက်ခြေက အနားတစ်ဖက်ကို ၁၁၅ ပေရှည်ပါတယ်။ ရွမ်းဗက်ပုံ မှန်ချပ် ၆၀၃ချပ်နဲ့ တြိဂံပုံ မှန်ချပ် ၇၀ သုံးထားပါတယ်။ ပိရစ်မစ်ကြီးကို ဒီဇိုင်းစထုတ်တော့ ပြောခံရပါသေးတယ်။
လူတော်တော်များများက ခေတ်ဆန်လွန်းတဲ့ ဒီအဆောက်အအုံက ရှေးဟောင်းပြတိုက်ဖြစ်တဲ့ လုဗ် နဲ့ ဘယ်လိုမှ မလိုက်ဖက်ပါဘူးတဲ့။ တစ်ချို့ကြတော့လည်း မတူညီတဲ့ အသွင်နှစ်ခုကို ယှဉ်လျက် ကပ်ဆောက်ထားတဲ့အတွက် ဗိသုကာစတိုင်လ် နှစ်ခုခြားနားချက်ကို ပေါ်လွင်စေပြီး ခေတ်ဟောင်းနဲ့ ခေတ်သစ် ဗိသုကာကို အောင်မြင်စွာ ပေါင်းစည်းစေ့စပ် ပေးနိုင်တာကို အသိအမှတ်ပြုပါတယ်တဲ့။ Pei ကတော့ ‘Solid is for the dead, transparent is for the living’ တဲ့။ အီဂျစ်က ပိရစ်မစ်တွေကို ရည်ညွန်းပြောတယ် ထင်ပါတယ်။ အကုန်လုံးက အတုံးလိုက် အတစ်လိုက်တွေလေ။ အထဲမှာ မံမီလောင်းနဲ့ ရတနာတိုက်တွေပဲရှိတယ်။ ဒီကြည်လင်တဲ့ ပိရစ်မစ်ကတော့ ယခုသက်ရှိလူသားတွေ ခံစားဖို့ အတွက်ပေါ့။


ဘယ်သူတွေ ဘယ်ဝါတွေ ကြိုက်ကြိုက်မကြိုက်ကြိုက်၊ ဒီ လု(ဗ်) ပလာဇာပေါ်မှာ ထိုင်နေတဲ့ ပိရစ်မစ်ကြီးရဲ့ အသုံးဝင်ပုံတွေကိုတော့ချီးကျူးရပါလိမ့်မယ်။ ကမ္ဘာ့အကြီးဆုံးပြတိုက်ရဲ့ ပိရစ်မစ်ဝင်ပေါက်ဟာ တစ်ဖက်တစ်ချပ်ဆီမှာ ရှိတယ့် အဆောင်တွေကို မြေအောက်လှိုဏ်ခေါင်းကနေ သင့်ကို ခေါ်ဆောင်သွားဖို့ သူ့ရဲ့ ညှို့ယူဖမ်းစားစေမယ့် အဆောက်အအုံတစ်ခုအဖြစ်ပေါ့။ ပြတိုက်မူလ ၀င်ပေါက်က နေ့စဉ်နေ့တိုင်း များပြားလှတဲ့ ဧည့်သည်ဦးရေကို ၀န်ဆောက်မှုမပေးနိုင်တော့ အခု လု(ဗ်)ပိရစ်မစ်ကနေ ၀င်ရပါတယ်။ ပိရစ်မစ်ထဲဝင်ပြီးရင် မြေအောက်ကို နိမ့်ဆင်းသွားပြီး ကျယ်ကျယ်ဝန်းဝန်းရှိလှတဲ့ ဧည့်ကြိုဆောင်ကို ရောက်ပါတယ်။ ပြီးတော့မှမြေအောက် ကနေ ပင်မပြတိုက် အဆောင်တွေကို ပြန်ရောက်ပါတယ်။ မြေအောက် ဖွဲ့စည်းပုံကလည်း ရှုပ်ထွေးတယ်လို့သိရတယ်။ အသေးစိတ်တော့ လင်းစစ်သူလည်းမဖတ်ရပါ။ ပိရစ်မစ် အသေးလေးတွေက မြေအောက်အဆောင်တွေကို အလင်းဝင်စေဖို့နဲ့ လေ လည်ပတ်မှုအတွက်ပါ။




ဒီဇိုင်းကိုကြည့်မယ်ဆိုရင် ဂျီသြမေထရစ် ဖြစ်တဲ့ဒီဇိုင်းပေါ့။ ရွမ်းဗက်၊ တြိဂံ၊ စတုရန်း စတဲ့ ထောင့်ချိုးတွေပေါ် အခြေခံထားတဲ့ အတွက်ကြောင့်ပါပဲ။ အဲ့ဒီဒီဇိုင်း ဂုဏ်သတ္တိတွေဟာ ခန်းနားခြင်း၊ ခိုင်မာခြင်း၊ တောင့်တင်းခြင်း အစရှိတာတွေကို ဖော်ပြတယ်။ မှန်အချိတ်အဆက်စတဲ့ အသေးစိတ်ကိုလည်း လှပအောင်လုပ်ထားတယ်။ ပုံမှရှုပါ။ ချုံပြောရမယ်ဆိုရင် ရှင်းလင်း သေသပ်ပြီး ရိုးအီမသွားနိုင်တဲ့ ပိရစ်မစ် ပုံသဏ္ဌာန် ဟာ ကြည်လင်တဲ့မှန်ချပ်တွေနဲ့ တောင့်တင်းတဲ့ သံမဏိအဆက်တွေပေါင်းစည်းလို့ ပျူငှာစွာ ကြိုဆိုနေသလို လူတွေကို ဖမ်းစားနိုင်ပါတယ်။ အဝေး ခရစ်စတယ်လ်တုံး တစ်တုံးလို ဖြစ်နေတဲ့ ဒီပိရစ်မစ်က ရောင်စုံမီးထွန်းလိုက်ရင် ရင်သတ်ရှုမောလှအောင် အသက်ရှုရပ်သွားလောက်အောင် လှပပါတယ်။ စာဖတ်သူတွေလည်း ပုံကိုကြည့်ပြီး ဆက်လက်ရှုစားကြပေါ့ဗျာ။ အခွင့်အခါရှိလို့ ကြုံရင်လည်း ၀င်လေ့လာကြပေါ့။ ဂန္တ၀င်ဆန်တဲ့ ဒီပဲရစ်စ်မြို့ကို ကံများပါရင် လင်းစစ်သူတို့ ချစ်သောသူနဲ့ သွားလည်ချင်ပါတယ်။ (ကြော်ငြာဝင်တာမဟုတ်ဘူးနော်။) ဒီတစ်ခေါက်တော့ ဒီလောက်နဲ့ပဲ ကျေနပ်ပေးပါကွယ်။

လင်းစစ်သူ

4 comments:

PP said...

လှတယ်ဗျာ။ ပြင်သစ်သွားချင်လာပြီ
လေယာဉ်လက်မှတ်ဝယ်ပေး။ :P :P :P

အိတာ said...

လက်မှတ်နှစ်စောင်ဝယ်ပေး....:D..
ဝေမျှတာကျေးဇူး...
ပြင်သစ်မှာဒါရှိမှန်းတောင်မသိဘူး...(ခေါင်းပါတာ ဗဟုသုတပြောပါတယ်..) :P

သိပံ္ပမောင်ပိန် said...

Da Vinci Code ရုပ်ရှင်ထဲမှာစတွေ့တုန်းကအတုလို့ထင်ခဲ့တယ်...

Tea said...

ဘယ်ရုပ်ရှင်ထဲမြင်ဖူးလဲလို့စဉ်းစားနေတာ.. အခုမှသိတယ်.. :D