Photobucket

Thursday, September 25, 2008

မြန်မာအစိုးရ နှင့် မြန်မာသံရုံး ၏ ရပ်တည်မှု


ကျမ အဘိုးသည် နိုင်ငံရေးသမား တစ်ယောက် မဟုတ်သော်ငြားလည်း နိုင်ငံ၏ အရေးအခင်းတွင် ပူးပေါင်းပါဝင် ခဲ့ဖူးသော ပြည်သူ တစ်ယောက် ဖြစ်သည်။ မနက်ခင်းနဲ့ ညနေခင်းဆို ရေဒီယို တစ်လုံးနဲ့ အလုပ်ရှုပ်နေတဲ့ ဘိုးဘိုးကို အဘွားက " တော့် ရေဒီယိုသံ ကလည်း တဗြဲဗြဲနဲ့ နားငြီး လိုက်တာ တော် " ဆိုတဲ့ အဘွားရဲ့ ပွစိပွစိ ရန်ထောင်သံက လည်း နေ့စဉ် ၀တ္တရား မပျက် ပူညံပူညံ လုပ်ခဲ့သည်။ ကျမ သည် အဘိုးနှင့် အဘွား လက်ထဲတွင် အနေများသော အဘိုးအဘွား၏ အချစ်တော်ဖြစ်သည်။ အဘိုး ကိုလည်း ချစ်သလို အဘွား ကို လည်းချစ်သည်။ အဘိုးက အဘွား၏ ပူညံပူညံလုပ်နေသည့်အခါတိုင်း မည်သည့်အခါ မှအခြေ အတင်ပြန်မပြော သူ့ ရေဒီယိုသံ တရှဲရှဲ တဗြဲဗြဲနဲ့သာ အလုပ်ရှုပ်နေ၏။

သတင်းထူး တဲ့နေ့ များ ဆိုလျှင် တစ်အိမ်လုံးကို လက်တို့ပြီး လိုက်ပြော သလို သူ့မိတ်ဆွေ အပေါင်းအသင်း များနှင့်လည်း ဆွေးနွေး လေ့ရှိသည်။ တစ်ခါတစ်ခါ ဘိုးဘိုး ရေဒီယို နားထောင်တဲ့ အနားသွားပြီး အဘိုး ကို ဂျီကျလျှင် ကျမ ကို သူ နားထောင်ထားသော သတင်းများ ကို ပုံပြင် ကဲ့သို့ အသွင် ပြောင်းကာ အသံနေ အသံထား ဟန်ပါပါ သရုပ် ဆောင်ပြီး ပြောပြလေ့ ရှိသည်။ ထို့သို့ အဘိုးက ကျမ ကို ရှင်းပြ တိုင်း ဘွားဘွားကတော့ ထုံစံအတိုင်း" ဟို မြေးအဘိုး နှစ်ယောက် တိုးတိုး သက်သာ ပြောကြ တော်ကြာ တံခါး လာခေါက်လို့ သံတိုင်းနောက် ရောက်နေအုံးမယ် တော်တို့ အဖေ တွေက လွယ်တာ မဟုတ်ဘူး ထစ်ကနဲ ဆို ဖမ်းမယ်ဆီမယ် တကဲကဲနဲ လုပ်နေတာ " ဆိုပြီး ဆေးလိပ်ဖွာရင်း မြည်တွန်တောက်တီး လေ သည်။ အဘိုးကတော့ ထုံးစံအတိုင်း ဘာမှပြန်မပြောဘဲ " အဲဒါသူ့ ၀သီဘဲ ပြောပလေ့စေ" ဆိုတဲ့ အကြည့်နဲ့ ကျမ ကို သူနားထောင်သော သတင်းများ အကြောင်းပြောပြသည်။

တစ်ခါတစ်ရံ တော့ အဘိုးပြောသော သတင်းများကို စိတ်ဝင်တစား နားထောင်ပေမယ့် တစ်ခါတစ်ရံတော့ နားထောင်ရင် နဲ့ အိပ်ပျော်သွားသည်။ ကျမ အရွယ်ရောက်လာသည့်အထိ အဘိုးသည် ရေဒီယို နားထောင်ခြင်းက အဆက် မပြတ် ခဲ့သလို အဘွားကလဲ ပူညံပူညံ အပြောမပြတ်ခဲ့။ "တော်တို့ အဘိုး ကတော့ ဒီမိုကရေစီ ရရှိရေး ဒို့အရေး လို့ အော် ဆန္ဒပြတာ နှစ်တွေကြာပြီ ခုထိမရသေးဘူး ကျုပ်ကတော့ ရေဒီယိုသံက နားငြီးလွန်းလို့ ပူညံပူညံ ဆန္ဒပြလာတာ ခုထိမအောင်မြင်သေးဘူး " ဆိုပြီး အဘွားပြောလိုက်တဲ့ နေ့ က ဘိုးဘိုးမျက်နှာက သိသိသာသာ ပျက်သွားတာကို ကျမ သတိထားလိုက်မိသည်။ ထို့အတွက် ကြောင့် ဘိုးဘိုး မွေးနေ့တွင် ကျမက မှတ်မှတ်ရရ ရေဒီယို ကောင်းကောင်းတစ်လုံးနဲ့ နားကြပ်ကလေးကို ၀ယ်ပြီး လက်ဆောင်ပေးသော အခါ အဘိုးက နှစ်လိုအားရပြုံးပြီး "ဟဲ့ မြကြည် နင်ငါ့ကို ဒီနေ့က စပြီး ပူညံပူညံ နဲ့ ဆန္ဒပြ စရာမလိုတော့ဘူး နင့်မြေးက ငါ့ကို နားကျပ် ပါဝယ်ပြီး မွေးနေ့ လက်ဆောင်ပေးတယ် နင် ဆန္ဒ တွေတော့ အောင်မြင်ပြီ ငါ့ဆန္ဒတော့ ဘယ်တော့များမှ အောင်မြင်မလဲ မသိဘူး" ဆိုပြီး အဘွားကို ပြောရင်း ကျမ ကို ကျေးဇူးတင် စကားဆိုသော ဘိုးဘိုး မျက်နှာ ဘိုးဘိုး စကားလုံးများကို ကျမ ယနေ့ထက်တိုင် ကြားယောင် နေမိသည်။

တစ်ခါတစ်ရံကျမ မေးသော မေးခွန်းများကိုလည်း ဂရုတစိုက်နဲ့ လေးလေးစားစား ပြန်ဖြေ သည့် အတွက် အမြဲကျေနပ်ခဲ့သည်။ "ဘိုးဘိုး လူတွေက အဲဒီလောက် သန်းရွှေကြီးကို မုန်းတာ ဘာလို့ သွားမသတ်ကြတာလဲ ဟင် … မကျေနပ်တဲ့လူတွေ စုပြီး သွားသတ်လိုက်ကြတာ မဟုတ်ဘဲနဲ့ "လို့ ကျမ က ပြောတော့ "ငါ့မြေးရယ် လမ်းဘေးက ခွေးနဲ့လူ မယှဉ်ရဘူးကွယ့် ခွေးဆိုတော့ ခွေးလိုဘဲ အူပြတတ်တယ် ခွေးအလုပ်ဘဲ လုပ်တတ်တယ် ခွေးလိုဘဲ အုပ်ချုပ် တတ်မှာပေါ့ အဲတော့ လူတွေလဲ အဲဒီခွေးကို ရိုက်ထုတ်ဘို့ ကြိုးစား ကြပါတာဘဲ ခက်တာ က ဒီခွေးတွေက လက်နက်ရှိတယ် ခွေးဆိုတော့ ခွေးဦးနှောက်နဲ့ လက်နက်ကို လက်သရမ်းပြီး လုပ်ချင်တိုင်း လုပ်ပစ်ချင်တိုင်း ပစ်နေတော့ လူတွေလဲ ရသလောက်ဘဲ တိုးနိုင်တော့တာပေါ့ ငါ့မြေးရယ်" ဆိုပြီး မာန်ပါပါ နဲ့ ပြောပြနေတဲ့ အဘိုးရဲ့ အသံနေအသံထားကို ကျမ ယနေ့ ထက်တိုင် ကြားယောင် နေမိ ပါသေးသည်။ သာမန်ပြည်သူ တစ်ယောက် ဖြစ်သော ကျမ အဘိုး၏ ကလေး တစ်ယောက် အပေါ် လေးလေးစားစား ဖြေသော အဖြေစကား အတွက် ကျေနပ် မိသည်။

ကျမ သည် နိုင်ငံရေး သမား တစ်ယောက် မဟုတ်သလို နိုင်ငံရေးနှင့် ပတ်သတ်လျှင်လည်း အစွန်းရောက်ပြီး သူများယောင်လို့ လိုက်ယောင်ခဲ့သူ တစ်ယောက် မဟုတ်ခဲ့ချေ။အဘိုးနှင့် အနေနီးလို့ လားတော့ မပြောတတ် နိုင်ငံ၏ အရေးကို စိတ်ဝင်စားသူ တစ်ယောက် ဖြစ်ခဲ့သလို ကိုယ့်ကိုယ်ပိုင် အယူအဆ ယုံကြည့်ချက်ဖြင့်သာ ရပ်တည်ခဲ့သည်။ ကျမ အဘိုး သည် ကျမ ငယ်စဉ် က တည်းက သတင်း များစွာ ကို ကျမ ကို ပြောပြခဲ့ဖူး သည် မှတ်မိသည့် အကြောင်း အရာ များ ရှိသလို မမှတ်မိသည့် အကြောင်းအရာများ လည်းရှိသည်။ ကျမ နှစ်သက်သော အကြောင်းအရာ တစ်ခုကို အနည်းငယ် ဝေမျှချင်မိသည် .. အဲဒီအချိန်က ကျမ အသက် ခပ်ငယ်ငယ်ပင် ရှိပါသေးသည်။ ခုနှစ် အတိအကျကိုတော့ ကျမ မမှတ်မိ ဖီလစ်ပိုင် အမျိုးသမီး တစ်ဦးသည် မလေးရှား နိုင်ငံသို့ တရားမ၀င် သွားရောက် ကာ အိမ်ဖော် အဖြစ် လုပ်ကိုင်ခဲ့သည်။ သူမ ၏ အလုပ်ရှင် က မလေးရှားကုလားဖြစ်သည်။ ထို အလုပ်ရှင် အိမ်ရှင် ကုလားက ဖိလစ်ပိုင် အမျိုးသမီး အိမ်ဖော် ကို မုဒိန်းကျင့်လိုက်၏ ထို အခါ ဖိလစ်ပိုင် နိုင်ငံတွင် ပွတ်လော ရိုက်သွားလေ၏ မလေးရှား အစိုးရကလည်း ထိုကိစ္စ ဖြေရှင်းပေး ရန်ခေါင်းရှောင်ခဲ့သည်။ အဘယ်ကြောင့် ဆိုသော် ထိုမုဒိန်းကျင့် ခံရသော ဖိလစ်ပိုင် အမျိုးသမီးသည် မလေးရှား နိုင်ငံသို့ တရားမ၀င် လာရောက်ပြီး အလုပ်လုပ် သောကြောင့် ဟု ဆိုသော အကြောင်း ပြချက်ဖြင့်သာ ခေါင်းရှောင်နေခဲ့သလို သူ့ ၏ နိုင်ငံသားဖြစ်သော မလေးရှား ကုလားကို လဲ အရေးယူခြင်းမပြုလုပ် ခဲ့ပါ။ ဖိလစ်ပိုင် အစိုးရက ထိုကိစ္စ အတွက် အဆက်မပြတ် ဖိအားပေး တောင်းဆိုခဲ့သော် လည်း မလေးရှား အစိုးရက မလိုက်လျောခဲ့ပေ။ နောက်ဆုံးတွင် ဖီလစ်ပိုင် အစိုးရက ထိုကိစ္စ အတွက် မလေးရှားအစိုးရ အနေနဲ့ ဖြေရှင်း မပေးနိုင်လျှင် သူ့ တို့ နိုင်ငံသား သူ့တို့လူမျိုး မတရား ညှင်းပန်း နှိပ်စက်ခံရမှု အတွက် စစ်ရေး အရ ပင် ရင် ဆိုင် ဖြေရှင်း သွားရန် အဆင်သင့်ရှိကြောင်း စစ်ရေး အရပါ ခြိမ်းခြောက် တောင်းဆိုခဲ့ဖူးသည်" ဖိလစ်ပိုင် အစိုးရ၏ သူ့လူမျိုး သူ့နိုင်ငံသား အတွက် ရပ်တည်ပေးမှု ကာကွယ် ပေးမှု အတွက် ထိုဖြစ်ရပ်ပေါ် အခြေံ၍ လေးစားခဲ့ ဖူးသည်။သူ၏ နိုင်ငံသား တစ်ဦး သူများနိုင်ငံမှာ တရားမ၀င် ၀င်ေ၇ာက်ပြီး အလုပ်လုပ်သော သူတစ်ယောက်မတရား အနိုင်ကျင့် စော်ကားသော ကိစ္စ အတွက် စစ်ရေး အရပါ ခြိမ်းခြောက်ပြီး အကာကွယ် ပေးခဲ့ ဖူးသည့် ကျမ အဘိုးပြောပြသော ဖြစ်ရပ်ကြောင့် ကျမ ရင်ထဲတွင် ဖိလစ်ပိုင် အစိုးရအပေါ်လေးစားခဲ့မိသည်။

ကျမတို့ အစိုးရ ၏ ရပ်တည်မှုကိုတော့ လူကြီးမင်းတို့ ကိုယ်တိုင်သာ သုံးသပ်စေလိုသည်။

မ၀င်းဝင်းမော်ဆိုသော အသက် (၃၆)နှစ်အရွယ် မြန်မာ အမျိုးသမီးတစ်ယောက် သည် မလေးရှား နိုင်ငံသို့ တရားဝင် မြန်မာငွေကျပ် ၁၂ သိန်း တိတိ ၀န်ဆောင်ခ ပေးကာ မလေးရှား နိုင်ငံတွင် မတရား သဖြင့် အချိုး အချောင်ရှာသော မလေးရှားမှ အလုပ်ရှင် နှင့် ကတုံးပေါ် ထိပ်ကွက် အမြီးကျက် အမြီးစား ခေါင်းကျက်ခေါင်းစား ကိုယ့်လူမျိုးအချင်းချင်း အပေါ်ကို မတရားသဖြင့် ပွဲခယူပြီး ခဲ့သော ပွဲစား တို့ ကောင်းမှုကြောင့် မလေးရှားနိုင်ငံတွင် တရားဝင် အလုပ်လုပ်ကိုင် လျက်ရှိရာ ။ လုပ်ခအား မတရားခေါင်းပုံဖြတ်မှုအတွက် မ၀င်းဝင်မော်က ဦးဆောင်ပြီး တောင်းဆိုမှု ကြောင့် မြန်မာနိုင်ငံ သို့ ပြန်ပို့မည် ဟုသော အကြောင်းပြချက်နှင့် နှစ်ထပ်တိုက် ပေါ်တွင် ပိတ်လှောင် ထားခြင်းကို ခံခဲ့ရသောကြောင့် နောက်တစ်နေ့ ညနေ မှာဘဲ အသက်နှင့် အရှက်ကို ကာကွယ်ရန် နှစ်ထပ်တိုက် ပေါ်မှ ခုန်ချသောကြောင့် အတွင်းခါး ပင်မရိုး ကျိုး ကျေသွားခဲ့သည် (http://burmatoday.net/article2005/071123_ma_win_win_maw.swf အဲဒီမှာ အသေစိတ်ကို သွားရောက်ဖတ်ရှုနိုင်ပါတယ် ဘားမားတူဒေးက နေဘဲ ကိုးကား ထားပါတယ်)

ထိုသို့ မ၀င်ဝင်းမော် ဆေးရုံတတ် ပြီး ဆေးကုသမှု ခံယူနေစဉ် သူမ၏ ဗီဇာသက်တမ်း ကုန်ဆုံး သွားသောကြောင့် (over stay ) အဖြစ်ရောက်ရှိ သွားပါသည်။ သူမ၏ ကျန်မာ ရေး အခြေနေ အတွက် အဖွဲ့အစည်း အချို့ မှ တတ်အား သမျှ ၀ိုင်းဝန်းကုသပေးခြင်း နောက်ဆုံး ခရစ်ယာန် အဖွဲ့အစည်း တစ်ခု၏ အကူအညီဖြင့် သူမ၏ ကျန်မာရေးက အရှင်း ပျောက်သွား သော်လည်း သူမ၏ အခြေအနေနှင့် မလေးရှား နိုင်ငံတွင် ဆက်လက် ၍ အလုပ်လုပ် ကိုင်ရန် အဆင် မပြေသောကြောင့် မလေးရှားနိုင်ငံမှ တိတ်တဆိတ်ထွက်ခွာ ရင်း ပျောက်ကွယ်သွား သော မြန်မာ အမျိုးသမီး တစ်ဦး ဖြစ်သော မ၀င်းဝင်းမော်ကို မြန်မာသံရုံး မြန်မာ အစိုးရက မည်သည့် အကူအညီ မည့်သည့် အထောက်အပံ့ မည်သို့သော ရပ်တည်ချက် များနဲ့ ကာကွယ်ပေးခဲ့သနည်း ????????

ဖိလစ်ပိုင် အစိုးရသည် သူနိုင်ငံသား သူ့လူမျိုးတိုင်း တပါးမှာ တရားမ၀င် သွားရောက် အလုပ်လုပ်ကိုင် သူကိုပင် စစ်ရေးအရ ခြိမ်းခြောက်ပြီး အကာကွယ် ပေးခဲ့ဖူးသည်။ ကျမ တို့ မြန်မာနိုင်ငံသား မြန်မာ အမျိုးသမီး တစ်ဦး မလေးရှားနိုင်ငံတွင် တရားဝင် သွားရောက် အလုပ်လုပ်ကိုင်သော သူမ၏ မတရားမှု ကိစ္စ အတွက် မြန်မာသံရုံး မြန်မာ အစိုးရမည်သို့ အကာကွယ် ပေးခဲ့သနည်း ။ ကျမ တို့ နိုင်ငံ၏ မြန်မာသံရုံး သည် ကျမ တို့ လိုပြည်ပရောက် လူငယ်များထံမှာ အခွန်ကောက်ခံရ အတွက်သာ တည်ရှိ နေခြင်းလား????? ကျမတို့ နိုင်ငံသားတွေ မတရား အနိုင်ကျင့်ခံ နေရချိန်မှာ သူတို့မျက်လုံးတွေ နားတွေ ကန်းခြင် ယောင်ဆောင် နေကြချင်း အတွက် သံရုံးရှိရာ အရပ်ကို တံတွေး ပင်လှည့် မထွေးချင်ပါ။

ကျမ တို့မြန်မာနိုင်ငံသား များအတွက် မြန်မာ သံရုံးသည် အခွန် ကောက်ခံရန်အတွက်သာ ဟု ဆိုင်ဘုတ်ပင် သွားချိတ် ပေးလိုက်ချင်ပါသည်။

ဒီဘ၀ ဒီအမျှနဲ့ ဘဲ ဒီလို အစိုးရ ၀ဋ်တွေ ကြေပါစေလို့ တောင်းဆုခြွေလျက်
မေသူ

ကျမ သည် ရင်ထဲမှ ပေါက်ကွဲချင်နေသည့် ခံစားချက် သံရုံးနှင့် ပတ်သတ် သည့် အတွေ့အကြုံ တစ်ချို့ ကို ဝေမျှ ချင်ပါသေးသည်။ သို့သော် ကျမ သူငယ်ချင်း၏ အကြောင်း တစ်ခု မပြီးစီးေ သးသောကြောင့် ကျမ သူငယ်ချင်းကို မထိခိုက်စေလိုသော ဆန္ဒကြောင့် ထိုပေါက်ကွဲ လုနီးပါး ဗုံးတစ်လုံးကို ဆက်လက် သိမ်းဆည်း ထားပါသေးသည်။ ထိုပေါက်ကွဲလုဗုံးတစ်လုံးအား နောင်တွင် ဖော်ပြပါမည်။


p.s မ၀င်းဝင်းမော်နှင့် ပတ်သတ်သော သတင်း တစ်ချို့အတွက် ဘားမားတူဒေးနှင့် မလေးရှား မှ ကျမ၏ အစ်ကို ကိုမြတ်မင်းအား ကျေးဇူးတင် ရှိပါသည်။

7 comments:

စန္ဒီမိုးမြင့် said...

မမေသူက စာရေးရင် အရမ်းမာန်ပါတာဘဲနော်
စာဖတ်သူရဲ့ ရင်ထဲကို ရှင်းရှင်းလင်းလင်းမြင်အောင်ခံစားရအောင်ကို ထိထိမိမိရေးနိုင်တယ်နော်

Anonymous said...

ကျမ တို့မြန်မာနိုင်ငံသား များအတွက် မြန်မာ သံရုံးသည် အခွန် ကောက်ခံရန်အတွက်သာ ဟု ဆိုင်ဘုတ်ပင် သွားချိတ် ပေးလိုက်ချင်ပါသည်။

သွားမချိတ်နဲ့မမေသူ လဲသာချိတ်ပလိုက် (မြန်မာသံရုံး) ဆိုတဲ့ ဆိုင်းဘုတ်နဲ့

Tea said...

မေသူရေ.. အားရင် တစ်ရက်လောက် မြန်မာပတ်စပုတ်အကြောင်း စကားဝိုင်းကနေ ဟစ်ရအောင် :)

မြန်မာသံရုံးကတော့ ဟိုတစ်ခေါက်က ပြောထားတဲ့ အတိုင်း ... သိတဲ့ အတိုင်း.. စိတ်ညစ်စရာ.. :s

ထိုပေါက်ကွဲ လုနီးပါး ဗုံးတစ်လုံးကို ဆက်လက် သိမ်းဆည်း ထားပါသေးသည်။ ထိုပေါက်ကွဲလုဗုံးတစ်လုံးအား နောင်တွင် ဖော်ပြပါမည်။

ဗုံးတဲ့.. ဟီး.. တစ်လုံးပြီးတစ်လုံးကွဲနေတာ မေသူတို့ကလည်း တစ်လုံးရှိတယ်တဲ့..

Anonymous said...

မေသူရေ.. ရန်ကုန်က သူငယ်ချင်းတစ်ယောက်က ဒီပိုစ့်လေးကို ဖတ်တော့ဖတ်ပြီးသွားတယ်တဲ့။ ကောမန့်တင်ချင်တာ တင်လို့ မရဘူးဆိုလို့ တစ်ဆင့်တင်ပေးပါဆိုလို့ တင်ပေးလိုက်မယ်။

မမေသူ
အခုလိုမြန်မာသံရုံးကဗုံးအတွက်စောင့်မျှော်နေပါမယ်။ ကျမကမြန်မာသံရုံးတင်မက၊ရှိရှိသမျှအစိုးရရုံးတွေအားလုံးကို မုန်းတယ်၊ စာမရေးတတ်လို့ အခုလို အတွေ့ကြုံအများကြီးနဲ့ရေးထားတာ ကျေးဇူးတင်တယ်၊ ကောမန့်တာမရလို့တစ်ဆင့်ပေးလိုက်တယ်၊ ဗုံးကိုလည်းမြန်မြန်ခွဲပါနော်

Anonymous said...

Ma May Thu

Pyin ma nar mar Bomb ko twar pyit ya mar naw
Ma May Thu yat bomb ko Nay Pyi Taw Than Shwe's home mar twar pyit loz ya yin kaung mal :D

Anonymous said...

မြန်မာတွေက ငကြောက်တွေဗျ။ အခွန်မဆောင်ရင် ပြန်လို့ မရမှာစိုးလို့ ဆိုပြီး သံရုံးကို သွားသွား ဆက်သနေ ကြတာ။ သူများ Company နေတွေ မြန်မာပြည် နဲ့ စီးပွားရေးလုပ်တာကျတော့ စစ်အစိုးရကို သက်ဆိုး ရှေစေတယ်လေး ဘာလေးနဲ့ အော်နေ ကြတယ်။ ကိုယ် အခွန်ဆောင်နေလို့ စစ်အစိုးရ ဒေါ်လာရ နေတာ ကျတော့ သတိမထား မိကြဘူး၊ သူများ စီးပွားရေး ကျတော့ ရပ်ခိုင်းချင်တယ်။ ကိုယ့်နိုင်ငံ အရေးအတွက် ကိုယ့် စီးပွားထိခိုက်မှာကျ အသေ ကြောက်တယ်။ တော်တော်လည်း တရားကျဘို့ ကောင်းသား။

Suburban Area said...

ဘာမှန်းတော့ မသိဘူး။လာလာကြောင်နေတာတော့တွေ့တယ်။အများကြီးတော့မပြောချင်ပါဘူး။

မမေသူရေ..
အားပေးလျှက်