Photobucket

Monday, September 22, 2008

ဘ၀ = အခက်အခဲ


ဘ၀ ဆိုတာ အခက်အခဲ

"ဘ၀ဆို တာ အခက်အခဲ" ဆိုတာ အမြဲတမ်း မှန်ကန် နေတဲ့ အမှန်တရား ပင်တည်း။ ကျွန်တော်တို့ တတွေ ဤအမှန်တရား ကိုသာ မြင်နိုင်မယ် နားလည် နိုင်မယ် ဆိုရင် ကျွန်တော်တို့ ဘ၀ ရှေ့ရေး အတွက် အများကြီး ပိုပြီး အထောက် အကူ ရရှိပါ လိမ့်မယ်။ [ဘ၀ = အခက်အခဲ] ဆိုတဲ့ သဘော တရားကို အပြည့်အ၀ လက်ခံ ယုံကြည် နိုင်ပြီ ဆိုရင်၊ "ကျွန်တော်တို့ရဲ့ ဘ၀ဟာ ခက်ခဲလှပါတယ်" ဆိုတဲ့ နိယာမက ကျွန်တော်တို့ကို ဆက်လက်ပြီး ဒုက္ခ ပေးနေမှာ မဟုတ်တော့ ပါဘူး။

လူ တော်တော် များများက "ဘ၀ ဆိုတာ အခက်အခဲ" ဆိုတဲ့ ရိုးရှင်း လှတဲ့ အမှန် တရားကို မြင်နိုင်စွမ်း မရှိကြပါဘူး။ တကယ်တော့ လူတွေဟာ ဒီ အမှန် တရားကို မမြင်နိုင်တဲ့ အပြင် သူတို့ရဲ့ ဘ၀တွေကို အပြစ် ပြောကြပါတယ်။ ငြီးညူ ကြပါတယ်။ လူတွေဟာ သူတို့ရဲ့ ဘ၀မှာ ကြုံတွေ့ နေရတဲ့ အခက် အခဲတွေ၊ ပြဿနာတွေ၊ နာကြည်းချက်တွေ၊ အစ ရှိတာ တွေက သူတို့ရဲ့ ဘ၀ကို မရောက်သင့်ပဲ ရောက်လာကြတယ်၊ မဖြစ်သင့်ပဲ ဖြစ်လာကြတယ်၊ ဆိုပြီး သူတို့ရဲ့ ဘ၀၊ မိသားစု၊ ပညာရေး၊ အချစ်ရေး၊ တိုင်းပြည်၊ လူမျိုး တွေအတွက် ငြီးညူကြတယ်၊ အပြစ် ပြောလေ့ ရှိကြပါတယ်။ မိမိ ကိုယ်ကို အပြစ်တင်ကြပါတယ်၊ ဒါ့အပြင် တစ်ခြားသူတွေကို အပြစ်ပြောကြပါတယ်။ တကယ်တော့ ဘ၀ဆိုတာ ပြဿနာရထားတွဲကြီး တစ်တွဲပါ။ ဒီပြဿနာတွေကို ဒီလိုပဲ အပြစ်တင်နေရင်း ဘ၀ကြီးကို အဓိပ္ပာယ် ကင်းမဲ့စွာ ဖြတ်သန်း ချင်ပါသလား ? ဒါမှမဟုတ် [ဘ၀ = အခက်အခဲ] ဆိုတဲ့ သဘော တရားကို လက်ခံပြီး ရင်ဆိုင် ဖြေရှင်း ချင်ပါသလား ?

ဘ၀ကို ဘယ်အရာက ခက်ခဲအောင် လုပ်နေသလဲဆိုတော့ ပြဿနာကို ရင်ဆိုင် ဖြေရှင်း နိုင်စွမ်း မရှိခြင်း က ပြုလုပ်နေတာ ဖြစ်ပါတယ်။ ပြဿနာဆိုတဲ့ အရာတွေက ကျွန်တော်တို့ လူသားတွေကို စိတ်ရှုပ်ထွေးမှုတွေ၊ စိတ်မကောင်းမှုတွေ၊ စိတ်နာကျင်မှုတွေ၊ အထီးကျန်ဆန်မှုတွေ၊ ဒေါသတွေ၊ ကြောက်ရွံ့မှုတွေ၊ စိတ်ညစ်မှုတွေ၊ စိတ်မငြိမ်မှုတွေ၊ စိတ်ဓာတ်ကျမှုတွေ၊ အစရှိတဲ့ အင်မတန် ဆိုးလှတဲ့ ခံစားချက်တွေကို ခံစားစေပါတယ်။ ကျွန်တော်တို့ရဲ့ ဘ၀၊ ကျွန်တော်တို့ရဲ့ စိတ် တွေကို တစ်စုံတစ်ခုက ထိခိုက် စေပြီ ဆိုရင် အဲ့ဒီ တစ်စုံတစ်ခုကို ကျွန်တော်တို့ ပြဿနာလို့ သတ်မှတ် ကြပါတယ်။ ဘ၀မှာ တစ်ကယ်တော့ ဘာဆို ဘာမှ မတည်မြဲပါဘူး။ အမြဲတမ်း ပျော်ရွှင်မှုတွေနဲ့ မတွေ့ကြုံနိုင်သလို အမြဲတမ်း နာကျင်တာတွေပဲ မရှိနိုင်ပါဘူး။

အခက်အခဲဆိုတာ အောင်မြင်ခြင်းနဲ့ ရှုံးနိမ့်ခြင်း ကြားမှာ ရှိနေတဲ့ ကြားခံနယ်မြေ ဖြစ်တဲ့ ဆက်သွယ်ပေးမယ့် တံတား တစ်ခုဆိုလည်း မမှားပါဘူး။ ကျွန်တော်တို့ ဘ၀မှ ရှိတဲ့ ပြဿနာတွေ အခက်အခဲတွေက ကျွန်တော်တို့တွေရဲ့ သတ္တိ နဲ့ အသိဥာဏ် စွမ်းရည် တွေကို ရှင်သန် လာအောင် ပျိုးထောင် ပေးပါတယ်။ အခက်အခဲ တစ်ခု ပြီးသွားတိုင်း ပြီးသွားတိုင်း ကျွန်တော်တို့တတွေ ဘ၀မှာ သင်ခန်းစာတွေ ရရှိကြပါတယ်။ ကျွန်တော်တို့တတွေ ပိုပြီး ပိုပြီး ရင့်ကျက်လာကြပါတယ်။ ကျွန်တော်တို့လူတွေရဲ့ ပြဿနာ ဖြေရှင်းနိုင်စွမ်းအား ဆိုတဲ့ အရာနဲ့ ဒီပြဿနာတွေကို ရင်ဆိုင် ဖြေရှင်းလာရင်း၊ ဒီပြဿနာတွေ ထဲမှာ တစ်စနဲ့ တစ်စ ဘ၀ရဲ့ သင်ခန်းစာတွေကို သင်ယူလာရင်း သင်ယူလာရင်း ဘ၀မှာ ရှင်သန်တတ်မယ် ဆိုရင်၊ ပိုပြီး ရင့်ကျက် လာတတ်မယ် ဆိုရင်၊ ပြဿနာဆိုတဲ့ အရာဟာ ဘ၀မှာ ကြောက်စရာ တစ်ခု၊ မကောင်းတဲ့အရာ တစ်ခုလို့ သတ်မှတ်မှာ မဟုတ်တော့ပါဘူး။

ပြဿနာဆိုတဲ့ အရာကို ရှောင်ပုန်း တာထက် ထိပ်တိုက် ရင်ဆိုင် ဖြေရှင်းတာက အကျိုး အများကြီးရှိပါတယ်။ ပြဿနာတစ်ခုကို ခေါင်းရှောင် နေရုံနဲ့တော့ အဲ့ဒီ ပြဿနာက ပြီးသွားလိမ့်မှာ မဟုတ်ပါဘူး။ အဲ့လို ရှောင်နေမယ့် အစား ရင်ဆိုင်လိုက်ပြီး အဲ့ဒီ ပြဿနာထဲက သင်ခန်းစာလေးတွေကို ယူတတ်လာမယ် ဆိုရင် ဘ၀မှာ ပြဿနာဟာ ပြဿနာထက် ဘ၀ရဲ့ ပဲ့တင်လမ်းပြပေးတဲ့ အရာဖြစ်လာပါ လိမ့်မယ်။

ကျွန်တော်တို့ တော်တော်များများဟာ ဒီရိုးရှင်းလှတဲ့ သဘောတရားလေးကို နားမလည် ကြပါဘူး။ နာကျင်မှုကို ကြောက်တတ်တဲ့ ကျွန်တော်တို့ လူသားတွေရဲ့ ပင်ကိုယ် စိတ်ဓာတ်က ကျွန်တော်တို့ တွေကို ဒုက္ခပေးနေတာ ဖြစ်ပါတယ်။ ကျွန်တော်တို့တွေဟာ အများအားဖြင့် အချိန်ဆွဲလေ့ရှိပါတယ်။ ပြဿနာတွေ၊ နာကျင်မှုတွေကို ဒီလိုနဲ့ ရှောင်ပုန်းပြီး လျစ်လျူရှုထားလိုက်တာနဲ့ သူတို့ တစ်ချိန်မှာ ကျွန်တော်တို့ ဆီကနေ ထွက်သွားလိမ့်မည် ဟူသော မျှော်လင့်ချက်တွေနဲ့ ရင်ဆိုင်နေကြပါတယ်။ ဒီပြဿနာ ဆိုတဲ့ အရာတွေ မရှိပါဘူး ဆိုပြီး အတင်း မေ့ဖို့ ကြိုးစားလေ့ရှိပါတယ်။ ဒါပေမယ့် အဆုံးမှာတော့ ဒီလို ပြုမူခြင်းတွေဟာ ထူးမလာပါဘူး။ အဆုံးမှာတော့ ဒီပြဿနာတွေဟာ ပိုပြီး ကြီးထွား လာပါတယ်။ လွယ်လွယ်ကူကူနဲ့ ဖြေရှင်းရမယ့် ပြဿနာတစ်ခုကို ကြီးထွားလာအောင် မွေးမြူရင်းနဲ့ တစ်ချိန်ကျရင် ပိုပြီး နာကျင် ခံစားရမှာက မိမိတို့ကိုယ်တိုင်ပင် ဖြစ်ပါတယ်။

ပြဿနာကို ရှောင်တိန်းရမယ် ဆိုတဲ့ မှားယွင်းစွာ နားလည်ထားတဲ့ သဘောတရားက ကျွန်တော်တို့ လူသားတွေရဲ့ ပြဿနာတစ်ခုပါ။ ဒီလိုမဖြစ်ရအောင် ဘ၀မှာ ပြဿနာဆိုတာ တွေ့လာတိုင်း၊ သူတို့ကို ရန်သူသဖွယ် သတ်မှတ်ပြီး ကွေကွင်း ရှောင်ပြေးနေတာထက် "ဒါဟာ ငါ့ဘ၀အတွက် ငါ့ရဲ့ စိတ်ကို ရှင်သန် ရင့်ကျက်စေမယ့် အရာ တစ်ခု" လို့ သတ်မှတ်ပြီး ပြဿနာတွေကို သူငယ်ချင်းသဖွယ် ရင်ဆိုင် တတ်မယ် ဆိုရင် ကျွန်တော်တို့ရဲ့ ရှုပ်ထွေး ခက်ခဲ ပြီး စိတ်ညစ်စရာတွေနဲ့ ပြည့်နေတတ်တဲ့ ဘ၀ဟာ အင်မတန် တိုးတောင်း လှသော အချိန်လေး အတွင်းမှာတင် အလွန် သာယာလှပပြီး အမြဲတမ်း သင်ယူစရာတွေနဲ့ ပြည့်နှက်နေတဲ့ ဘ၀တစ်ခု အဖြစ် ပြောင်းလဲ သွားမှာ မလွဲသေချာ မှန်ကန်ကြောင်း ကျွန်တော်ယုံကြည် မိပါသည်။

လူသားတွေ ပြဿနာကို ရှောင်ပုန်းခြင်းမှ ကင်းဝေးကြပါစေ။
Tea

8 comments:

Unknown said...

အခုမှ တီးဘလောပ်ကို ရောက်တာပါ
ဘ၀ = အခက်အခဲ ဆိုတဲ့အိုင်ဒီယာလေးကို ကြိုက်မိပါတယ် သို့သော် တီးပြောသလို ကျမတို့က ဖြစ်နိုင်ရင် ပြသနာတွေကိုရှောင်ဖို့ကြိုးစားကြပါတယ် ဒါဟာလည်းလူ့သဘာဝဆိုတာ မှန်ပါတယ် မရှောင်နိုင်အောင် ကြိုးစားဖို့တော့ မေဦးတို့အများကြီးကြိုးစားရဦးမယ်လို့ထင်တယ် လူတွေကိုက သူတို့ရဲ့ဘ၀မှာ ခေါင်းရှောင်နေရတာဝါသနာပါတယ်ထင်ပါရဲ့ တော်ပါပြီ ဒီအကြောင်းတွေစဉ်းစားရင်မေဦးစိတ်ညစ်လာပြီ ရှောင်တဲ့အနေနဲ့ဆေးသောက်လိုက်ဦးမည် တီးပြောထားသလို မရှောင်ဖို့ကိုတော့ကြိုးစားကြည့်ပါဦးမယ်

Unknown said...
This comment has been removed by a blog administrator.
Unknown said...

တီးရေဘာလို့လဲမသိဘူးကောမန့်ကမပေါ်ဘူးဖြစ်နေတယ်၊ ဒီက ကော်နယ်ရှင်ကြောင့်ကြောင်နေတာလားမသိဘူး၊ ၂ခါတောင် တင်ပြီးသွားပြီ

Tea said...

Comment က အခုပေါ်သွားပါပြီ၊ moderate မလုပ်ရသေးလို့ပါဗျာ။ duplicate ဖြစ်နေတဲ့ တစ်ခုကို ဖျက်လိုက်ပါတယ်။

ဟုတ်ကဲ့ပါ nan.. ကျွန်တော်ပြောတုန်းပဲရှိသေးတယ်၊ nan က procrastinate လုပ်နေပြီ၊ အချိန်ဆွဲပြီး ဆေးတွေသောက်ပြီး နောက်ကျမှ ပြဿနာကို ရင်ဆိုင်မယ်လို့ ရည်ရွယ်နေပြီ။ :)

နောက်မှ ကြိုးစားမယ်လို့ ဆုံးဖြတ်တာထက် လက်ရှိ ဆုံးဖြတ်ရင် ပိုအကျိုးရှိမယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။

ကျေးဇူးတင်ပါတယ်။

Unknown said...

ဟုတ်ပါပြီ
ကြိုးစားပါဦးမယ်

နှစ်ခါတင်မိတာဆော်ယီးပါမသိလို့ပါ

Unknown said...

တီးရေ
ပြဿနာတွေကို ကိုယ့်ရဲ့ စိတ်ကို ရှင်သန် ရင့်ကျက်စေမယ့် အရာ တစ်ခု လို့ သတ်မှတ်တာ လက်ခံတယ်။ တချိန်ကျရင် ဟာသမြောက်နေမယ့် အရာလို့ သတ်မှတ်ပြီး ကျော်ဖြတ်ခဲ့တာ များတယ်။ ။ ဝမ်းနည်း ဝမ်းသာ အားလုံးပေါ့။ ။ တခုရှိတာက တခါတခါကျရင် ဘယ်လို ရင်ဆိုင်ဖြေရှင်းရမှန်း မသိ ဖြစ်နေတာပဲ။ ။ နည်းလမ်း ရှာမတွေ့ဘူးပေါ့ဟာ။ ။
အခက်အခဲ ရှိနေတာကို လက်ခံနိုင်ပြီး ဘာက ခက်ခဲအောင် လုပ်နေတာလဲ ဆိုတာကို ရှာမရနိုင်ဖြစ်နေတတ်တယ်။ ။ အဲဒါကို ဘယ်လိုကျော်ဖြတ်ကြမလဲ။ ။

Tea said...

အခက်ဲအခဲကို ကျော်ဖြတ်ဖို့ကတော့ ဖြစ်နေတဲ့ ပြဿနာနဲ့ အခြေအနေပေါ်မှာ မူတည်တယ်လို့ ယုံကြည်ပါတယ်။ အဲ့ဒီအခြေအနေမှာ ကာယံကံရှင်က အကောင်းဆုံး ဆုံးဖြတ်ချက်ကို ချနိုင်တော့ ပိုကောင်း တာပေါ့။

ဒါပေမယ့်လေ။ အဲ့လို အခြေအနေမျိုးမှာ လူတွေရဲ့ စိတ်က ဗရုတ်သုတ်ခ ဖြစ်နေတာဆိုတော့ ဆုံးဖြတ်ချက်ချရင် မှားတတ်ပါတယ်။ အဲ့လိုမမှားရအောင် ကိုယ့်အပေါ် သိတတ်နားလည်တဲ့၊ ကိုယ်နဲ့ အတူ ထပ်တူခံစားပေးနိုင်တဲ့ သူငယ်ချင်းပဲ ဖြစ်ဖြစ်၊ မိဘ၊ ဆရာ၊ ချစ်သူ၊ အိမ်ထောင်ဖက်.. စတာတွေနဲ့ တိုင်ပင် ဆွေးနွေးဖို့ အကြံပြုချင်ပါတယ်။ သူငယ်ချင်းတို့ မိဘတို့ ဆိုတာကလည်း ကတယ် အရေးကြုံရင် ဥာဏ်ကူဖို့ပဲ မဟုတ်ပါလားဗျာ..

ဖြစ်လာတဲ့ ပြဿနာတွေမှာ စိတ်ကို တည်ငြိမ်အောင်ထားပြီး အဲ့ဒီ ပြဿနာတွေကို ထိပ်တိုက် ရင်ဆိုင် ဖြေရှင်းမှသာ အားလုံးအတွက်ရော မိမိအတွက်ပါ အကျိုးရှိမယ်လို့ ယုံကြည်ပါတယ်။

Anonymous said...

ကျွန်တော်လည်း ပထမကတော့ သိပ်နားမလည်ဘူး
အခုတော့ရှင်းသွားပါပြီ ......ကျေးဇူးတင်ပါတယ်။
လူသားတစ်ယောက်အနေနဲ့တွေ့ရမယ် အခက်ခဲတွေကို
ကျွန်တော် ပျော်ပျော်ကြီးဖြတ်သန်းရဲသွားပြီ။ကျွန်တော်
နောက်ကိုဘယ်တော့မှ တွ့န့်ဆုတ်မနေတော့ဘူးလို
ဆုံးဖြတ်ထားပါတယ် ။