အခု ဒီမှာ ၅နာရီကျော်သွားပြီ။ ကျွန်တော်လည်း ဘာတွေ ဖြစ်နေမှန်း မသိဘူး။ အိပ်လို့ကို မပျော်ဘူး ဖြစ်နေတယ်။ ကုတင်ပေါ် တက်ပြီး အိပ်ဖို့ အပြင်းအထန် ကြိုးစားကြည့် သေးတယ်။ ဒါပေမယ့် ကျွန်တော် အကြိမ်ကြိမ် ကျဆုံးပြီး ပန်းတိုင် မရောက်ပဲ ဖြစ်နေတယ်။ ဒါကြောင့် ကျွန်တော် နောက်ဆုံး စိတ်ညစ်ညစ် နဲ့ ကုတင်ပေါ်ကထပြီး မျက်နှာထသစ် လိုက်တယ်။ ပြီးတော့ ထုံးစံ အတိုင်း ဘလောခ့်ပေါ် ရောက်လာတယ်။
ကျွန်တော် အရမ်း အရေးကြီးတဲ့ သော့ချက် တစ်ခုကို စဉ်းစားမိတယ်။ အဲ့ဒါ ဘာလဲ ဆိုတော့ ကျွန်တော်တို့ ခင်များတို့ လူတွေ အားလုံးရဲ့ ဘ၀ဟာ တစ်ကယ်တော့ အရမ်းကို သနားဖို့ ကောင်းပါတယ်။ ဘာလို့လဲ ဆိုတော့ ကျွန်တော်တို့ အားလုံး ကိုယ်စီကိုယ်စီ အင်မတန်မှ ကြီးမားသော ဘ၀ဆိုတဲ့ ထောင်ချောက်ကြီး တွေထဲမှာ ပိတ်မိနေကြတယ်။ ဤထောင်ချောက်ကြီး တွေထဲမှာ လူတွေ အားလုံးဟာ ရှင်သန်ရင်း ရုန်းကန်ရင်း နဲ့ပဲ သူတို့ရဲ့ ဘ၀တွေကို ကုန်ဆုံးနေကြတယ်။ တကယ်တော့ ကျွန်တော်တို့ အားလုံးဟာ ပြန်လမ်းမရှိသော ကျွန်းကို သဘောင်္ကိုယ်စီနှင့် ဆိုက်ရောက် လာကြတာ ဖြစ်တယ်။
ရိုးရိုးလေး စဉ်းစားကြည့်ပါဗျာ။ ကျွန်တော့်ဘ၀ကို ကိုယ်တိုင် အကဲဖြတ်မယ် ဆိုရင်တော့ ကျွန်တော်က အလွန်ကျယ်ဝန်း လှသော ပင်လယ်ကြီးထဲမှာ လက်ပစ်ကူးရင်း ကူးရင်း အချိန်တွေ ကုန်ဆုံး လာစေသည်။ ဟိုး ငယ်စဉ်တောင်ကျေး ကလေး ဘ၀ထဲက အဖြစ်အပျက်တွေကို မှတ်မိပါသေးသည်။ ကျွန်တော် ကောင်းကောင်း မှတ်မိတာကတော့ ၄တန်း လောက်တုန်းက ပေါ့ဗျာ။ အဲ့ဒီတုန်းက တစ်နှစ်ကို စာမေးပွဲ ၃ကြိမ်စစ်တယ်။ နှစ်စမ်းတစ်ခု၊ နှစ်လယ်တစ်ခု၊ အတန်းတင်တစ်ခု။ ပထမဆုံး စာမေးပွဲ မတိုင်ခင် ပေါ့။ "ဟာ - ဒီဟာ ပြီးရင် ပြီးပါပြီ။ သည်းခံလိုက် သည်းခံလိုက်၊" ဆိုပြီး အတွေးတွေနှင့် စာမေးပွဲက ပြီးသွားတယ်။ ဒီလိုပဲ ဒုတိယ တစ်ခုမှာလဲ သည်းခံလိုက် ဒါလေး ပြီးရင် ပြီးပါပြီ၊ ကျောင်း ၁၀ရက် ကြီးတောင် ပိတ်ပြီ ဆိုပြီး အတွေးတွေနှင့်။ ဒီလိုနှင့် အတန်းတင် စာမေးပွဲကြီးလည်း ရောက်လာရော။ ဟီးး အတန်းတင်ကွ၊ ဒါပြီးလို့ကတော့ လွတ်လပ်ရေး ရပြီ ဆိုပြီး ကြိုက်သလောက် ကဲလို့ရပြီဆိုပြီး အချိန်တွေကို ကုန်ဆုံးစေတာ စာမေးပွဲကြီးသာ ပြီးသွားသည်။ ကျန်တာက တော့ ဒုံရင်းပါပဲ။
ဒီလိုနဲ့ မူလတန်းကြီး ပြီးသွားပါတယ်။ အလယ်တန်းကို မကူးခင် ကျွန်တော် ကျောင်းပြောင်းရသေးတယ်။ ကျောင်းက ၄တန်းထိပဲ ရှိတာဆိုတော့ အထက်တန်းကျောင်းကို ပြောင်းတယ်။ ဒီလိုပဲ နွေမှာတောင် ကောင်းကောင်း မနားရပဲ ကျူရှင်တွေ တက်ရတယ်။ ဒီလိုနဲ့ ငါးတန်းပေါ့။ ငါးတန်း တစ်နှစ်လုံးလဲ ထုံးစံအတိုင်း အချိန်တွေကို သိသိကြီးနဲ့ ကိုယ့်ဘာသာကို အားပေးကာ ဒါပြီးရင်တော့ ပြီးပါပြီလေ ဆိုပြီးတော့ ကျော်ဖြတ်ခဲ့တယ်။ ဒီလိုနဲ့ ၆တန်း ၇တန်း ၈တန်း တစ်နှစ်ပြီး တစ်နှစ် အချိန်တွေ ကုန်သွားတယ်။ လူလည်း အသက်တွေ ကြီးလာတယ်။ ပညာတွေ တတ်လာတယ်။ အထက်တန်းကြီး ပြီးဆုံးသွားတယ်။
အထက်တန်းသာ ပြီးဆုံးသွားပါသည်။ ကျွန်တော့်အမြင်မှာတော့ ကျွန်တော်တို့ဟာ နှစ်တွေ တစ်နှစ်ပြီး တစ်နှစ်ကုန်လာသည် နှင့် အမျှ အလုပ်တွေ ပိုပြီး ပိုပြီး ရှုပ်လာတယ်လို့ ခံစားရသည်။ ဒါပြီးရင် ကျွတ်ပြီ လွတ်ပြီ ဆိုတဲ့ စိတ်နဲ့ အခု နေထိုင်လာတာ အသက် ၂၀ပြည့်တော့မည်။ များလှစွာသော စာမေးပွဲတွေ ဖြေဆိုလာသည်။ တစ်ခုခု ဖြေခါနီးတိုင်း ဒါပြီးရင် ပြီးပါပြီ ဆိုပြီး ဖြေလာတာ၊ ယခုချိန်ထိ စာမေးပွဲတွေ မပြီးဆုံး နိုင်သေးပေ။ လာမည့် အနာဂတ်မှာလည်း ကျောင်းသား ဘ၀ဖြစ်သည့် အလျောက် မရေမတွက် နိုင်သော စာမေးပွဲပေါင်း များစွာ ကျန်ရှိနေသေးသည်။
ဒါတွေ ထားပါဦး။ အကယ်လို့များ ကျောင်းသား ဘ၀ပြီးသွားရင်ရော ပြီးသွားရောလား? ဘယ်ပြီးဦးမလဲနော်။ ပညာတွေ စုံအောင် သင်ပြီးပြီ။ လေ့လာမှုတွေ လုပ်ပြီးပြီ။ တစ်ချို့တွေက ပြောသည်။ ဘ၀ဆိုတာ အဲ့ဒီ အချိန်မှ စပါသည်တဲ့ဗျာ။ လုပ်ငန်းခွင်ကို စတင်ဝင်ရောက် လုပ်ကိုင်ပြီ။ အသက်မွေး ၀မ်းကျောင်း အတွက် ရှာဖွေကြရမည်။ များလှ စွာသော နေ့ရက်တွေကို အိမ်နှင့် အလုပ်၊ အလုပ်နှင့် အိမ် ဆိုပြီး ကုန်ဆုံး ရဦးမည်။ စိတ်ထဲမှာတော့ အားမည့် ရက် ပိတ်ရက်တွေကို မျှော်လိုက်၊ အဲ့ဒီ အချိန်လေးတွေကို မှန်းပြီး အလုပ်တွေ လုပ်လိုက်၊ ဒီလိုနဲ့ ပဲ အချိန်တွေ ကုန်ပြီးရင်း ကုန်သွားမည်။
တစ်ရက်ပြီး တစ်ရက်၊ တစ်လပြီးတစ်လ၊ တစ်နှစ်ပြီး တစ်နှစ်။ အသက်တွေ ကြီးလာကြမည်။ လူတွေ အိုလာမည်။ ရုပ်တွေရင့်လာမည်။ ဒီကြားထဲ မိသားစု အသစ်တစ်ခုကို ထူထောင်ဦးမည် ဆိုရင် တာဝန်တွေ ၀တ္တရားတွေ ဆထက်မတန် ပွားလာဦမည်။
ဒီလိုမျိုးပဲ ကျွန်တော်တို့ အားလုံးဟာ အချိန်တွေကို မသိမသာ ကုန်ဆုံးစေရင်း၊ ကြားထဲမှာ ဒေါသတွေ၊ မောဟတွေ၊ လောဘတွေနဲ့ ရှင်သန်နေကြတယ်။ ပျော်စရာတွေ ရှိရင် ပျော်ကြပြန်ပြီ။ ရယ်ကြ့ပီ။ မောကြပြီ။ စားကြသောက်ကြသည်။ မိတ်ဆွေ အပေါင်း အသင်းတွေနဲ့ ပျော်ပါးကြသည်။ ငိုကြွေးကြသည်။ ၀မ်းနည်းစရာတွေ ကြံရင် ပူဆွေးကြရသည်။ အောင်မြင်မှုတွေ ရရှိလာရင် အောင်ပွဲခံကြသည်။ တကယ်တော့ ကျွန်တော်တို့ အားလုံးဟာ စိတ် ဆိုတဲ့ အရာရဲ့ သားကောင်တွေ အဖြစ် ရှင်သန်နေကြရသည်။ စိတ်၏ စေခိုင်းမှု အတိုင်း စိတ်၏ စေလိုရာအဖြစ် ရှင်သန်နေကြသည်။
အချိန်တွေသာ ကုန်ဆုံးသွားပေမယ့် ဘ၀ကြီးရဲ့ တာဝန်တွေ ၀တ္တရားတွေကြားမှာ လူတွေ အများကြီးသည် ကျော်ဖြတ်နေရဆဲပင်။ နေ့စဉ် လုပ်စရာ ကိုင်စရာ များစွာတို့ဖြင့် ရှုပ်ထွေးလှသော ဘ၀ကြီးများတွင် လူတွေသည် အချိန်တိုင်း လျှောက်လှမ်း နေကြရသည်။ အဆုံးမရှိသော လမ်းကို အင်တိုက် အားတိုက် လျှောက်လှမ်း နေကြသည်။ လူတွေ၏ တစ်စုံတစ်ခုကို ပိုင်ဆိုင်ပြီးတိုင်း ပိုင်ဆိုင်ပြီးတိုင်း ဆထက်မတန် ထပ်မံ ပိုင်ဆိုင်လိုကြတဲ့ စိတ်တွေ ရမက်တွေဖြင့် ဘ၀ကြီးကို တစ်လှမ်းပြီး တစ်လှမ်း လျှောက်လှမ်းရင်း မိမိတို့ပုခုံးများပေါ်တွင် ၀န်ထုပ်ဝန်ပိုးများကို ထမ်းရွက်ထားကြသည်။ မပြီးဆုံး နိုင်သော လမ်းကို လျှောက်နေသည်ကို သိသိကြီးနှင့် မသိချင် ယောင်ဆောင်နေကြသည်။
လူတိုင်း နည်းတူ ကျွန်တော်သည် လည်း ယမန်နေ့ ပေါင်း များစွာကို ကျော်ဖြတ်ခဲ့သည်။ ယနေ့ပေါင်း များစွာတွင် စဉ်းစား တွေးခေါ် အသက်ရှုနေသည်။ မနက်ဖြန် ပေါင်း များစွာကို လည်း ကျော်ဖြတ်ရပေ ဦးမည်။ ရက်တွေ လတွေ နှစ်တွေ ပြောင်းသွားပေမယ့်၊ အသက်တွေသာ ကြီးလာပေမယ့်၊ တာဝန်တွေ လျော့မသွားသေး သော ဒီဘ၀ကြီးတွင် သိသိကြီးနှင့် မသိသလို ဆက်လှမ်းရပေဦးမည်။ ကိုယ့် စိတ်ကို ကိုယ် ချော့ကာ များလှစွာသော မရေ မတွက်နိုင်သည့် တာဝန်၊ ၀တ္တရားများကို ထမ်းဆောင်ရ ပေဦးမည်။
ဒီလိုနဲ့ ကျွန်တော့် စိတ်ထဲမှာ ထို ပြန်လမ်းမဲ့ကျွန်း (အဆုံးမရှိ ဘ၀) ကိုတွေးရင်း တွေးရင်း ရုတ်တရက် အချိန်ကို ကြည့်လိုက်တော့ ၆နာရီတောင် ကျော်သွားပြီ။ ပြတင်းပေါက်ကို လှမ်းကြည့်လိုက်တော့ မိုးစင်စင်လင်းပြီ။ ငှက်ကလေးများ၏ သီချင်းသံကို နားဆင်နေရပြီ။ နောက်ထပ် "ဒီနေ့" တစ်ခုကို ရောက်လာပြီ။ "မနေ့" တစ်ခုကို ကျော်ဖြတ်လိုက်ပြီ။ "မနက်ဖြန်" အသစ်တစ်ခုကို စောင့်မျှော်ရပေဦးမည်။
သြော်၊ ဒီနေ့ပြီးရင် ပြီးပါပြီလေ .... (ဖြေသိမ့်ရင်း)
Tea
Saturday, June 7, 2008
ပြန်လမ်းမဲ့ကျွန်း
Subscribe to:
Post Comments (Atom)
8 comments:
သူပြောမှမနက်ဖြန်ရောက်မှာကိုတောင်ကြောက်လာပြီ။ အိပ်လည်းအိပ်ပါဦး။ စာတွေပဲရေးမနေနဲ့လေ။ =P
နောက်ထပ် "ဒီနေ့" တစ်ခုကို ရောက်လာပြီ။ "မနေ့" တစ်ခုကို ကျော်ဖြတ်လိုက်ပြီ။ "မနက်ဖြန်" အသစ်တစ်ခုကို စောင့်မျှော်ရပေဦးမည်။
that is very true & it is .............................................................................................................................................................................................................................................................................................................................................................................................................................................................................................................................................................................LIFE! -_-
Hi Tea,
Thats what we called Universal truth :)
ညီ တီးက အရွယ်သာ ငယ်တာ..အရေးအသားကျ ကောင်းပါ့ဗျာ ၊
သနားတယ်.....တီးရယ်
သူအိပ်မပျော်တာနဲ့ သါးတို့ကိုလာပြီး
ဦးနှောက်စား စရာလား.... ဟင်း
thate ma sinn sarr nei TEA. just flow your life and be the first above everyone. So your life will be tastier.
ya. that's ego
but believe me, it works!!! ^.^
နောက်ထပ် "ဒီနေ့" တစ်ခုကို ရောက်လာပြီ။ "မနေ့" တစ်ခုကို ကျော်ဖြတ်လိုက်ပြီ။ "မနက်ဖြန်" အသစ်တစ်ခုကို စောင့်မျှော်ရပေဦးမည်။
မှန်တယ် တီးရေ ....
ပြန်လမ်းမဲ့ကျွန်းမှာ မပြီးဆုံးနိုင်သော မနက်ဖန် များစွာဖြင့် :P
Post a Comment