Photobucket

Saturday, June 28, 2008

ကျွန်တော် ပြောချင်သော ကျွန်တော့် တိုင်းပြည် အကြောင်း - အမှတ် ၃၊၊ စားဝတ်နေရေး



အမှတ် ၁ နှင့် အမှတ် ၂ မှာ ကျွန်တော် ပညာရေး နှင့် စီးပွားရေး အကြောင်းကို ဆွေးနွေးထားပါသည်။ ပညာရေး အရ တစ်တိုင်းပြည်လုံး အနေနှင့် ပြိုပျက် ဖျက်ဆီးခြင်း ခံထားရတာတွေ၊ ပညာရေး စနစ်ကြီး တစ်ခုလုံး နစ်မြုပ်အောင် ဖန်တီး ခံရတာတွေကို ဖော်ပြထားသလို၊ စီးပွားရေးမှာလည်း လက်ဝါးကြီး အုပ်ခံ ထားရမှုတွေ၊ မမျှတမှုတွေ၊ မှားယွင်းနေသော လမ်းစဉ်တွေ အကြောင်းကို ဖော်ပြထားခဲ့ပါသည်။ အခုလည်း စားဝတ်နေရေး အကြောင်း တစ်ထောင့် တစ်နေရာမှ ဆွေးနွေးချင်ပါသည်။

ဤကမ္ဘာပေါ်ရှိ နိုင်ငံများ အားလုံးကို အဆင့် ၃ ဆင့် အနေနှင့် ခွဲထားပါသည်။
၁။ ဖွံ့ဖြိုးပြီး နိုင်ငံ (Developed Countries)
၂။ ဖွံ့ဖြိုးဆဲ နိုင်ငံ (Developing Countries) နှင့်
၃။ မဖွံ့ဖြိုးဆုံး နိုင်ငံ (Least Developed Countries) ဟူပြီး ဖြစ်ပါသည်။

ကမ္ဘာပေါ်တွင် နံပါတ် ၃ နေရာတွင် ထိုနိုင်ငံများသည် အဓိကအားဖြင့် အာဖရိကတိုက် နှင့် အာရှတိုက် တွင်သာ ရှိပါသည်။ အာရှတိုက် မှာ သံယံဇာတ လုံးလုံး မရှိပဲ ဒုက္ခရောက်နေသည့် လာအို၊ နီပေါ၊ ကမ္ဘောဒီးယား၊ ဘင်္ဂလားဒေရှ့် လို နိုင်ငံမျိုးနှင့် ကျွန်တော်တို့ သံယံဇာတ ကြွယ်ဝသော မြန်မာနိုင်ငံသည် ထိုနေရာ တွင် အတူ တည်ရှိနေပါသည်။ အင်မတန်မှ ၀မ်းနည်း စရာ ကောင်းသော အချက် တစ်ခုပင် ဖြစ်သည်။

လူတွေ စားဝတ်နေရေး မပြေလည် ကြရရှာပါဘူး။ များသော အားဖြင့် တိုင်းပြည် အတွင်း ရှိ လူအများစုသည် တစ်နေ့လုပ်စာကို တစ်နေ့ စားနေကြရသော အခြေခံ လူတန်းစားများ ဖြစ်ကြပါသည်။ ရှင်းရှင်း ပြောရရင် စားလို့ သောက်လို့ ၀ရုံ လေးသာ ပြေလည်ကြတာပါ။ ဒီ့ထက် ပိုပြီး သူတို့ ဆက်လက်ပြီး မသုံး နိုင်ကြတော့ပါဘူး။ ဒါ့အပြင် ထမင်း မစားရပဲ ငတ်ပြတ်နေသော လူတွေလည်း အများကြီး ရှိနေပါသည်။ ကျွန်တော် တစ်ခါ တွေ့ဖူးပါသည်။ လွန်ခဲ့သော နှစ်နှစ်လောက်တုန်းက သာကေတ ဘက် သွားတုန်းကပါ။ အဲ့ဒီမှာ လဘ္ဘရည်ဆိုင် တစ်ဆိုင်က ထမင်းရည် ရေရော ကို ပုလင်းနှင့် ၀ယ်နေတာကို တွေ့ခဲ့ပါသည်။ သူတို့ ဆန်မတတ်နိုင်လို့ ထမင်းအစား ထမင်းရေကို သောက်နေရတာ ဖြစ်ပါသည်။ ထိုနည်း၎င်း အခက်အခဲ များစွာကို ကြုံတွေ့နေရသော လူတွေ နေရာ အနှံ့တွင် ရှိနေပါသည်။

ဒါတွေ အားလုံးရဲ့ အခြေခံကို ရှာကြည့်တော့ (လူတွေ ဘာကြောင့် စားဝတ်နေရေး မပြေလည်သလဲ ဆိုတော့) နိုင်ငံရေးကို အရင်ဆုံး လက်ညိုးထိုးရပါမယ်။ နိုင်ငံကို အုပ်ချုပ်တဲ့ လူတွေက တိုင်းသူ ပြည်သား တွေကို စားဝတ် နေရေး ပြေလည်အောင် မပံ့ပိုးပေး နိုင်ရှာပါဘူး။ သူတို့ ရှိရှိသမျှ သံယံဇာတတွေ၊ အမွေအနှစ်တွေ၊ အားလုံးကို ထုခွဲရောင်းချပြီး တိုင်းပြည် အကျိုးပြုတာတွေလည်း မရှိသလောက်ပါ။ များသောအားဖြင့် လက်နက်ပိုင်း မှာ အသုံးချနေပါသည်။ ပြီးတော့ မိမိတို့အတွက် ကောင်းဖို့ အဆင်ပြေဖို့ ကိုယ်ကျိုးအတွက် သုံးပါသည်။ အမှန်စင်စစ် ပညာရေး၊ လို အခြေခံနေရာတွင် စနစ်တကျ သုံးသင့်ပါသည်။ အခုလို ပညာရေးကို ချိုးဖျက်ထားတော့ လူတွေ အသိဥာဏ်အားဖြင့် အချိန်နှင့် အမျှ လျော့ဆင်းနေပါသည်။ လူတွေက ဒီလိုပဲ ဘုမသိ ဘမသိ နှင့် လုံးပါးပါးနေရပါသည်။ အကယ်လို့ ပညာရေးကို မြှင့်တင်လိုက်ရင် လူတွေ အသိစိတ်တွေ ၀င်လာရင် လည်း သူတို့ကို တော်လှန်ပုန်ကန် မည်ကို စိုးရိမ်ရသည့် အလျောက် ပညာရေးကို ချိုးဖောက်ထားဖြင့် ဖြစ်ပါသည်။ ပညာရေးက စပြီး ရစရာ မရှိတော့ စားဝတ်နေရေးလို အပိုင်းမှာလည်း လူတွေ အရမ်းကို ဒုက္ခရောက်ရပါသည်။ ပညာမရှိတော့ နည်းပညာ မရှိပါ။ နည်းပညာ မရှိတော့ လူတွေ ဒီအဆင့်ကနေ ဘယ်တော့မှ ပိုပြီး မြှင့်တက်နိုင်မည် မဟုတ်ပါ။ တိုင်းပြည် အတွင်းမှာ နည်းပညာတွေ မြင့်လာလေလေ၊ ထုတ်လုပ်မှု စနစ် များ ဖွံ့ဖြိုးလာပြီး သွင်းကုန်တွေကိုလည်း လျော့ချနိုင်မည် ဖြစ်ပါသည်။ အခုလို အဘက်ဘက်မှ ချွို့ယွင်းနေသော ယန္တာရားကြီး တစ်ခုလုံးအား ပြန်လည် မြှင့်တင်ဖို့ အင်မတန်ကို ခက်ခဲလှပါသည်။

မြင့်တက်နေသော ကုန်ဈေးနှုန်းနှင့် အတူ ရုန်းကန် ရှင်သန်နေရသော အခြေအနေမှာ ဒီလို မုန်တိုင်းတွေ ၀င်လာတော့ အခြေအနေက ပိုဆိုးလာပါသည်။ မင်းဆိုးမင်းမိုက်၏ ဒဏ်ကို ခံနေရချိန်တွင် အခုလို သဘာဝ၏ ဘေးဒုက္ခဒဏ်ပါ ခံရတော့ လူတွေ ပိုပြီး ဒုက္ခရောက်တာပေါ့။ အခုလို ဆန်စပါး အဓိက ထွက်ရှိနေသော ဒေသ ကို ဆိုးရွားစွာ ထိခိုက်သွားတော့ အရှေ့တွင် ရင်ဆိုင် ရမည့် အစားရေဆာ ပြတ်တောက် တိုတောင်းမှု တွေလည်း အများကြီး ရှိပါသည်။ လောင်စာ အစ တစ်ကမ္ဘာလုံးက ဈေးတွေ မြှင့်တက်နေတာ့ မြန်မာနိုင်ငံက လောင်စာဆီတွေလည်း ဆက်လက်ပြီး မြှင့်တက်ဖို့ ရှိပါသည်။ လောင်စာဆီလို အခြေခံ ကျသည့် ပစ္စည်းတစ်ခုက မြှင့်တက်ပြန်တော့ ကျန်သည့် ကုန်ဈေးနှုန်း တွေ လည်း ဆက်လက်ပြီး မြှင့်တက်လာဖို့ ရှိပါသည်။ ဒီလို အခက်အခဲတွေ ကြားမှာ စားဝတ်နေရေး ပြေလည်ဖို့ မဆိုထားနှင့်၊ ငတ်ပြတ်နေသော လူတွေကို အရင်ဦးဆုံး ကယ်ဆယ်ဖို့က အရေးကြီးလှ ပါသည်။

ပုံမှန်လူတစ်ယောက် တစ်နေ့လုံး အလုပ် လုပ်တယ် ထားပါဦး။ ထိုလူသည် ပိုက်ဆံ တစ်ထောင်ကျပ်ရမည် ဖြစ်သည်။ ထို တစ်ထောင်ကျပ်ကို လမ်းစရိတ်၊ စားစရိတ်များ တစ်နေ့စာအတွက် ပြန်နှုတ်လိုက်တော့ သုံးရာ လေးရာ ၀န်းကျင် ကျန်မည် ဖြစ်သည်။ ထိုသုံးရာကို တစ်ချို့ လူတွေက လက်ဖက်ရည်ဆိုင်လေး ထိုင်လိုက်၊ ဆေးလိပ်လေး ဖွာလိုက်၊ ကွမ်းရာလေး ၀ါးလိုက်နဲ့၊ မသိမသာ ကုန်သွားရော။ မိမိတို့၏ သားသမီးတွေကို ဘယ်လို ထောက်ပံ့ရမည်နည်း။ အကယ်လို့များ နေမကောင်း အဆင်မပြေခဲ့သည် ရှိသော် မည်သို့ ဆေးဝါး ကုသ မည်နည်း။ ရှိနေသော အစိုးရ ဆေးရုံ၊ အများ ပြည်သူ ဆေးရုံတွေက ကုပေးလား ဆိုတော့ ကုတော့ ကုပေးပါသည်။ ဒါပေမယ့် သူတို့လည်း ပစ္စည်း အလုံအလောက် မရှိပါ။ ဒါတွေ ပြောမည် ဆိုရင် တိုင်းပြည် ကျန်းမာရေးက ဆက်လက် ပါဝင် လာပါဦးမည်။ ဒီလို လူတွေ စိတ်ပိုင်းဆိုင်ရာရော၊ ကိုယ်ပိုင်းဆိုင်ရာပါ၊ ဆင်းရဲနေတော့ အားလုံး ဒုက္ခရောက်နေပါသည်။ ဒီလို ငတ်ပြတ် ဒုက္ခရောက်နေတော့ လူတွေ စားဝတ်နေရေး ပူပန်နေကြရရင်း နိုင်ငံရေး ဘက်ကို အများအားဖြင့် မလှည့်နိုင်ကြပါ။ ဒါတွေ အားလုံးကိုလည်း သူတို့က ရည်ရွယ်ပြီး ဖန်တီးထားတော့ အရာအားလုံးက တစ်ခုနှင့် တစ်ခု ဆက်နွယ်ပြီး ဖြစ်ပျက်နေပါသည်။

ရှင်းရှင်း ပြောရရင် ပြဿနာ တစ်ခု (စားဝတ်နေရေး) ကို ဖြေရှင်းချင်တယ် ဆိုရင် အရင်းကနေ ဖြေရှင်းရပါမည်။ သစ်ပင်တစ်ပင် မှာ အမြစ်ကြီး မှာ ပုပ်သိုးနေသည့် အပိုင်းရှိနေရင် ထို ပုပ်နေတဲ့ အပိုင်းကို မဖြတ်တောက် ပစ်ရင် သစ်ပင်ကြီး ဆက်လက်ရှင်သန် ဖို့ အင်မတန် ဒုက္ခရောက် ရပါမည်။ ကံဆိုးပါက သေဆုံးသွားနိုင် ပါသည်။ အခုလို မြန်မာပြည် သည်လည်း အခြေခံ ကျသော နိုင်ငံရေးမှ စပြီး မဖြေရှင်းနိုင်ပါက ကျန်သည့် ဆက်နွယ် ပေါင်းစည်းနေသော ပညာရေး၊ စီးပွားရေး၊ စားဝတ်နေရေး၊ ကျန်းမာရေး အစရှိသည့် နယ်ပယ်တို့ကိုလည်း ဖြေရှင်း နိုင်မည် မဟုတ်ပါချေ။

အချိန်တွေ ကြာလာသည် နှင့် အမျှ .... ယနေ့ ကမ္ဘာကြီးဟာ အရှိန်အဟုန်နှင့် ဖွံ့ဖြိုး တိုးတက်နေပါသည်။ ယနေ့ ၂၁ ရာစုမှာ နည်းပညာ၏ အသီး အပွင့်တွေကို စားသုံးနေကြသော ကမ္ဘာပေါ်ရှိ သန်းပေါင်း မြောက်မြား စွာသော လူများ၏ နိုင်ငံရေး အမြစ်ကို ရှာဖွေကြည့် မည်ဆိုလျှင် တစ်နည်းမဟုတ် တစ်နည်း ကောင်းမွန် သာယာ ဖွံ့ဖြိုးသော စနစ်ကို တွေ့ရမည် ဖြစ်သည်။ ဒါတွေ အားလုံး ကြားထဲမှာ ကျွန်တော်တို့ မြန်မာ နိုင်ငံက ပုပ်သိုးနေသော အမြစ်အိုကြီးနှင့် ခရီးဆက်ရင်း ဆက်ရင်း၊ ထို အကျိုးဆက်ကြောင့် သစ်ပင်ကြီး ၏ အကိုင်း အခက်တွေပါ ကူးဆက် လာမည်ဖြစ်သည်။ ထိုအချိန်ကျရင် သစ်ပင်ကြီး၏ အရွက်တွေ၊ အသီးတွေ၊ အပွင့်တွေ အားလုံး ထိခိုက်သွားပြီး၊ သစ်ပင်ကြီးက အသီးအရွက် အသစ်တွေ မထုတ်လုပ် ပေးနိုင်တော့ ရင်၊ အမြစ် တစ်ခုလုံးကြီး ပုပ်သိုးသွားရင်၊ ဖြစ်ပျက်လာမည့် အကျိုးဆက်တွေ ကို မတွေးဝံတော့ပြီ။ ရေရှည်တွင် သစ်ပင်ကြီး ရှင်သန်ဖို့ ... ထိရောက်သော ကုသမှု တစ်ခုတော့ လိုအပ်နေသည်ဟု ယုံကြည်ရင်း

ရင်နာစွာဖြင့်
Tea

6 comments:

PP said...

ထမင်းရည်ကို နည်းနည်းပြောချင်ပါတယ်။ ဒါရန်ကုန်တနေရာတည်းမဟုတ်ပါဘူး ပေဖူးတို့ မန္တလေးမှာနေတုန်းက ဦးပိန်တံတားဘေးမှာ ထမင်းရည်ကို ပုလင်းနဲ့ ထည့်ရောင်းတာတွေ မြင်ဖူးပါတယ်။ ထည့်တဲ့ ရေသန့်ဘူးအခွံတွေက မသန့်ပါဘူး။ ထမင်းရည်ဆိုတာလဲ လုံလောက်တဲ့ အာဟာရမပေးနိုင်ပါဘူး။ တို့ဗမာပြည်ကြီးလဲ ဒီလိုနဲ့ ရှင်သန်တတ်နေတာ ကြာပါပြီ။

Anonymous said...

ကြားရတာ စိတ်မကောင်းပါဘူး။ အားလုံးဟာ ဒီလိုပဲ ဒုခ ရောက်နေကြရပါတယ်။

Anonymous said...

I do not really want to see Burma to be like that! Like you said, the tree may be dead one day. Nothing can stand long enough for such hurting.

=(

Anonymous said...

အားလုံး ပြောင်းလဲဖို့လိုနေတာ၊ အရေးကြီးဆုံးတစ်ခုက နိုင်ငံရေးကြီးပဲဖြစ်ပါတယ်။ ပြောထားသလိုပဲ အမြစ်ကနေ ပြောင်းပစ်ရမှာပါ။

၁။ ဖွံ့ဖြိုးပြီး နိုင်ငံ (Developed Countries)
၂။ ဖွံ့ဖြိုးဆဲ နိုင်ငံ (Developing Countries)
၃။ မဖွံ့ဖြိုးဆုံး နိုင်ငံ (Least Developed Countries)

၃ ထဲက ထွက်ဖို့ အင်မတန်ကြာမြင့်ဦးမယ်လို့ ထင်ပါတယ်။

Anonymous said...

တီးပြောတာ မှန်တယ်

ဒို့အားလုံး အမြစ်ပုပ်ကြီးကို ရှင်းမှရမယ် ဒါဟာ နည်းလမ်းမှားကို ရှင်းဖို့ ပြောတာ ဒို့ တိုင်းပြည် ဒို့ လူမျိုး(တိုင်းရင်းသားအားလုံး၊ အဖွဲ့အစည်းအားလုံး )အတွက်ပြောတာ ဒို့တွေညီညီညွတ်ညွတ်နဲ့ နည်းလမ်းမှန်ရှာပြီး ၀ိုင်းဝန်းကြိုးစားရမယ် အားလုံးအမှန်ကို လက်ခံပြီး ညီညီညွတ်ညွတ်နဲ့ ဒို့ပြည်ကို ပြန်ကောင်းအောင်လုပ်ကြပါစို့

တစ်ဖက်တစ်လမ်းက အမှန်ကို မြင်အောင်ပြောပေးတဲ့တီးကို အရမ်းကျေးဇူးတင်ပါတယ်

Anonymous said...

i agree with that... every problem is causing by the roots...
keep going...

(^_^)