ဗိသုကာဆိုတာ ဘာလဲလို့ လာမေးနေတဲ့သူတွေ အတွက် ဒီတစ်ပတ်တော့ ဗိသုကာဆိုတာကို ရှင်းပြပါမယ်။ ပို့စ် တင်တာ နည်းနည်းနောက်ကျသွားတာ ခွင့်လွတ်ပါဗျာ။ အဖေရောက်နေတာနဲ့ ကွန်ပျူတာကို တစ်နေကုန် မကိုင်နိုင်ဘူး။ (မကိုင်ရဲတာလဲပါတယ်၊ ပူညံပူညံလုပ်တတ်လို့လေ။) တီးကတော့ ကန်ထုတ်ချင်နေပြီထင်ပါရဲ့။ မပြီးသေးဘူးလား ဆိုပြီး တစ်လားထဲ လားနေတာ။
ကဲ၊ ဗိသုကာဆိုတာကို အကြမ်းဖျင်းအားဖြင့်တော့ ဆောက်လုပ်ရေး၊ အင်ဂျင်နီယာ တို့နဲ့ဆက်နွယ်နေတယ်လို့ သိကြမှာပေါ့။ အဆောက်အအုံ အကြောင်းတွေကြီးပဲ ပြောနေတာကိုး။ ဟုတ်တယ်မလား။ အလှပတရားတွေ လည်း ပါတာမို့ အနုပညာရပ် တစ်ခုလည်းထင်ကောင်း ထင်နိုင်ပါတယ်။ ဗိသုကာမှာ သတ်မှတ်ချက်တွေ အဓိပ္ပါယ်ဖွင့်ဆိုချက် အရည်အသွေး အဆင့်အတန်းတွေ အများကြီးရှိပါတယ်။ ဗိသုကာ လက်ရာတစ်ခုဟာ အဲ့ဒီ့ တည်ရှိရာနေရာရဲ့ ယဉ်ကျေးမှု အဆင့်အတန်းကို ဖော်ညွန်းတယ်။ ဗိသုကာ အဆင့်အတန်း မြင့်မားချိန်ဟာ နိုင်ငံရေး၊ စီးပွားရေး ထွန်းတောက်တဲ့ အချိန်လို့ အများအားဖြင့် ယူဆနိုင်တယ်။ ဥပမာ- ဘေဘီလုံ ဥယျာဉ်တို့၊ အီဂျစ်က ပိရစ်မစ်တို့၊ ရောမက ဘာသာရေး အဆောက်အအုံကြီးတွေ ဟာ အဲ့ဒီ နိုင်ငံ အဲဒီ့အချိန်မှာ ဘယ်လောက်ထိ တိုးတက်လို့ ဘယ်နည်းပညာတွေနဲ့ ဘယ်လိုလှပအောင် ဆောက်တည် နိုင်ခဲ့သလဲ ဆိုတာ တွေ့နိုင်တယ်။ ကျွန်တော်တို့ရဲ့ ပုဂံကိုလည်းကြည့်ပါ။ ဘယ်လောက်ထိ အနုပညာ ယဉ်ကျေးမှု တန်ဖိုး မြင့်မားခဲ့ သလဲဆိုတာ။ နိုင်ငံရေး၊ စီးပွားရေး တွေနဲ့ ဘယ်လိုဆက်စပ်တာလဲဆိုတာ တော်ကြာမှ ရှင်းပြပါ့မယ်။ လောလောဆယ် ဗိသုကာကို ဆက်ရှင်းရအောင်။
ဗိသုကာဆိုတာ အဆောက်အအုံ၊ ပတ်ဝန်းကျင် အခင်းအကျင်း တွေကို အနုပညာ လက်ရာမြောက် ဒီဇိုင်းဆွဲ ဆောက်လုပ်ခြင်းလို့ အဘိဓာန်ကဖွင့်ပါတယ်။ ဗိသုကာပညာရှင်(Architect) ဆိုတာကတော့ အထက်ပါ အကြောင်းအရာတွေကို စွမ်းဆောင်နိုင်တဲ့ သူပေါ့ဗျာ။ တစ်ချို့ က ဗိသုကာဆိုတာ သိပ္ပံပညာနဲ့ အနုပညာကို ရောစပ်ထား တဲ့ပညာရပ်ပါတယ့်။ ဘာဖြစ်လို့လဲဆိုတော့ ဗိသုကာပညာရှင် တစ်ယောက်ဟာ သူလိုအပ်တဲ့ ဒီဇိုင်းကို အင်ဂျင်နီယာ နည်းပညာနဲ့ ဆောက်လုပ်ဖို့ဖြစ်နိုင် မဖြစ်နိုင် စဉ်းစားရသေးတယ်။ civil engineerတွေက တွက်ချက်ပေးရတယ့် အတွက် တစ်ခါတစ်လေ ဗိသုကာပညာရှင်တွေက စိတ်ကူးသိပ်ယဉ်တယ်။ မဟုတ်ကဟုတ်က တွေသိပ်ဆွဲတာပဲ လို့ပြောကြတယ်လေ။ ဗိသုကာပညာရှင်တွေ ကလည်း တော်တယ့် ကောင်းတဲ့ အင်ဂျင်နီယာတစ်ယောက်က ဆွဲပေးတဲ့ပုံစံကို တစ်သွေမသိမ်းဆောက်နိုင် ရတယ်တဲ့။ (သဘာဝ ကို ဆန့်ကျင်တဲ့ ဒီဇိုင်းလဲဘယ်သူမှမဆွဲပါဘူး။ ဘယ်ဗိသုကာပညာရှင်မှ လေပေါ်မှာ အိမ်ဆောက်ပါလို့ဆိုပြီး ဒီဇိုင်းမှဆွဲမပေးဘူး။) ကဲ မဆောက်ရသေးခင် ခွပ်ကုန်ကြပြီ။ ဒါပေမယ့် အကောင်းဆုံးဆိုတာ အဆွေးအနွေး အငြင်းအခုံ ကပဲ ထွက်လာတာ မဟုတ်လား။ မဆွေးနွေးနိုင်ရင် ဘာမှဖြစ်လာမှာမဟုတ်ဘူး။ ဒါပေမယ့် ချီကာဂို ကြောင်လိမ်ကို ဆွဲတဲ့ ကာလာထရာဗာ ကတော့ ဗိသုကာပညာရှင်တစ်ဖြစ်လဲ၊ civil engineerတစ်ဖြစ်လဲ ပါ။ သူ့ဟာသူ ဒီဇိုင်းပြဿနာကို ကိုယ်တိုင်ဖြေရှင်းနိုင်တာပေါ့။
အမေရိကန် ပန်းပုဆရာ ရစ်ချတ် ဆာရာ ကို အနုပညာ(Art) နဲ့ ဗိသုကာ(Architecture) ဘာကွာသလဲ လို့မေးတော့ သူက “အနုပညာဟာ အသုံးချနိုင်စွမ်း ရည်ရွယ်ချက်မရှိ (art serves no purpose)” တဲ့။ သေချာတာ ကတော့ ဗိသုကာဟာ လက်တွေ့ အသုံးချလို့ရတယ်။ ပန်းချီဆရာသမား တစ်ယောက်ဟာ နေ့စဉ်လူတွေရဲ့ လိုအပ်ချက်တွေကို တွေးတောစရာမလို၊ အတားအဆီးမရှိ စိတ်ကြိုက် စိတ်ကူးနဲ့ ရေးဆွဲနိုင်တယ်။ ဗိသုကာကတော့ လက်တွေ့ပေါ်ကို ခိုင်ခိုင်မာမာ အခြေခံတယ်။ လူထုနဲ့ ထိတွေ့နေရတယ့် အတွက်ကြောင့် ပြခန်းမှာ ပြထားတဲ့ ပန်းချီကားတစ်ချပ် ပန်းပုတစ်ခုလို စိတ်ဝင်စားတဲ့သူသာ လာကြည့်မယ့် ပစ္စည်းမဟုတ်ဘူး။ ဗိသုကာဟာ အားလုံးအတွက် ဖြစ်တယ်၊ စားဖို့၊ နေဖို့၊ ဆော့ကစားဖို့၊ လှုပ်ရှားသွားလာဖို့ နေရာတွေဖြစ်တယ့် လူတို့ ဘ၀ရဲ့ ပြခန်းကြီး ဖြစ်တယ်။
၁၉ရာစုတုန်းက ဂျွန် ရပ်စ်ကင် က ဗိသုကာလက်ရာ ကောင်းကောင်းတစ်ခုဟာ တခြားနာမည်ကြီး အနုပညာပစ္စည်းတစ်ခုခုနဲ့ ဆက်နွယ်ထားနိုင်မှ လူတို့ရဲ့ ဖန်တီးနိုင်မှုက ပေါ်လွင်မယ်တဲ့။ ဒါပေမယ့် အခုတော့မဟုတ်တော့ပါဘူး။ ဘယ်ဗိသုကာပညာရှင်မှ ကိုယ်ယုံကြည်ရာကို အနုပညာမြောက်မြောက် နဲ့ အောင်အောင်မြင်မြင် ဖော်ညွှန်းနိုင်ဖို့ သူတို့ရဲ့ ဖန်တီးမှုကို အခြားနာမည်ကြီးတွေနဲ့ ဆက်နွယ်စရာမလိုပါတဲ့။ စိန်နားကပ် ကြောင့် ပါးပြောင်တာကို မလိုချင်ဘူးလေ။ ကိုယ့်ဒီဇိုင်းနဲ့သာ ပါးပြောင်ချင်တာပေါ့။ ဟုတ်တယ်မလား။
အချုပ်အားဖြင့်ဆိုရသော် ဗိသုကာဆိုတာ အနုပညာလက်ရာ မြောက်အောင်ဆွဲရုံမက လူတွေ သက်တောင့်သက်သာနေထိုင် နိုင်အောင် အဆင်ပြေပြေ အသုံးချနိုင်အောင် စီစဉ်ရပါတယ်။ အခြေခံ ဒီဇိုင်း အယူအဆတွေကို မျက်စိပသာဒရှိအောင် အသေးစိတ်ကို အချိုးအစားမှန်မှန် နေရာအနေအထား (composition) မှန်မှန်နဲ့ ဘေးပတ်ဝန်းကျင် ကိုလည်း ထိခိုက်မှုမရှိအောင်ဆွဲရပါတယ်။ တခြားအများကြီး ရှိပါသေးတယ်။ အဓိက အချက်တွေကိုပဲ ပြောထားတာပါ။ ယဉ်ကျေးမှုနဲ့ ဆိုင်တယ့် အဆောက်အအုံတွေဆို ခန်းနားအောင် ဒီဇိုင်းထုတ်မှာလား။ ဘာသာရေးနဲ့ဆိုင်ရင် ဘယ်လို ဒီဇိုင်းဆွဲရမှာလဲ။ စသဖြင့် နယ်ပယ်အရပ်ရပ် ပေါ်မူတည်ပြီး အမျိုးမျိုးရှိပါတယ်။ ဗိသုကာမှာ ထပ်ခွဲထားသေးတယ်၊ အတွင်းဒီဇိုင်း (interior design)နဲ့ မြေယာအလှ ဗိသုကာ(landscape architecture) ဆိုပြီးတော့။ အဲ့ဒါတွေတော့ ရင်းနှီးကြမှာပါ။ အိမ်တွင်းအလှဆိုပြီး ပလာစတာကောနစ်တွေ လိုက်ကက်တဲ့ ကုမ္ပဏီ ကျော်ညာ (ကြော်ငြာမဟုတ်) တွေလေ။ ကဲဒီလောက်ဆို ဗိသုကာ အကြောင်းနည်းနည်းလေး သိကြပြီပေါ့။
နာမည်ကြီး ဗိသုကာလက်ရာမြောက် ရှေးဟောင်းအဆောက်အအုံ၊ ခေတ်ပြိုင်အဆောက်အအုံ အချို့ တွေရဲ့ ပုံတွေကိုဖော်ပြပေးလိုက်ပါတယ်။
ပြင်သစ်က Notre Dame Cathedral
ကမ္ဘောဒီယားက AngkorWat
အိန္ဒိယက Taj Mahal
အမေရိကန်က Falling Water House
သြစတြေးလျက Sydney Opera House
ဒူဘိုင်းက ကျွန်တော်ကြိုက်တဲ့ Burj-Al-Arab Hotel
ဗိသုကာအကြောင်းနဲ့ ပတ်သက်လို့ မြန်မာပြည်မှာ ဘာကြောင့် အသိနည်းပါးရသလဲ ဆိုတာ ကျွန်တော်စဉ်းစား ကြည့်ဖူးတယ်။ တန်ဖိုးကြီး အနုပညာ ပစ္စည်းဆိုတာ လူတွေချမ်းသာမှ ပျော်ပျော်ပါးပါး နေနိုင်ထိုင်နိုင်မှ ဒါတွေကို စိတ်ဝင်စားနိုင်မှာလေ။ ၀မ်းမ၀ပဲနဲ့ တော့ မရှိလည်းဖြစ်တဲ့ အလှအပ အနုအရွတွေကို ဘယ်ကလာ အချိန်ပေး ခံစား တန်ဖိုးထား နိုင်ကြမှာလဲ။ ဒါကြောင့် ဗိသုကာဆိုတာ နိုင်ငံရေး စီးပွားရေး လူမှုရေးတွေနဲ့ အများကြီး ဆိုင်တယ်လို့ ပြောတာပေါ့။ ဘာလို့မိုးမျှော်တိုက်တွေကို အပြိုင်အဆိုင်ဆောက်ကြတာလဲ။ အကောင်းဆုံး အထူးအဆန်းဆုံး ဒီဇိုင်းတွေကို ထွင်ပြီးဆောက်တာလဲ။ အဲ့ဒါတွေဆောက်ဖို့ ငွေသန်းချီကုန်တယ်ဗျ။ စီးပွားရေး မကောင်းတဲ့ နိုင်ငံတွေဟာ ဒီအလှအပတွေအတွက် ပိုက်ဆံမဖြုန်းနိုင်ကြဘူး။ ဒါပေမယ့် အပေါ်ယံ အလှအတွက် နှမ်းဖြူးတဲ့ နိုင်ငံတွေလဲမရှားပါဘူး။ တိုက်နှစ်တိုက်နဲ့ လုပ်စားနေတာလေ။ ၁၉၉၆ ကတည်းက တိုက်နှစ်တိုက်ကနေ မတက်နိုင်တော့ဘူး။ မြင့်လားဆိုတော့လည်း အထပ် ၂၀ ကျော်လေး။ နိုင်ငံသားပိုင်လား ဆိုတော့လည်း နိုင်ငံခြားသားပိုင်။ ကောင်းပါ့။
ကျွန်တော် ဗိသုကာကို လေ့လာသင်ယူဖို့ ဆုံးဖြတ်တာဟာ ပုဂံသွားပြီးတဲ့ နောက်ပိုင်းမှပါ။ ကျွန်တော်တို့ရဲ့ ဗိသုကာ အဆင့်အတန်း ဘယ်လောက်မြင့်မားခဲ့ လည်းဆိုတာ အခု ခေတ်ကို ကြည့်ပြီး မျက်ရည်လည်ခဲ့ရတယ်။ ထားပါတော့။ ဗိသုကာဆိုတာ ယနေ့ မြန်မာပြည် ဆောက်လုပ်ရေးမှာ အပယ်ခံဘ၀ လောက်နီးနီးပဲ။ ဗိသုကာပညာရှင်ငှားရတာ ဈေးကြီးတာကိုး။ (ဈေးကြီးတယ်သာ ပြောတာ မြန်မာပြည်က ဗိသုကာပညာရှင် တွေလည်း ဘာမှသိပ်မရကြပါဘူး။) ဒီဇိုင်းအတွက် ပိုက်ဆံမကုန်ချင်တော့ နေလို့ရပြီးရော ရောင်းထွက်ပြီးရော ဆိုပြီးဆောက်လိုက် ကြတာတွေ။ နံမည်ကြီးကော မကြီးတကြီးကော ဆောက်လုပ်ရေးကုမ္ပဏီ တစ်ချို့ ဆောက်လိုက်ကြတာ အချိုးမကျတဲ့ ရောမခေတ်တိုင်လုံးကြီးတွေ၊ အပွင့်တွေအခက်တွေနဲ့ ရစရာကို မရှိဘူး။ ကန်တော်လေး ပတ်ဝန်းကျင် သွားကြည့်၊ တွေ့ပါလိမ့်မယ်။ ဗိသုကာဆိုတာ အဲ့ဒီ တိုင်လုံးကြီးတွေ ထည့်လိုက်လို့ ဗိသုကာ ဖြစ်သွားတာ မဟုတ်ဘူး။ အဲ့ဒီဟာတွေက ရောမဘုရားကျောင်းကြီးလို၊ အနောက်တိုင်း အစိုးရ အဆောက်အအုံကြီးတွေ နန်းတော်ကြီးတွေနဲ့ သာလိုက်ဖက်တာပါ။ လူနေအိမ်တွေမှာ ထည့်လို့ မသင့်တော်ပါဘူး။ ခမ်းနားချင်လို့ ထည့်လိုက်ပေမယ့် မလှတဲ့အပြင် ခေတ်နောက်ပြန်ဆွဲသလိုပါပဲ။ ဒါဟာ ဂျွန် ရပ်စ်ကင် ပြောသလို တခြား အနုပညာပစ္စည်းနဲ့ ပါးပြောင်အောင်လုပ်တာပဲ။ အခုခေတ်မှာ originality ကိုဦးစားပေးတယ့် အတွက် အဲ့ဒီ့ အတွေးတွေက ဒိတ်အောက်နေပြီ။ အခန်းဖွဲ့စည်းပုံကလည်း ထောင်ထက်ဆိုးတယ်။ လှေကားဆို နှစ်ယောက် တက်လို့မရအောင် ကြတ်တာ။ နိုင်ငံခြားမှာဆို တရားဆွဲခံရ ပြီးပြီ။ နောက်ပြီး အိမ်တွင်းအလှဆင်ဆိုပြီး ပလာစတာ ကောနစ်တွေကက်လိုက် ကြတာလဲ မကြည့်ချင်အဆုံး။ အလှဆင်လို့တောင် မခေါ်ချင်တော့ဘူး။ မကက်နဲ့လို့ မပြောပါဘူး။ လိုတာထက် မပိုစေချင်တာပါ။ ဒါက ကျွန်တော့်အတွေး။ မြန်မာပြည် မချွတ်ချုံ ကျခင် နိုင်ငံခြား ဗိသုကာပညာရှင်တွေခေါ် ဆောက်ခဲ့တာပဲ။ မြန်မာ့အသံရုပ်မြင်သံကြား အဆောက်အုံတွေ၊ ဦးနှောက်မရှိ ဗိသုကာတန်ဖိုး မသိတဲ့သူတွေ ဖြိုလိုက်ကြတဲ့ ဆေးတက္ကသိုလ်နားက လိပ်ခုံး စတာတွေဟာ တစ်ချိန်က နာမည်ကြီး ခဲ့တဲ့ဟာတွေလေ။ ဟိုတလောကလည်း အထပ်မြင့်တွေ ဆောက်ပါတော့မယ်နဲ့ ကြွေးကြော်လိုက်ကြတာ။ စင်ကာပူဒီဇိုင်း၊ ယိုးဒယားဒီဇိုင်းနဲ့ စုံလို့။ ဘဏ်ကိစ္စလည်း ဖြစ်ပြီးရော ပရောဂျက်တွေအကုန်ရပ်၊ မရပ်ရင် လိပ်ထက် နှေးသွားရော။ ဒါကြောင့်ပြောပါတယ်။ နိုင်ငံရေး၊ စီးပွားရေးက ဗိသုကာထွန်းကားရေး အတွက် အခြေခံကျတယ်ဆိုတာ။
အမေရိကန် သမ္မတ ဂျွန်အဒမ်(John Adams) က “ကျွန်ုပ် စစ်နှင့်နိုင်ငံရေးကို အရင်ဆုံးလေ့လာရမယ်၊ ဒါမှ ကျုပ်ရဲ့နောက် မျိုးဆက်သစ်တွေ စီးပွားရေး၊ စိုက်ပျိုးရေး၊ အခြားအသက်မွေးဝမ်းကျောင်းတွေကို လွတ်လွတ်လပ်လပ် လုပ်ကိုင်နိုင်ပြီး သူတို့တွေရဲ့သားသမီးတွေ အလှည့်ကျရင် ပန်းချီ၊ ကဗျာ နှင့် အခြား အနုအလှတွေကို ခံစားလေ့လာနိုင်စေဖို့အတွက်” တဲ့။ ကျွန်တော်အရမ်းကြိုက်တဲ့ quote လေးပါ။ မူရင်းက “I must study war and politics so that my children shall be free to study commerce, agriculture and other practicalities, so that their children can study painting, poetry and other fine things”. တစ်ခါတလေ ကျွန်တော်တွေးကြည့်တယ်။ ဗိသုကာ အနုပညာဆိုတာ လူတွေတန်ဖိုးထားနိုင်ဖို့ တစ်ကယ်ပဲ ခက်ခဲသလားလို့။ ကျွန်တော့် မြန်မာနိုင်ငံမှာ ပြည်သူတွေ ဗိသုကာ တန်းဖိုးခံစားနိုင်ဖို့ရာ John Adams ပြောသလို နိုင်ငံရေးများ လုပ်ရလေမလား။ ကျွန်တော်ကနိုင်ငံရေး မလုပ်ချင်ဘူး။ လုပ်ရင်လည်း ကျွမ်းကျင်မှာမဟုတ်လို့။ ဒါပေမယ့် မြန်မာပြည်သူပြည်သားတွေ ဗိသုကာအနုပညာကို ခံစားတတ်လာအောင် တန်ဖိုးထားတတ်လာအောင် လုပ်ဖို့တော့ ရည်ရွယ်ချက်ရှိတယ်။ ကျွန်တော်တတ်နိုင်သလောက် လည်းလုပ်သွားမှာပါ။ ဗိသုကာ အကြောင်း ဘလော့စရေးတာက အစဦးပေါ့ဗျာ။ ကျွန်တော်လေရှည်တာ လည်းများသွားပြီ။ ရေးရင်းနဲ့ ရှုပ်သွားတာရှိရင် ခွင့်လွှတ်ဗျာ။ ဆင်ခြေတွေမပေးချင်ပါဘူး။ ဒါပေမယ့် အခုတလော အလုပ်များပြီး စိတ်ရှုပ်နေလို့ စာကောင်းကောင်း မရေးနိုင်ဘူး ဖြစ်နေတယ်။ တောင်းပန်ပါရစေ။ မရှင်းတာရှိရင် သိချင်တာရှိရင် email ပို့မေးနိုင်ပါတယ်။ C-Boxမှာ သွားအော်ထားရင်တော့ သတိမထားမိတတ်ဘူး။ မှတ်ချက်ပေးထားခဲ့ပေါ့ဗျာ။
စာဖတ်သူတွေ ဗိသုကာ အကြောင်း စိတ်ဝင်တစား ဖတ်နိုင်ပါစေလို့။
ဘယ်ဗိသုကာကိုမဆိုခုံမင်တဲ့
လင်းစစ်သူ
Saturday, June 14, 2008
ဗိသုကာဆိုတာဘာလဲ။
Subscribe to:
Post Comments (Atom)
14 comments:
ညီလေးရေ.
အားမလျော့နဲ့ .ကိုယ်တို့ နောင်လာနောင်သားတွေ အတွက်ပဲပေါ့.
Archi ကိုထိတွေ့ ခွင့်ရလို့ ကျေးဇူးတင်ပါတယ်..
ဆက်ရေးပါ.အားပေးနေပါတယ်.
thanks for ur post.
လင်းစစ်သူေ၇ ဒီ ပို့စ်လေးတွက် အရမ်းကျေးဇူးတင်ပါတယ် ဗိသုကာဆိုတာဘာလဲဆိုတဲ့အရာနဲ့ပတ်သတ်ပြီးပြောပြတဲ့အတွက်ရယ်ဗိသုကာကိုတန်ဖိုးထားတဲ့မောင်လေးရဲ့စိတ်ထားနဲ့ ဗိသုကာ ကို တန်ဖိုးထားပြီးအသိတရားတွေကိုရိုက်သွင်းပေးလိုက်တဲ့အတွက်အထူးကိုကျေးဇူးတင်ပါတယ်
ဟုတ်ပ။ ဗမာပြည်က တိုင်လုံးရောဂါက မသေးဘူးနော်။ ဘာလဲတော့ မသိ အိမ်စ ဆောက်တာနဲ့ တိုင်လုံးက အရင်။ :P
ကျုပ်တို့မြန်မာနိုင်ငံက မလွယ်တဲ့ထဲမှာ ဗိသုကာကလည်း ပါသကိုး... အင်းနော်.. ဒုက္ခပါပဲ.. ရှင်းပြပေးတာ ကျေးဇူးတင်ပါတယ်။ :)
ဘာပဲပြောပြော တစ်ချိန်ကတော့ မြန်မာပြည်ဟာ...
(တော်ပီ - ၀မ်းနည်းလာပြီ.. မပြောချင်တော့ဘူး)
တစ်ချိန်ကတော့..
တစ်ချိန်ကတော့...
တစ်ချိန်ကတော့.......
ဆိုတာကြီးကို ပြန်တွေးမိတိုင်း ပြန်တွေးမိတိုင်း...
ရင်ထဲကောင်းဘူး..
:(
Tea
ကိုလင်းစစ်သူ....
post လေးကို အထူးနှစ်သက်မိပါတယ်..
ူကျမတို့ ရဲ့ အင်မတန် ဂုဏ်ယူဖွယ် ကောင်းတဲ့ ပုဂံ က ဗိသုကာ တွေကို ပုံတွေ ဝေဝေဆာဆာ နဲ့ တင်ဆက်ပေးစေချင်ပါတယ်.. ပုဂံ ဟာ ကျမကို မိန်းမူး သွားစေဆုံး နေရာတစ်ခုပါ ။ MM ကိုပြန်တိုင်း ပုဂံကို အရောက်သွားပြီး..ရွှေဆံတော်ပေါ် ကနေ ပုဂံရဲ့ နေဝင်ချိန်တွေကို ခံစားပါတယ်။ ပုဂံကို ကျမ အကြိမ်နှစ်ဆယ်ထက် မနည်းရောက်ဖူးပါတယ်။ ပုဂံမြေ ပေါ်ကိုခြေတစ်လှမ်းချမိတိုင်း...ခုန်သွားတဲ့ ရင်ခုန်မှု့ဟာ အခေါက်တိုင်း အတူတူမို့ပါ။ အရှည်ကြီး ရှင်းပြပြီး ပုဂံ ရဲ့ ဗိသုကာ နဲ့ပတ်သက်တဲ့ Post လေးကို Request ပါတယ်ရှင်။
(ခင်လေးငယ်)
ကျေးဇူးတင်ပါတယ်…အားလုံးကို…
ခင်လေးပုဂံဗိသုကာ အကြောင်း တောင်းဆိုတာ ၀မ်းသာအားရ ရေးပေးမှာပေါ့။ ရေးဖို့ အစကတည်းက အစီအစဉ်ရှိပါတယ်… ကိုးကားဖို့စာအုပ်တွေက မြန်မာပြည်မှာ ကျန်ခဲ့တယ်ဗျ။ မှတ်မိသလောက်တော့ အကောင်းဆုံး ကြိုးစားရေးပါမယ်။ ပုဂံအကြောင်းစာအုပ်တွေ အများကြီးရှိတယ်… ဒါပေမယ့် ဖတ်မယ်ဆိုရင် သမိုင်းအထောက် အထား ခိုင်ခိုင်မာမာ ရှိတယ့် စာအုပ်တွေပဲ ရွေးဖတ်ပါ။ ဒေါက်တာ သန်းထွန်း ရဲ့ တစ်နေ့တစ်လံ ပုဂံဘယ်ရွေ့ မလဲ ဆိုတာလဲမဆိုးဘူး။ ဗြိတိသျှသမိုင်းပညာရှင် G.H. Luce ကိုယ်တိုင် ပုဂံမှာသုတေသန လုပ်သွားပြီး ရေးတာတွေလဲရှိတယ်။
ပုဂံဆိုတာ ဘာနဲ့မှတန်ဖိုး ဖြတ်မရတဲ့ နေရာပါ။ မြန်မာပြည်ရောက်ပြန်ရင် ကျွန်တော်လည်း ထပ်သွားချင်သေးတယ်။ အခုမှ နှစ်ခေါက်ပဲရောက်သေးတယ်။ ခင်လေးထက်ဆယ်ဆ နောက်ရောက်နေတယ်။
ပို့စ်ကတော့ မကြာမီလာမည်…မျှော်….
အကြိမ်နှစ်ဆယ်ရောက်ဘူးမပေါ့.. သူ့ဇာတိကိုး.. သူ့ဇာတိကလည်း ကျုပ်ဇာတိပါဘဲလေ.. ဟုတ်တယ်ဗျ.. ရေးဗျာ.. မျှော်နေမယ်. ခင်မင်လေးစားလျက်.. (ကိုရင်နော်)
ကျေးဇူးပါ..ကိုလင်းစစ်သူ.. ခင်ဗျားရဲ့  ပို့ စ်တွေကို သေချာဖတ်ဖြစ်ပါတယ်.. ကြိုက်လဲကြိုက်ပါတယ်.. နောက်လဲ စောင့်မျှော်အားပေးနေပါမယ်..
ညီလေးလင်းစစ်သူ
ဗိသုကာပို့စ်တွေအတွက် ကျေးဇူးတင်သလို လေးလဲလေးစားပါတယ်။
“ဒေါက်တာ သန်းထွန်း ရဲ့ တစ်နေ့တစ်လံ ပုဂံဘယ်ရွေ့ မလဲ ဆိုတာလဲမဆိုးဘူး“ ဆိုတဲ့ ညီလေးရဲ့ အညွှန်းကိုတော့ ဖြုံသွားတာအမှန်ပဲ။
ဆရာကြီးလို ပုဂ္ဂိုလ်တစ်ဦးရေးသားတဲ့ စာအုပ်အပေါ် တော်ရုံလူ မပြောဝံ့တဲ့ စကားမို့ပါ (ကျွန်တော့် အနေနဲ့ပြောတာပါ)
တီးရေ “No one is perfect“ ပဲဆိုရင်တော့လည်း မပြောတော့ပါဘူး။
မေတ္တာဖြင့်
အမ်......
ဟုတ်လည်းဟုတ်ဘဲနဲ့....။
ခင်လေး ပုဂံသူ မဟုတ်ပါ ။
(ခင်လေး)
ဗိသုကာ အကြောင်းကို ပြည့်ပြည့်စုံစုံ မျှဝေထားတဲ့ ကိုလင်းစစ်သူကို လေးစားကျေးဇူးတင်မိပါတယ်ရှင် ...။
ခင်မင်လျက်
လေးမ
အမယ်လေးဗျာ…“ဒေါက်တာ သန်းထွန်း ရဲ့ တစ်နေ့တစ်လံ ပုဂံဘယ်ရွေ့ မလဲ ဆိုတာလဲမဆိုးဘူး“ ဆိုတဲ့ ညီလေးရဲ့ အညွှန်းကိုတော့ ဖြုံသွားတာအမှန်ပဲတဲ့…ကိုတောင်ငူက…
ကျွန်တော်တောင်းပန်ပါတယ်ဗျာ။ အရေးအသားမညက် တာတော့ ခွင့်လွတ်ပါ။ ကျွန်တော်ပြောတဲ့ မဆိုးဘူး ဆိုတာ တခြားသမိုင်းစာအုပ်တွေလို ပျင်းဖို့မကောင်းဘူးလို့ ပြောချင်တာ။ သူ့ဟာက ဖတ်ရတာ အားရတယ်လို့ပြောတာဗျ။ ဘယ့်နှယ့်…ကျုပ်ဆရာကြီးကို စော်ကားနေ သရောင်ရောင်… စကားမှားပြောမိရင် ကန်တော့ပါဗျာ။
Post a Comment