ဒါက အရင်အပတ်ကအကြွေး။ လင်းစစ်သူတို့ခင်မျာ အကြွေးတွေပတ်လည်ဝိုင်းလို့ ညှပ်သေတော့မယ်။ စာဖတ်သူတွေ ခွင့်လွှတ်သီးခံနိုင်ပါစေဗျာ။ ကဲ… ဆစ်ဒ်နီ အော်ပရာ ကဇာတ်ရုံအကြောင်း ဆက်ရအောင်ဗျာ။ ပထမ ပိုင်းမဖတ်ရသေးတဲ့သူတွေ အတွက် ဒီ လင့် ကို နှိပ်ပြီး သွားဖတ်နိုင်ကြောင်းပါ။ ဒုတိယပိုင်းဆက်ပါပြီ။
ပရောဂျက် ပထမအဆင့် မှာတော့ Utzon က တခြား ဒီဇိုင်း အသင်း နဲ့ အလုပ်ရှင် နဲ့ အောင်အောင်မြင်မြင် ဆောင်ရွက်နိုင်ပေမယ့် ပရောဂျက် ဆက်လက်ဆောင်ရွက်ရာမှာ သိလာတဲ့ အချက်က အသံစနစ်၊ ဖျော်ဖြေရေး နေရာ နဲ့ အခြားနေရာတွေ နဲ့ ပတ်သက်လို့ ပြိုင်ပွဲဝင် လိုအပ်ချက်တွေ မလုံလောက်တာ တွေ့ရှိရပြီး အလုပ်ရှင်ကလည်း ကုန်ကျစရိတ်တွေ ဆောက်လုပ်ရာမှာ ပါဝင်တဲ့ ဒီဇိုင်းနဲ့ ဆောက်လုပ်ရေး လုပ်ငန်းစဉ်တွေကို သဘောမကျဖြစ်နေပါတယ်။ အလုပ်ရှင်နဲ့ ဒီဇိုင်းအသင်းကြား ဆက်ဆံရေးဟာ ဆောက်လုပ်ရေး အချိန်ကို ဒီဇိုင်း ပြီးပြီး မပြီးပြီး အစောဆုံးစတင်ဖို့ လုပ်ငန်းရှင်တောင်းဆိုတဲ့အချိန်မှာ ပိုမိုတင်းမာလာပါတယ်။
အလုပ်ရှင်၊ ဗိသုကပညာရှင်၊ အင်ဂျင်နီယာတွေ နဲ့ ကွန်ထရက်တာတွေ အကြား တစ်နေ့တစ်ခြား ပိုမိုတင်းမာလာတယ်။ Utzon က အလုပ်ရှင်ဟာ ရှိရှိသမျှ ဆောက်လုပ်ရေးဆိုင်ရာ အချက်အလက်တွေ ဒီဇိုင်း အချက်အလက်တွေအားလုံး သူ့ ဒီဇိုင်း အသင်းတစ်ခုထဲမှ တစ်ဆင့် ရယူသင့်တယ်လို့ ယုံကြည်တယ်။ ဒါပေမယ့် အလုပ်ရှင်က ဗိသုကာ၊ ကွန်ထရက်တာ၊ အင်ဂျင်နီယာတွေ အားလုံး သူ့ ဟာသူ ပြန်လည် တိုက်ရိုက်တင်ပြဖို့ လိုလားတယ်။ ဒါပေမယ့် အင်ဂျင်နီယာ အသင်း Arup ကနေ အလုပ်ရှင်ကို တိုက်ရိုက်ဆက်သွယ်ဖို့ အကြောင်းကဖန်လာတယ်။ Peter Murray ပြောကြားချက်အရ Utzon သြစတြေးလျကို ပြောင်းလာပြီးနောက် သူ့ ရုံးကို သုံးလလောက်ပိတ်ထားပြီး ခရီးသွားနေတယ်။ Arups က သူ့ကို ဆက်သွယ်လို့ မရတဲ့အတွက်ကြောင့် တစ်ချို့ဒီဇိုင်း ရွေးချယ်မှုတွေကို Utzon မပါပဲလုပ်လိုက်ရတယ်။ ဒါက Utzon နဲ့ သူ့ အင်ဂျင်နီယာတွေ ဆက်ဆံရေးကို သိသိသာသာ သက်ရောက်သွားစေတယ်။
Utzon က အလုပ်ရှင်ရဲ့ Sydney Opera House Executive Committee ဝေဖန်ချက်တွေ မေးခွန်းတွေလည်း ဖြေဆိုဖို့ တွန့်ဆုတ်နေခဲ့တယ်။ ဒါပေမယ့် Utzon က ကော်မတီမှာပါဝင်တဲ့ မူလ ပြိုင်ပွဲဝင် အကဲဖြတ်ဒိုင်Professor Harry Ingham Ashworth ရဲ့ ထောက်ခံမှုကိုတော့ အပြည့်အ၀ရခဲ့ ပါတယ်။ သို့သော် Utzon ရဲ့ ခေါင်းမာမှု အလျော့မပေးနိုင်မှုတွေကြောင့် အလုပ်ရှင်တောင်းဆိုတဲ့ တစ်ချို့သော ဒီဇိုင်းပြင်ဆင်မှုတွေကို မလုပ်ပေးခဲ့ပါဘူး။ အကြီးတန်းအင်ဂျင်နီယာ Jack Zunz ကို Utzon ပြောခဲ့ဖူးတာက သူ ဘယ်လောက်ကုန်ကုန် ဘယ်လောက်ကြာကြာ ဘာပြဿနာဖြစ်ဖြစ် သူလိုချင်တာ ဒါဆိုဒါပဲ ဖြစ်ရမယ်တဲ့။ တော်တော် ခေါင်းမာတဲ့ လူကြီးပါလားနော်။
Utzon ရဲ့ စွမ်းဆောင်နိုင်မှုဟာ မေးခွန်းထုတ်စရာ မရှိခဲ့ပါဘူး။ Ove Arup ကတောင် Utzon ဟာ သူအလုပ်တူတူလုပ်ခဲ့သမျှ ဗိသုကာပညာရှင်တွေထဲမှာ အကောင်းဆုံးပါပဲတဲ့။ ဒါပေမယ့် အဲ့ဒီ့နှစ်တွေတောက်လျှောက် ဆက်ဆံရေးတွေဟာ ပိုလို့သာ ဆိုးလာပါတယ်။ Utzon က Minister of Public Work ရဲ့ ကိုယ်စားလှယ်ကိုလည်း ပုံတွေ စာရွက်စာတမ်းတွေကို ကြည့်ခွင့်မပေးခဲ့ဘူး။ နောက် Utzon ရဲ့ အလုပ်တွေကိုလည်း အငြင်းအခုံဖြစ်ကြပြီး အခကြေးငွေလည်း မပေးခဲ့ပါဘူး။ ဒီတော့ Arup အင်ဂျင်နီယာ အသင်းက ကြားနေ ဖြန်ဖြေ ပေးပြီး ပြန်လှယ်သင့်မြတ်ရေး အတွက် ဆောက်ရွက်ရပါတော့တယ်။
၁၉၆၅ မေ မှာ Davis Hughes က Public Works ဌာနရဲ့ ၀န်ကြီးဖြစ်လာပါတယ်။ အောက်တိုဘာမှာ Utzon က အဆင့် ၃ အတွက် သူ့လုပ်ငန်းစဉ် တွေရဲ့ အချိန်စာရင်းတွေကို တင်ပြပါတယ်။ နောက်တော့လည်း ပြဿနာဆက်ဖြစ်ပြီး Utzon က Hughes ကို ခင်ဗျားဒါမလုပ်ရင် ကျွန်တော်နုတ်ထွက်တယ် လို့ ပြောတော့ Hughes ကလည်း ခင်ဗျားနုတ်ထွက်စာကို ကျုပ်လက်ခံတယ်။ ကျေးဇူးတင်ပါတယ်။ နှုတ်ဆက်ပါတယ် ဆိုပြီး ပြီးသွားရော။ ဟော ပြတ်သားလိုက်ကြတာ။ အဲ့ဒါနဲ့ ဖေဖော်ဝါရီ ၁၉၆၆မှာ Utzon နုတ်ထွက်သွားတယ်။ Utzon နုတ်ထွက်စာတင်ပြီးနောက် သြစတြေးလျ ဗိသုကာပညာရှင် Harry Seidler နှင့် စာရေးဆရာ Patrick White တို့ဦးဆောင်ပြီး Utzon ကို ပြန်လည်ခန့်အပ်ဖို့ ဆစ်ဒ်နီလမ်းမပေါ်မှာ ဆန္ဒပြကြပါတယ်။ ဒါပေမယ့် အစိုးရက လက်မခံတဲ့အတွက် Utzon ဟာ သူ့မိသားစုနဲ့အတူ အပြီးအပိုင် ထွက်ခွာ သွားခဲ့ပါတယ်။ သူ့ရဲ့ masterpiece ကိုကြည့်ဖို့တောင် လုံးဝပြန်မလာခဲ့ပါဘူး။ မတ်လမှာတော့ Hughes က ပြန်ပြီးတော့ အရင်ထက် အဆင့်နိမ့်တဲ့ ကြီးကြပ်ခွင့်မရှိတဲ့ ဒီဇိုင်း ဗိသုကာအကြံပေး အဖြစ်နဲ့ တစ်ခြား ဗိသုကာချုပ်တွေရဲ့ အောက်မှာ လုပ်ဖို့ ခေါ်ပေမယ့် Utzon က ငြင်းပယ်ခဲ့ပါတယ်။ ဘယ်သူ့ကြောင့် ပြဿနာ တက်ရလည်း ဆိုတာကတော့ ဘောလီဘောပုတ်ကြတာပေါ့။ ဒါပေမယ့် အခုတော့ ဒီဇိုင်းအတွက် Utzon ကို အပြည့်အ၀ credit ပေးထားပါတယ်။
မကြာသေးမီကတော့ အတွင်းပိုင်း ပြန်လည်ပြင်ဆင်မွမ်းမံတဲ့ အစီအစဉ်မှာ Utzon က အရောင်မျိုးစုံနဲ့ ထူပြောလှတဲ့ဒီဇိုင်းကို အကောင်အထည်ဖော်ဖို့ မျှော်လင့်ချက်ရခဲ့ပါတယ်။ ဒါပေမယ့် သူက အခုချိန်မှာ အသက် ၈၀ ကျော်ရှိနေပြီ။ သူ့ရဲ့သား Jan ကတော့ ယခုဒီဇိုင်း အသင်းရဲ့ အပိုင်းတစ်ခုမှာ Utzon ရဲ့ ကိုယ်စားလှယ်အဖြစ် ပါဝင်ဆောင်ရွက်နေပါတယ်။ သူတို့ရဲ့ အဖွဲ့ဖြစ်တဲ့ Utzon Architects က ဆစ်ဒ်နီ ကဇာတ်ရုံ အသင်းနဲ့ သဘောတူညီချက်ရပြီး အနာဂတ်မှာ ဆက်လက် ဖွံ့ဖြိုးရေးစီမံကိန်းတွေ နဲ့ ပြန်လည်မွမ်းမံခြင်းလုပ်ငန်းတွေမှာ ပါဝင်လုပ်ဆောင်ခွင့်ရသွားပါတယ်။
ဖွံဖြိုးရေးလုပ်ငန်းစဉ်ထဲက တစ်ချက်ကတော့ ဒီဇိုင်း ဥပဒေသတွေကို စာတမ်းပြုစုထားဖို့ပဲ။ ဒီစာတမ်းက ဖတ်ရှုသူကို အဆောက်အအုံထဲ အတွင်းကျကျ ခေါ်ဆောင်သွားသလိုမျိုး နောက်ကွယ်မှာ ရှိတဲ့ ဒီဇိုင်းကို ဘယ်လို ဆုံးဖြတ်ချက်ချပြီး နောက်ဆုံး ဘယ်လို ရလဒ်တွေရခဲ့လဲဆိုတဲ့ ဒီဇိုင်း ဥပဒေသ တွေကို ရှင်းလင်းပြထားမှာပါ။ နောက်ပြီး ဒီစာတမ်းက နောင်လာနောက်သားတွေ အတွက် အဆောက်အအုံ ပြောင်းလဲ ပြင်ဆင်မှုတွေ လုပ်တော့မယ်ဆိုရင် လမ်းညွှန်စာတမ်းတစ်အုပ် အနေနဲ့ ကိုးကားနိုင်ဖို့ရန် အတွက်ပါ။ Utzon က ပြောခဲ့ပါတယ်။ ဒီအဆောက်အအုံ ဟာ အနုပညာအတွက် အမြဲတိုးတက်ပြောင်းလဲ အသက်ဝင်နေတဲ့ နေရာတစ်ခု ဖြစ်စေဖို့ သူမျှော်ကိုးပါတယ်။ နောင်လာနောက်သားတွေလဲ ဒီအဆောက်အအုံ ကို ခေတ်နဲ့အညီ အသုံးချနိုင်ဖို့ရာ ပြင်ဆင်နိုင်ဖို့ လွတ်လပ်မှုအပြည့် ရှိသင့်ပါတယ် လို့ ပြောသွားပါတယ်။ နောက်ပြီး သူ့အနေနဲ့ ဆစ်ဒ်နီ ကဇာတ်ရုံဟာ တူရိယာပစ္စည်းတစ်ခုလိုပါပဲတဲ့။ အမြဲတမ်း အကောင်းဆုံးနဲ့ အဆင့်အမြှင့်ဆုံး ဖျော်ဖြေနိုင်ဖို့ရာ အချိန်နဲ့အမျှ အသံညှိပေးရမယ်၊ ပြုပြင်ထိန်းသိမ်းမှုတွေ လုပ်ပေးရမယ်တဲ့။
ဆစ်ဒ်နီ ကဇာတ်ရုံ ကို ဘုရင်မ အဲလစ်ဇ်ဘတ် ၂ က အောက်တိုဘာ ၂၀၊ ၁၉၇၃ မှာ ဖွင့်လစ်ပေးခဲ့ပါတယ်။ အဲ့ဒီနေ့မှာပဲ Utzon က the Royal Institute of Architects Australia ရဲ့ ရွှေတံဆိပ်ဆုကို ချီးမြှင့်ခံရပေမယ့် သူကိုယ်တိုင် ဖွင့်ပွဲကိုတောင် မတက်ရောက်နိုင်ခဲ့ပါဘူး။
၂၀၀၃ခုနှစ်မှာ ဆစ်ဒ်နီ ကဇာတ်ရုံရဲ့ အနှစ် ၃၀ပြည့် မွေးနေ့မှာပဲ Jorn Utzon ဟာ ဗိသုကာလောကရဲ့ အမြှင့်ဆုံးဆုဖြစ်တဲ့ ပရစ်ဇ်ကာ ဗိသုကာဆုကို ချီမြှင့်ခံခဲ့ရပါတယ်။ Utzon ဒီဇိုင်းဆွဲတဲ့ ပထမဆုံး ဖျော်ဖြေရေးအတွင်းပိုင်းကို စက်တင်ဘာ ၁၆၊ ၂၀၀၄ မှာ ဖွင့်လှစ်ပြီး Utzon ကို ဂုဏ်ပြုတဲ့ အနေနဲ့ Utzon Room လို့ မှည့်ခေါ်ခဲ့ပါတယ်။ သူ့ကို ယခုလိုနာမည် ပေးတာကို လက်ခံနိုင်ပါသလားလို့ မေးတော့ သူက ယခုလို ဂုဏ်ပြုတာဟာ သူ့ဘ၀မှာ ဒီထက် ကြီးကျယ်တဲ့ ဂုဏ်ပြုခံရခြင်းမျိုး မရှိနိုင်တော့ဘူးလို့ ပြောသွားပါတယ်။ ပြီးတော့ သူရခဲ့သမျှ ဘယ်လို ဆုတံဆိပ်မျိုးထက်မဆို သာပါတယ်တဲ့။ ၂၀၀၆ ခုနှစ်မှာ ဘုရင်မ အဲလစ်ဇ်ဘတ် ၂ က ပဲ Utzon ဆွဲတဲ့ အတွင်း ဒီဇိုင်း ခန်းမတွေကို ဖွင့်လှစ်ပေးခဲ့ပါပြီး visionary architect အဖြစ် Utzon ကိုချီးမြှောက်ပေမယ့် သူ့သားသာ တက်ရောက်နိုင်ခဲ့ပါတယ်။ သူ့သားက အဖေက အရမ်းအိုနေပြီဖြစ်တဲ့အတွက် သြစတြေးလျကို လာဖို့ လေယာဉ် အကြာကြီးမစီးနိုင်တော့လို့ပါ။ ဒါပေမယ့် သူ့စိတ်က ဒီအဆောက်အအုံထဲမှာ နေထိုင်ပြီး ရှင်သန်ဆဲပါ၊ ကဇာတ်ရုံ ဖန်တီးသူမို့ သူမျက်စိမှိတ်ပြီး မျှော်မှန်းကြည့်ရုံပါပဲ ဆိုပြီးပြောသွားပါတယ်။
ဒီနာမည်ကျော် အော်ပရာ ကဇာတ်ရုံ ဟာ တကယ်တော့ performance အခန်းအများကြီး စုပေါင်းပြီး အဖြူရောင် ကျောက်ပြားကပ် ရွက်ပုံစံ ကွန်ကရစ် အမိုးခုံးအောက်မှာ စုပေါင်းထားတဲ့ အဆောက်အအုံ တစ်ခုပါပဲ။ Bennelong Point မှာ ၀င့်ဝင့်ထယ်ထယ်နဲ့ သြစတြေးလျရဲ့ ဂုဏ်ဆောင် အမှတ်အသားတစ်ခုအဖြစ်တည်ရှိနေပါတယ်။ UNESCO ရဲ့ ကမ္ဘာ့အမွေအနှစ်ထိန်းသိမ်း စောင့်ရှောက်ရေး ကော်မတီက ဒီ ဆစ်ဒ်နီ ကဇာတ်ရုံကို ဘယ်သူမှငြင်းမရနိုင်သော ၂၀ရာစုရဲ့ masterpiece တွေထဲက တစ်ခုအနေနဲ့သာမက လူသားအားလုံးရဲ့ သမိုင်းထဲက masterpiece ပါလို့ Expert evaluation report က မှတ်ချက်ပြုပါတယ်။
ကဲ… ဗိသုကာ စိတ်ဝင်စားတဲ့ စာဖတ်ပရိသတ်လည်း အခွင့်ကြုံရင် သွားလည်ပြီး လေ့လာကြဖို့ တိုက်တွန်းပါတယ်။ လက်မှတ်နဲ့ ကပွဲ အစီအစဉ်တွေကို www.sydneyoperahouse.com မှာ သွားကြည့်နိုင်ပါတယ်။ ကပွဲ ပြဇာတ်တွေ မကြည့်ချင်လည်း ရတယ်ထင်ပါတယ်။ Opera House Tour ရှိပါတယ်။ သြစတြေးလျက စာဖတ်ပရိသတ်များရှိရင် သွားလည်ဖို့ အကြံပြုပါရစေ။ လည်ပြီးရင် ဒါမှမဟုတ် လည်ဖူးရင် ကိုယ့်ရဲ့ အတွေ့အကြုံလေးတွေ ဝေမျှသွားပါအုံးဗျာ။ အားလုံးပဲ ကျေးဇူးတင်ပါတယ်။
လင်းစစ်သူ
Sunday, November 9, 2008
Sydney Opera House (2)
Subscribe to:
Post Comments (Atom)
5 comments:
I have been there twice. It is a really nice building. It was very great and amazing at night.
A true remarkable building ..
A true architectural design ..
နောက်ခံက တံတားအလှနဲ့ပေါင်းထားတာ ပိုလှသလိုပဲ
ဖြစ်နိုင်ရင် OZ ကို တစ်ခေါက်လောက် သွားချင်တယ်
...
သီတာ သူငယ်ချင်းတွေနဲ့ မနှစ်က ရောက်ဖြစ်သေးတယ်။ အနားကိုပဲရော်ကတာပါ အဲ့ဒီနားမှာ လှေသွားစီးနေတာလေ။ ပျော်ဖို့တော့ကောင်းတယ် Building ကြီးကိုတော့ မြင်လိုက်တယ် အထဲတော့ မရောက်ဖူးဘူး တော်တော်တော့မိုက်ပုံရတယ် ကြုံလို့ရှိရင် သွားလေ့လာရဦးမယ်
သြော် မေ့လို့ အခုလို မျှဝေပေးတာ ကျေးဇူးတင်တယ်လို့ပြောတာပါ နောက်လဲ လာလေ့လာပါဦးမယ်
ကျေးဇူးပါ ကိုလင်းစစ်သူ
Post a Comment