Photobucket

Friday, November 21, 2008

အမေရိကန်မှာ ပညာသင်ယူရန်ပြင်ဆင်ခြင်း


ကျွန်တော့်ကို ဒီဆောင်းပါးလေး တစ်ချို့လူတွေ ဒီဆောင်းပါးလေး ရေးခိုင်းနေတာ ကြာလှပြီ။ အခုတလော လည်း အလုပ်တွေရှုပ် နေတာ ဘာတွေ ရှုပ်နေမှန်းကို မသိပါဘူးဗျာ။ ဒီမနက်တော့ အားနေတုန်းလေး ရေးလိုက်ပါမယ် ဆိုပြီး မြန်မာပြည်က ကျောင်းသား ကျောင်းသူတွေ အမေရိကန်မှာ စာလာဖတ်ဖို့ ဗဟုသုသ ရအောင် တဖက်တလှမ်းကနေ ကူညီပေးလိုက်ပါတယ်။

၁၀တန်း
၁၀တန်း အမှတ်ကလည်း အရေးကြီးတယ်လို့ ပြောရပါဦးမယ်။ ကျောင်းတွေက ၁၀တန်း အမှတ်တွေကိုလည်း ကြည့်ပါတယ်။ ဥပမာ မြန်မာတစ်နိုင်ငံလုံး အဆင့် ၁ကနေ ၁၀ အတွင်းဝင်တဲ့ (Whole Burma) တွေဆိုရင် ဒီက တော်တော်လေး မိုက်ပြီး ကောင်းတဲ့ ကျောင်းတွေကို ၀င်ဖို့ လွယ်ကူပါတယ်။ ၁၀တန်း အမှတ် သိပ်မကောင်းလည်း အောက်က TOEFL နဲ့ SAT တွေကို သေသေချာချာ လုပ်ပြီး အမှတ်ကောင်းမယ်ဆိုရင် တော့ အဆင်ပြေပါတယ်။

TOEFL
အမေရိကန်မှာ ကျောင်းတက်တော့မယ် ဆိုရင် အရေးကြီးဆုံးက TOEFL ရယ်၊ SAT ရယ် ဖြစ်တယ်။ စာမေးပွဲနှစ်ခုပါ။ TOEFL ဆိုတာ Test of English as Foreign Language ပါ။ အဓိပ္ပာယ်ကတော့ မိခင်ဘာသာ စကား အင်္ဂလိပ်စာ မဟုတ်တဲ့ လူတွေကို အင်္ဂလိပ်စာ အရည်အချင်း စစ်ဆေးတဲ့ စာမေးပွဲတစ်ခုပါ။ သူ့မှာ Listening, Grammar, Reading, Speaking ဆိုပြီး လေးမျိုးပါတယ်။ စစ်ဆေးတာတော့ စာရွက်နဲ့ စစ်တာရယ်၊ ကွန်ပျူတာနဲ့စစ်တာရယ် နှစ်မျိုးရှိတယ်။ အခုကမ္ဘာတစ်ဝှမ်း မှာတော့ ကွန်ပျူတာနဲ့ပဲ စစ်ပေးနေပြီ။ မြန်မာနိုင်ငံမှာတော့ အင်တာနက် အဆင် မပြေလို့ စာ၇ွက်ကို ပိုအားထား နေဆဲပါ။ စာရွက်နဲ့စစ်တဲ့ စာမေးပွဲတွေမှာ Speaking မပါဘူးလေ။ ပို အဆင်ပြေတာပေါ့။ TOEFL ရလဒ် တစ်ခု မရှိပဲနဲ့တော့ အမေရိကန်က ကျောင်းတွေ လက်ခံလေ့ မရှိပါဘူး။ ဒါကြောင့် ၁၀တန်း ပြီးသွားတာနဲ့ အဆင်သင့် ဖြစ်ဖို့ TOEFL သင်တန်းတွေ လိုက်တက်ပါ။ ရန်ကုန်မှာ စုံစမ်းလို့ ရပါတယ်။ ကျွန်တော် အကြံပေးချင်တဲ့ TOEFL သင်တန်းကတော့ ရန်ကုန်က Y.E.S ပါ။ TOEFL ကို ၃လ ၄လ လောက် သေသေချာချာ ပြင်ဆင် ပြီးပြီဆိုရင် စာမေးပွဲဖြေဖို့ပါ အစကထဲက ကြိုတင် စာရင်း သွင်းထားပါ။ စာရင်း သွင်းပေးတဲ့ နေရာတွေ ရှိပါတယ်။ သူက အွန်လိုင်းက Credit Card နဲ့ စာရင်း သွင်းရတာမို့ မြန်မာငွေ လက်ခံပြီး စာရင်းသွင်းပေးတဲ့ လူတွေ ဆီမှာ ကြိုပြီး သွင်းထားပါ။ စာမေးပွဲဖြေရင် ရလာဒ်က တစ်လ အတွင်း ရပါတယ်။ Paper Base စာရွက်နဲ့ စစ်ဆေးတဲ့ စာမေးပွဲမှာ အမှတ် ၆၀၀ ကျော်ဖို့ အရေးကြီးပါတယ်။

TOEFL Wavier - IELTS
International English Language Testing System (IELTS) လို့ခေါ်တဲ့ အင်္ဂလန်၊ သြစတေးလျ တွေမှာ သုံးတဲ့ အင်္ဂလိပ်စာ စစ်ဆေးခြင်း စာမေးပွဲ အမျိုးအစားတစ်ခုကို ဖြေချင်တယ်၊ TOEFL မဖြေချင်ဘူး ဆိုရင်လည်း ကျောင်းတွေ တော်တော်များများမှာ IELTS ကို TOEFL အစား လက်ခံ ပေးပါတယ်။ ဒါပေမယ့် IELTS က TOEFL ထက် ပိုခက်တယ်လို့ ပြောလို့ရပါတယ်။ အမှန်ရွေးအစား ကွက်လပ်ဖြည့်တာတွေ ပါတယ်။ ပြီးတော့ Speaking Test လည်း ပါတယ်။ တစ်ချို့လူတွေက British Concil မှာ အတန်းတွေ တက်ထားတော့ သူတို့ IELTS ပါ ဖြေရတာ လွယ်ကူတယ်။ ဒါကြောင့် TOEFL ကို ထပ်မလုပ်တော့ပဲ IELTS ပဲ ဖြေလိုက်တယ်။ ကျောင်းလျှောက်တော့လည်း တစ်ခါထဲ IELTS နဲ့ပဲ လျှောက်ကြတယ်။

SAT
ပြီးတော့ SAT (Scholastic Aptitude Test) ဒါက ဘာသာရပ်တွေ စစ်ဆေးတဲ့ စာမေးပွဲပါ။ SAT-I နဲ့ SAT-II ဆိုပြီး နှစ်မျိုးရှိတယ်။ အမေရိကန်က ကျောင်းတွေမှာ Scholarship လိုချင်ရင် ဒီနှစ်ခုလုံး ဖြေသင့်တဲ့ စာမေးပွဲတွေပါ။ SAT-I က အင်္ဂလိပ်စာနဲ့ သခ်ျာ နှစ်ခုပဲ ရှိတယ်။ သခ်ျာကတော့ ၁၀တန်း အခြေခံ ကောင်းကောင်းရှိထားရင် မြန်မာ ကျောင်းသား တွေ အတွက် တော်တော် လွယ်ပါတယ်။ အင်္ဂလိပ်စာကတော့ အရမ်းကို ခက်ခဲပြီး သေချာ ပြင်ဆင်ရပါတယ်။ စကားလုံးတွေ အလုံး ၃၀၀၀ လောက် ကျက်မှတ်ရပါတယ်။ သူ့ကို ပြင်ဆင် ပေးတဲ့ သင်တန်းတွေ လည်း ရှိပါတယ်။ ရန်ကုန်မှာဆိုရင် Y.E.S ကို အကြံပေးချင်ပါတယ်။ SAT-II က Chemistry, Physics, Math, Biology ဆိုပြီး မြန်မာပြည်က လူတွေ အဓိက ဖြေကြတဲ့ ဘာသာရပ် လေးမျိုးရှိပါတယ်။ သူက နှစ်ခု ဖြေရင် ရပါပြီ။ ၁၀တန်း အခြေခံရှိထားရင် အရမ်း အဆင်ပြေပါတယ်။ ဒါပေမယ့် သူက အဓိက အထဲပိုင်း အတွင်းပိုင်းကို ပိုပြီး နက်နဲတဲ့ မေးခွန်းလေးတွေ မေးတာဆိုတော့ သေချာ နားလည် ထားဖို့ လိုပါတယ်။ SAT-I, SAT-II, TOEFL ဒီစာမေးပွဲတွေ အားလုံးက အမှန်တစ်ခုရွေး (Multiple Choices) မေးခွန်းတွေပါ။ A B C D E ထဲက အမှန်တစ်ခုကို ရွေးပြီး ၀ိုင်းပေးရတာပါ။ SAT-I နဲ့ SAT-II ကိုတော့ ပြင်ဆင်ရင် ၆လ ကနေ ၁နှစ် အတွင်း ကြာနိုင်ပါတယ်။ သူတို့ကို စာမေးပွဲဖြေရင်လည်း တစ်ခါထဲနဲ့ အမှတ် မကောင်းနိုင်ပါဘူး။ နှစ်ခါ လောက် ဖြေရင် ပို အဆင်ပြေတယ်။ စာမေးပွဲ စာရင်းသွင်းရင်လည်း အပေါ်က TOEFL လိုပဲ ရန်ကုန်မှာ သွင်းပေးတဲ့ လူတွေ ရှိပါတယ်။

SAT စာမေးပွဲတွေက Scholarship ကို အဓိက စဉ်းစားပေးဖို့ ရည်ရွယ်ထားတဲ့ စာမေးပွဲတွေပါ။ Full Scholar တို့ ဘာတို့ ရရင် ကိုယ့်ဘက်ကနေ တစ်ပြား တစ်ကျပ်မှ စိုက်ထည့် စရာမလိုပဲ ကျောင်းတွေက အားလုံး တာဝန်ယူသွားမှာ ဖြစ်ပါတယ်။ နေစရိတ် စားစရိတ် အားလုံးကို ပေးစရာ မလိုပဲ ကျောင်းလာတက်ရမှာပါ။ ဒါပေမယ့် အဲ့ဒါ ရဖို့ အတွက် SAT စာမေးပွဲတွေ TOEFL စာမေးပွဲတွေ အမှတ်တွေ သေချာ ကောင်းထားဖို့ လိုအပ်ပါတယ်။

Library & Tuition Places
ရန်ကုန်မှာ နာမည်ကြီးတာတွေက American Center၊ British Concil တွေပါ။ သွားပေးပါ။ စာတွေ ဖတ်ပါ။ လေ့လာပါ။ အသင်းဝင်ထားပါ။ အဲ့ဒီမှာ လူတွေ အားလုံးကလည်း နိုင်ငံခြား မှာ စာသွားဖတ်ဖို့ ပြင်ဆင်နေတဲ့ လူတွေပါ။ သူငယ်ချင်းတွေ ရမှာပါ။ အကြံကောင်းတွေလည်း ရှိမှာပါ။ American Center မှာ စာလုပ်လို့ ရတဲ့ နေရာတွေလည်း ရှိတယ်။ ပစ္စည်းတွေလည်း ရှိတယ်။ ပြင်ဆင်ဖို့ အဆင်ပြေပါတယ်။ သင်တန်းတွေလည်း ရှိပါတယ်။ ပြီးတော့ ICE Youth ဆိုတဲ့ စာကြည့်တိုက်လည်း ရှိပါတယ်။
စာမေးပွဲတွေ တက်ဖို့ ကျူရှင်တွေ ယူတော့မယ်ဆိုရင် အကြံပေးချင်တဲ့ နေရာတွေကတော့
TOEFL - Y.E.S Learning Center, American Center
SAT-I English - Y.E.S Learning Center ဦးမြင့်အောင်
SAT-I Math, SAT-II Math - ဦးသောင်းထွတ် မဟာမြိုင်ဆေးရုံအနီး
SAT-II Physics - ဦးသိန်းဆွေ (၆လမ်း)
SAT-II Chemistry, Biology - ဒေါ်စောမြင့် မြေနီကုန်း

Applying Stage
ဒီလို စာမေးပွဲတွေ အတွက်ကို ပြင်ဆင်နေတုန်း မှာပဲ တစ်ဖက် က ကိုယ်တက်ချင်တဲ့ ကျောင်းတွေကို ရှာဖွေထားပါ။ ရန်ကုန်က ဒဂုံမြို့နယ်က American Center မှာ Member ၀င်ထားပါ။ စာကြည့်တိုက်ကို သုံးပေးပါ။ အမေရိကန်က ကျောင်းတွေ အကြောင်း စာအုပ်တွေ အများကြီး ရှိပါတယ်။ သေချာ ရှာဖွေလို့ ရပါတယ်။ ကျောင်းတွေကို လျှောက်ရင် ၁၀ ကျောင်း လောက် အနည်းဆုံး လျှောက်ရင် စိတ်ချရပါတယ်။ အကောင်းတွေထဲက ၃ခုလောက်၊ အလယ် အလတ် ထဲက ၃ခုလောက်၊ သိပ်မကောင်းတာတွေထဲက ၃ခုလောက်၊ အစရှိသလို သေချာ အစီအစဉ်ချပြီး လျှောက်ပေးပါ။ ကျောင်းတွေကို ရွေးချယ်တဲ့ အခါမှာ သေချာ ဂရုတစိုက် ရွေးပေးပါ။ အင်တာနက် ပေါ်တက်ပြီး Google မှာ United States Undergraduate Colleges ဆိုပြီး ရိုက်ထည့် လိုက်ရင် အများကြီး တွေ့ဦးမှာပါ။ Scholarship ကို ပေးလား မပေးလား သေချာ လေ့လာပေးပါ။ အဓိက အရေးကြီးတာကတော့ ချမ်းသာတဲ့ ကျောင်းဆိုရင် ပို စိတ်ချရတယ်။ ဒါမှ Scholarship များများ ပေးနိုင်မယ်။ ကျောင်းတွေက အများအားဖြင့် Fall Semester (June) လောက်ကို တက်ဖို့ မှန်းပြီး လျှောက်တာဆိုတော့ ၂၀၁၀ June အတွက် ၂၀၀၉ အောက်တိုဘာ နိုဝင်ဘာ လ မှာထဲက အပြီး လျှောက်ရတယ်။ နောက်ကျလို့ မရဘူး။ ဒါပေမယ့် ရက်တွေက ကျောင်းတစ်ကျောင်းဆီချင်း အနည်းငယ်ဆီ ကွာခြားပါတယ်။

Volunteering Experience & Working Experience
ဒီလိုမျိုး အများတကာကို အကျိုးဖြစ်စေမယ့် အလုပ်တွေ၊ ပိုက်ဆံမရပဲနဲ့ ကူညီပေးရတဲ့ အလုပ်တွေက ကျောင်းလျှောက်ရင် အရေးပါတဲ့ အလုပ်တစ်ခုပါ။ ဥပမာ - ရွာတွေ သွားပြီး ကလေးငယ်တွေကို စာတွေ သင်ပေးမယ်၊ တစ်ပတ်ကို တစ်ခါလောက်ပေါ့၊ အပတ်တိုင်း သွားပေးပေါ့။ ပြီးတော့ ကိုယ်က Biology နဲ့ ဆိုင်တဲ့ စာတွေ ဖတ်ချင်တယ်ဆိုရင် Red Cross တို့ Save The Children တို့ အစရှိတဲ့ အဖွဲ့အစည်းတွေမှာ လုပ်အား ပေးလို့ရတယ်။ ဒါမှမဟုတ် ဆေးခန်းတွေမှာ ဆရာဝန်တွေကို ကူညီပေးပေါ့။ အမေရိကန် နိုင်ငံက ဒီလို Volunteering အလုပ်တွေကို အရမ်း အားထားတဲ့ နိုင်ငံတစ်ခုပါ။ စာတော်ပြီး အမှတ်ကောင်းရမယ့် အပြင် တစ်ဖက်က ကျောင်းလက်ခံဖို့၊ Scholarship ပေးဖို့ စဉ်းစားတော့မယ်ဆိုရင် ဒီလို Volunteering Experience တွေကိုလည်း ကြည့်ပါတယ်။ Working Experience ဆိုတဲ့ အလုပ် အတွေ့အကြုံကလည်း အရေးပါတယ်။ အဓိက ကိုယ့်ဖတ်မယ့် ဘာသာနဲ့ ဆိုင်တဲ့ နေရာတွေမှာ အမှန်တကယ် ကွင်းဆင်းပြီး လုပ်ထားဖို့ပါ။ ခုနက ဆေးပညာဆိုရင် ဆေးပညာနဲ့ ဆိုင်တဲ့ နယ်ပယ်တွေမှာ လုပ်ထားပေါ့။ ဒီလို လုပ်အားပေးတာနဲ့ အလုပ် အတွေ့အကြုံတွေက မရှိမဖြစ် လိုအပ်တဲ့ အချက်တွေ မဟုတ်ပေမယ့် အရေးတော့ ပါပါတယ်။


နောက်ဆုံး မှာချင်တာတွေ -

  • American Center မှာ Member ၀င်ပါ။
  • ကျောင်းတွေကို အစောကြီးကထဲက ကြိုရှာထားပါ။
  • သင်တန်းတွေ သေချာတက်ပြီး ပြင်ဆင်ထားပါ။
  • စာမေးပွဲတွေကို အမှတ်ကောင်းအောင် လုပ်ပါ။
  • တစ်နှစ် နှစ်နှစ်လောက် သေချာ အားထုတ်ပေးပါ။
  • မသိရင် မေးပါ။ ဆရာတွေကို မေးပါ။ သိတဲ့လူတွေကို မေးပါ။
  • English Skills ကို တိုးတက်အောင် အားထုတ်ပါ။

အားလုံး မိမိတို့ရဲ့ ပညာရေးကို စနစ်တကျ မြှင့်တင်နိုင်ကြပါစေ။ အစစအရာရာ အဆင်ပြေပါစေလို့ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။ နောက်ထပ် သိချင်တာလေးတွေ ရှိရင်လည်း ဒီမှာပဲ မေးလည်း ရပါတယ်။ latphatyay@gmail.com မှာ လာပြီး မေးလည်း ရပါတယ်။

လေးစားလျှက်
Tea

11 comments:

Anonymous said...

ကောင်းမွန်သောစေတနာဖြင့် ရေးထားတဲ့ Post အတွက်ကျေးဇူးပါ

Anonymous said...

Hi Tea!
This is a valuable post.
By the way, are you a former Y.E.S. student?

အရိုးခေါင်း said...

ကျေးဇူးတင် ပါ တယ် ။

( လာလည်သွားပါ တယ် )

Anonymous said...

ကျေးဇူးတင်ပါတယ်။ ဆရာတွေ ရဲ့လိပ်စာလဲယူသွားတယ်။ နောက်လဲဒီလိုဗဟုသုတရမဲ့ စာမျိုးများများရေးပေးပါ။ အားပေးနေပါတယ်

Anonymous said...

ကျေးဇူးတင်တယ်ဗျို့

Anonymous said...

xie xie

Anonymous said...

I wanna clarify about Fall semester.
It usually starts in September, right???
June is still summer.

CrazyCAT said...

well, the semester dates vary from school to school.
Ususally fall starts between mid-august to mid-september.
make sure that your school is semester system or block system.

Khemar said...

HELLO....
TO : TEA
FROM : KHEMAR
SUBJECT : REQUSTING THE POST OF PREAPRING FOR SAT II

THANK U VERY MUCH FOR UR POST OF PREPARATION OF SAT I..GREATLY APPRICIFATED..LET US KNOW ABOUT THE PREPARATION OF SAT II ACCORDINGLY..COS I AM STAYING ABROAD W WORKING..NOT REALLY MUCH TIME TO ATTEND THE TUTION FOR SAT AND ANOTHER REASON IS VERY EX FOR TUTION FEES..I HAVE ONE YEAR TO PREPAR SAT I & II BY SELFSTUDY..SO PLS KINDLY HELP ME..

Anonymous said...

ဒီpostအတွက်အရမ်းကျေးဇူးတင်ပါတယ်.ဒီလိုပညာရေးpostမျိုးထပ်တင်ပေးပါအုံးနော်.စောင့်မျှော်လျက်...

Anonymous said...

ဒီpostအတွက် အရမ်းအရမ်းကျေးဇူးတင်ပါတယ်...အဲဒါလိုပညာရေးအကြောင်းတွေထပ်ရေးပေးပါအုံးနော် :)စောင့်မျှော်နေပါတယ်..