Photobucket

Tuesday, November 25, 2008

ASK ME စားပွဲဝိုင်း (အမှတ် - ၆)


အခု ASK ME စားပွဲဝိုင်း ရဲ့ အမှတ် (၆) မှာ မေးခွန်း ၃ခုရဲ့ အဖြေကို ဖော်ပြသွားပါမယ်။ မေးခွန်း အသစ်တွေ ဆက်မေးချင်တယ် ဆိုရင်တော့ ဒီနေရာ ကို သွားပြီး မေးမြန်းနိုင်ပါတယ်။


ပညာရေး ဆိုင်ရာ မေးခွန်း

ထွန်းနိုင် ၏ မေးခွန်း
ဟုတ်ကဲ့။ အမေရိကန်ပညာရေး ပိုစ့်လေးဖတ်ပြီး မေးခွန်းလေး ပေါ်လာလို့မေးချင်တာပါ။ အမေရိကန်ပညာရေးနဲ့ မြန်မာပြည်က ပညာရေးနဲ့ဘာများ ကွာခြားပါသလဲ?
ဘာများကွာသလဲဆိုတော့ လက်ရှိ မြန်မာပြည်က ပညာရေးစနစ်က ရှေးဟောင်း အင်္ဂလိန် ပညာရေးစနစ်ကို အခြေခံ ထားပါတယ်။ လက်ရှိ အင်္ဂလန် စနစ်တော့ မဟုတ်ဘူးပေါ့။ မြန်မာပြည်က ပညာရေး အဆင့်တိုင်းမှာ ကျောင်းသား ကျောင်းသူတွေ အားလုံးကို စာတွေကို အလွတ်ကျက်စေပါတယ်။ စာတွေအားလုံးကို သေချာ နားလည်ထားဖို့ထက် အများစုဟာ စာတွေကို အလွတ်ကျက်မှတ်ပြီး စာမေးပွဲတွေကို ဖြေဆိုကြတယ်။ မေးလိုက်တဲ့ စာမေးပွဲတွေဟာလည်း အလွတ်ကျက်ထားလား မကျက်ထားလား မေးတဲ့ မေးခွန်းတွေ ဖြစ်တယ်။ တစ်ချို့ဆရာ ဆရာမတွေဆိုရင် သခ်ျာမှာ အဆင့်လေး တစ်ဆင့် ကျန်ခဲ့လို့ အမှတ်မပေးတော့ တာမျိုး ရှိပါတယ်။ ဒီလိုမျိုး လုပ်ဆောင်ချက်တွေဟာ မရှိသင့်ပါဘူး။ ပြီးတော့ မြန်မာပြည်မှာ အရည်အချင်း အမှန်တကယ် ပြည့်ဝတဲ့ ဆရာတွေ အများကြီးလိုပါတယ်။ အရည်အချင်းပြည့်ဝတဲ့ ဆရာ ဆရာမတွေကို အဓိက မွေးထုတ်ပေးဖို့ အရေးကြီးပါတယ်။ ဒါတွေ အားလုံးဟာ အမေရိကန်ပညာရေးမှာ ကွာခြားနေပါတယ်။ အမေရိကန်ပညာရေးရဲ့ အဓိက ရည်ရွယ်ချက်တစ်ခုအရ ကျောင်းသား တွေ အားလုံးကို Curiosity ဆိုတဲ့ စူးစမ်းလိုစိတ်ကို ဖြစ်ပေါ်လာစေ၇န် ငယ်စဉ်ချိန်ခါကထဲက ပြုစုပျိုးထောင်ပေးပါတယ်။ မြန်မာပြည်မှာတော့ နင်တို့ လျှာမရှည်ကြနဲ့စမ်း ဆိုတဲ့ ဆရာတွေ ဆရာမတွေက တစ်ပုံတစ်ခေါင်းပါ။ ကျောင်းသားတွေကို စူးစမ်းစေလိုစိတ်ကို အဓိက ဖြစ်ပေါ်စေပြီး အရာရာကို မိမိဘာသာ သေချာ သုံးသပ်စေလိုတဲ့ စနစ်က လက်တွေ့ဘ၀မှာ အများကြီး အထောက် အကူဖြစ်ပါတယ်။ စာမေးပွဲတွေ စစ်တဲ့ အချိန်မှာလည်း အလွတ်ကျက်ထားလား မကျက်ထားလားထက် ကျောင်းသား တစ်ယောက်က ဒီ သင်ခန်းစာအပေါ်မှာ ဘယ်အဆင့်ထိ နားလည် သဘောပေါက်သလဲ ဆိုတဲ့ နေရာကို အဓိက ထားပြီး စစ်ဆေးပါတယ်။ ဒီလိုမျိုးတွေ ရှိနေတော့ မြန်မာပြည်က စနစ်က လက်တွေ့ဘ၀မှာ ထိရောက်စေဖို့ ခက်ခဲ ပါတယ်။ မြန်မာပြည်မှာ ဆေးပညာကို ၅နှစ်တိတိ ဖတ်ခဲ့ပြီးတော့ ယူရီးယားမော်လီကျူးဖွဲ့စည်းပုံနဲ့ ရေရဲ့ မော်လီကျူးဖွဲ့စည်းပုံကို သေချာ မခွဲတတ်တဲ့ လူတွေလည်း အများကြီး ရှိပါတယ်။ ကျွန်တော်ပြောသွားတာတွေ အားလုံးက ကွာခြားချက် အနည်း အကျဉ်းပါ။ ဒီလို အားနည်းချက်တွေကို အောက်ခြေ အခြေခံစနစ်ကနေ သေသေချာချာ ပြုပြင် ဖွဲ့စည်းသင့်တယ်လို့ ယုံကြည်ပါတယ်။
Tea


နိုင်ငံရေးဆိုင်ရာ မေးခွန်း

Anonymous ၏ မေးခွန်း
this's for ask me စားပွဲဝိုင်း, is brain drain a problem for myanmar now?
ဒီမေးခွန်းက အရင်တစ်ခါက ကျွန်တော် ဖြေလိုက်တဲ့အဖြေ (ASK ME - 5) ထဲမှာ လက်ရှိမြန်မာပြည်မှာ ပညာရေးကင်းမဲ့နေလို့ လူတွေ ဒုက္ခရောက်နေရပါတယ် ဆိုတဲ့ အကြောင်းရယ်၊ ပြီးတော့ Brain Wash လုပ်ခံနေရတယ်ဆိုတဲ့ အကြောင်းကို မူတည်ပြီး မေးထားတဲ့ မေးခွန်းတစ်ခုပါ။ မြန်မာလို ရှင်းရှင်းပြောရရင် ဦးနှောက်ဆေးခံရခြင်းပေါ့။ အခု လက်ရှိတိုင်းပြည်ရဲ့ အခြေအနေက တော်တော်ဆိုးနေပါတယ်။ စစ်အစိုးရက ပညာရေးစနစ်ကြီးကို ချိုးဖျက်ထားတော့ နောင်လာမယ့် မျိုးဆက်သစ်တွေ မိမိကိုယ်ကို သေသေချာချာ စဉ်းစားတွေးခေါ်နိုင်ဖို့ အရေးကြီးပါတယ်။ အဘက်ဘက်ကနေ ထိန်းချုပ်ခံထားရတဲ့ ပညာရေး စနစ်အောက်မှာ အစစအရာရာ လွတ်လပ်မှုဆိုတာ မရှိပါဘူး။ နေရာပေါင်းစုံကနေ ထိန်းချုပ်ခံထားရတဲ့ Media (သတင်းစာ၊ ရုပ်မြင်သံကြား၊ ရေဒီယို) တွေ ကြားမှာ Brain Wash လုပ်ခံရဖို့ဆိုတာ အင်မတန်မှ လွယ်ကူပါတယ်။ တစ်ခုရှိတာက ကိစ္စမှန်သမျှကို စဉ်းစားချင့်ချိန်တတ်ဖို့ အရမ်း အရေးကြီးပါတယ်။ မေးခွန်းကို တိုက်ရိုက်ဖြေရမယ်ဆိုရင် ဒီပြဿနာက များလှစွာသော ပြဿနာတွေ ကြားထဲက တစ်ခုအပါအ၀င်ဖြစ်ပါတယ်။ တိုင်းပြည်က လျှောက်လှမ်းရမယ့် ခရီးရှည်ကြီးကို လျှောက်လှမ်းနေစဉ်မှာ ပြဿနာတွေ အများကြီး ကြုံလာမှာ အမှန်ပါ။ ဒီဟာတွေ ကြားထဲက ဒီလိုပြဿနာကလည်း အခြေခံကျတဲ့ ပြဿနာ တစ်ခုပါ။ နေရာတိုင်းမှာ လွတ်လပ်မှုဆိုတာ မရှိတော့ ဒီလိုမျိုးပြဿနာက ပေါ်လာမှာ မလွဲမသွေပါ။ ဒီလို ပြဿနာတွေကို ဖြေရှင်းဖို့ ပညာရေးနဲ့ မီဒီယာနဲ့ ဖြေရှင်းမှသာ ထိရောက်မှု ရှိမယ်လို့ ထင်ပါတယ်။
Tea


General မေးခွန်း

tattlu ၏ မေးခွန်း
ကျွန်တော့်အိမ်ဝိုင်းတော်သားများ အားလုံး မင်္ဂလာပါဗျာ။ ကျွန်တော်မသိတာလေးလည်း တစ်ခုမေးရဦးမယ်။ အင်တာနက်မှာ မြန်မာစာလုံးပေါင်း သတ်ပုံကျမ်းတို့၊ မြန်မာစာ သဒါဆိုင်ရာတွေ လေ့လာဖို့ပြုစုပြီး တင်ထားတာလေး များရှိရင် အညွှန်းလေး တဆိတ်လောက် ဖြေကြားပေးပါဦးဗျ။
www.myanmarcupid.net ဖိုရမ်ကို အကြံပေးပါရစေ။ တခြား နေရာတွေမှာလည်း တစ်ခါမှ မတွေ့ဖူးဘူးလေ။ မြန်မာကရုဘစ်မှာတော့ ရှိလိမ့်မယ်လို့ ထင်ပါတယ်။ ကျွန်တော် အရင်တုန်းကလည်း ကရုဘစ်ကနေ တစ်ဆင့် သတ်ပုံကျမ်းတွေ လေ့လာဖူးပါတယ်။
Tea


အားလုံးကို လေးစားလျှက်
www.myhome16.com



5 comments:

Anonymous said...

အမေရိကန်ပညာရေးစနစ်နဲ့ မြန်မာပြည်နိုင်ငံရေးစနစ် အကြောင်း နှိုင်းယှဉ်ဖြေဆိုသွားတဲ့အပေါ်မှာ ကန့် ကွက်
စရာမရှိပါဘူး။ ဖြည့်စွက်စရာတော့ နဲနဲ ရှိပါတယ်။ ကျနော်တို့ ငယ်ငယ်က ဘုမသိ ဘမသိနဲ့  အလွတ်ကျက် ခဲ့ရတဲ့ စာတချို့ ဟာ အသက်ကြီးမှ အသုံးတဲ့လာတာ တွေတွေ့ ရတတ်ပါတယ်။ ဒီလိုအဖြစ်အပျက်မျိုး ကြုံဖူးကြ လိမ့် မယ်လို့  လဲထင်ပါတယ်။ (ဆရာဝန်တွေပိုသိပါ လိမ့်မယ်)အလွတ်ကျက်သင့်တာကိုလဲ ကျက်၊ စဉ်းစားတွေးခေါ်သင့်တာကိုလဲ critical thinking လုပ်။ နှစ်လမ်းသွားပညာရေး စံနစ်သာ အကောင်းဆုံး ဖြစ်ကြောင်းပါ။ (KM)

တက်လူငယ် said...

ကျေးဇူးပါ ကိုတီးရေ..။

PP said...

Anonymous ပြောသလိုပဲ နှစ်လမ်းသွားပညာရေးက အကောင်းဆုံးပါ။ ဒါပေမဲ့ စာဖတ်သူကျောင်းသားလူငယ်တွေ US ရောက်တာနဲ့ အလွတ်ကျက်စရာမလိုတော့ဘူးလို့တော့ မတွေးစေချင်ပါဘူး။
သင်ကြားရတဲ့ ဘာသာရပ်အလိုက်၊ သင်ရတဲ့ ဆရာအပေါ် မူတည်ပြီး ကွာသွားတာပါ။
Business Major ဆိုရင်တော့ critical thinking ကို အဓိကထားမှာပေါ့လေ။
ဒီက Bio Major တွေ Medical School က ဆရာဝန်တွေ ပိပြားနေအောင် စာကျက်ရတုန်းပါ။
ဒါပေမဲ့ သူတို့က ကျက်ထားတာကို တည့်တည့်မေးတာရှားတယ်။
နည်းနည်းဖြည့်ပေးတာပါ။

Tea said...

ကျွန်တော်တစ်ခု ပြောချင်တာက US ကလူတွေက ကျက်ရတာတောင်မှ နားလည်မှ ကျက်ကြတာများတယ်။

မြန်မာပြည်မှာ အဓိက အလွတ်ကျက်ပြီးဖြေတဲ့ ပြဿနာက ကောလိပ်တွေ တက္ကသိုလ်တွေမှာထက် အခြေခံကျောင်းတွေမှာ ပိုဖြစ်နေတာကို တွေ့ရတယ်။

Tea said...

ကျောင်းတက်ပြီဆိုကထဲက ကျက်သင့်တာတွေကတော့ ပေါ်လာမှာ မမှားပါဘူး။ ဒါပေမယ့် ကျောင်းသားကျောင်းသူတွေ အကြောင်းအရာတစ်ခုခုကို နားမလည်ပဲ ကျက်မှတ်ပြီး လက်တွေ့ဘ၀မှာ ကျင့်သုံးတဲ့အခါ ဒုက္ခရောက်မှ ထိရောက်မှုမရှိတာတွေကို တွေ့၇မှာပါ။