Photobucket

Monday, June 2, 2008

အားလုံးချစ်တဲ့ မြန်မာပြည်


ဟိုတလောလုံးက အားလုံးသိတဲ့ အတိုင်း ကျွန်တော့် Cbox မှာ နည်းနည်း ရှုပ်သွားတယ်။ ရုရှားမှ ကို အီးအီး ဆိုသူက စီဘောက်စ်ထဲ ၀င်ပြီး ညစ်ညမ်းတဲ့ စကားတစ်ချို့ ပြောသွားလို့ စီဘောက်စ်ထဲမှ ကျွန်တော့်အိမ်မှ ဖျော်ဆရာတွေရော တစ်ခြား စာဖတ်သူငယ်ချင်း တွေပါ တော်တော် အလုပ်ရှုပ်သွားတယ်။ မေသူပြောထား သလိုပဲ ကျွန်တော့်အိမ် (အိမ် ၁၆)က ဝေဖန်တာတွေ ရှိရင်တော့ ကြိုဆိုနေပါတယ်။ စော်ကားသရောင်နဲ့ ထိပါး လာမယ်ဆိုရင်တော့ ကျွန်တော့်အိမ်မှ ပြန်လည် တုံ့ပြန်သွားမှာပါ။ အဲ့ဒီ ကိုအီးအီးလဲ ပြီးရော အားလုံးသိကြတဲ့ Oppoiste Eye ဘလောခ့်မှ စစ်ညီနောင် တစ်ချို့ကလည်း ကျွန်တော့်အိမ်၏ စီဘောက်စ် မှာ ဝေဖန်မှုတွေ ပေးသွားလို့ ကျွန်တော့်အိမ်က ဖျော်ဆရာတွေ ဖြေရှင်းလိုက် ရပါသေးတယ်။ အခုလို ဒီတလော နည်းနည်း ရှုပ်နေလို့လည်း တောင်းပန်ပါတယ်။

ဒီကိစ္စတွေ အားလုံးအတွက် ကျွန်တော်ပြောချင်တာက ကျွန်တော်တို့ ခင်များတို့ အားလုံး၊ အားလုံးသော ဒီ လှုပ်ရှားနေတဲ့ သူတွေဟာ မြန်မာပြည်ကြီးကို ချစ်ကြပါတယ်။ နအဖ စစ်အစိုးရကို မုန်းနေတဲ့ ဒီမိုသမားတွေ လည်း မြန်မာပြည်ကြီးကို ကောင်းစေချင်တယ်။ နအဖ စစ်အစိုးရကို ယုံကြည်နေတဲ့ ရုရှားရောက် စစ်ညီနောင်တွေ၊ တခြား စာနယ်ဇင်းသမားတွေ၊ အစရှိသူတွေကလည်း မြန်မာပြည်ကို ချစ်ကြတယ်။ တခြား ကမ္ဘာအနှံ့ မြန်မာပါမကျန် စစ်ညီနောင်တွေ၊ မြန်မာပြည်သူပြည်သား တွေ အားလုံးကလည်း တိုင်းပြည်ကို ချစ်ကြပါတယ်။ ကျွန်တော်ပြောချင်တာ အားလုံးက တိုင်းပြည်ကို ချစ်ပါတယ်။ အားလုံးကလည်း သူ့ရှုထောင့်နဲ့ သူ့နေရာကနေ သူယုံကြည်ရာ ထင်မြင်ရာ ကိုးကွယ်ရာကို လွတ်လပ်စွာ စွမ်းဆောင်နေကြတာပါ။

ဒါတွေကို ကျွန်တော့်အိမ်က အားလုံး နားလည်ထားပါတယ်။ ဒါကြောင့် နအဖ စစ်အစိုးရ အကြောင်း ကောင်းချီးပေး နေသော Bloggers များကိုလည်း တစ်ခါမှ သွားပြီး မဆဲဆိုဖူးပါဘူး။ ကြားထဲ မှာ အေးအေး ဆေးဆေး နေနေသော Neutral သမားများကို လည်း တစ်ခါမှ သွားပြီး အပြစ် မတင်ဖူးပါဘူး။ ကျွန်တော့်အိမ်မှ အိမ်သား အားလုံးက ကိုယ့်ယုံကြည်ရာကို ဦးတည်ပြီး တိုင်းပြည်အတွက် ရှင်သန်နေတာပါ။ အခုလို အိမ်မှာလာ ပြီး ဆဲရိုင်း တိုင်းထွာတာ မြင်ရတော့ စိတ်မကောင်း ဖြစ်မိပါတယ်။

ကျွန်တော်ထင်တာကတော့ အားလုံးဟာ ဘာကြောင့် ဒီလိုမျိုးတွေ စိတ်ဝမ်းကွဲ နေကြမှာလဲဗျာ။ မြန်မာပြည် ကြီးကို မချစ်တာလည်း မဟုတ်ဘူး။ ကိုယ်ယုံကြည်ရာအတွက် ဆက်လက် တိုက်ပွဲဝင်ပေါ့။ စစ်အစိုးရ ကို မုန်းတီးနေတဲ့ လူတွေကလည်း သူ့ဘာသာသူ သူ့ရဲ့ ၀ါဒတွေကို လွတ်လပ်စွာ ဖြန့်ချီပါစေ။ စစ်အစိုးရ ကို ခင်တွယ်နေတဲ့ လူတွေကလည်း သူ့သဘောအရ လွတ်လပ်စွာ ခင်တွယ်ပါစေ။ ဒီမိုကရေစီ ဆိုတဲ့ ၀ါဒကို ခုံမင်တဲ့ လူတွေဟာ ဆိုရင်လည်း သူများတကာ ကို သွားပြီး ချုပ်ချယ်လို့ မရပါဘူး။ အားလုံးမှာ Freedom ဆိုတာ ရှိသည့် အတွက်ကြောင့် လူတိုင်းမှာ လုပ်ပိုင်ခွင့် ဆိုတာ ရှိပါတယ်။ ဒီမိုကရေစီ ရဲ့ အနှစ်သာရမှာ ထောင့် တစ်ထောင့် ထဲ ဖြစ်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ သူများ ယုံကြည်ရာကို သွားရောက် ချုပ်ချယ်မယ် ဆိုရင်လည်း ဒီမိုကရေစီ မဟုတ်တော့ ပါဘူး။ တတ်နိုင်သလောက်တော့ ကိုယ့်ဝါဒီ ကို ရှင်းပြပေါ့။ ဟိုဘက်က လက်မခံတော့လည်း သူ့လမ်းသူလျှောက်ပေါ့။ သူ့ကို အပြစ်တင်တော့ ဘာထူးမှာလဲ။

တစ်နေ့တစ်နေ့ အချိန်တိုင်း လူတွေ အမုန်းပွားပြီး ပြစ်တင် ရှုတ်ချ ဝေဖန်နေတော့ ရော - ကျွန်တော်တို့ တိုင်းပြည်က ကမ္ဘာအလည်မှာ ထည်ဝါလာမှာ မဟုတ်ပါဘူး။ ဒီသေဆုံးနေတဲ့ လူတွေလည်း ပြန်ရှင်လာမှာ မဟုတ်ဘူး။ ကျွန်တော် မနေ့ကမှ ဘလောခ့်တစ်ခုကို သွားလည်ဖြစ်တယ်။ ကိုစိုးထက်ကြီးက Gtalk မှာ Link ချန်သွားလို့၊ သွားဖတ်ကြည့်တော့ သူတို့ ဘလောခ့်ကလည်း ဘယ်သူရေးမှန်းလည်း မသိ။ တစ်ခြား ဘလောခ့်ဂါတွေကို ထိပါး စော်ကားသလို စာသားတွေနဲ့ ရေးသားထားတာတွေ ဖတ်လိုက်ရတယ်။ အစတုန်းကတော့ ဖတ်ရင်းနဲ့၊ နောက်ပိုင်း ကိုယ်သိနေတဲ့ ဘလောခ့်ဂါတွေ အကြောင်း ရေးနေတာ သိတော့ စိတ်လည်း မကောင်းပါဘူး။ ဘာလို့များ လူတကာနှင့် အမုန်းပွားရမည့် ကိစ္စတွေကို လုပ်ချင်နေသလဲ မသိပါဘူးဗျာ။

အခု ကျွန်တော်တို့ တိုင်းပြည်ကြီးမှာ လူတွေ သေနေတယ်။ ငတ်ပြတ်နေတယ်။ စားဝတ်နေရေး မပြေလည်ဘူး။ ကလေးတွေ၊ မိဘမဲ့တွေ ဖြစ်ကုန်ကြပြီ။ စားစရာမရှိလို့ သေချင်နေတဲ့ သူတွေ တပုံကြီး၊ ဒီကြားထဲမှာ ဒါတွေကို လုံးဝ ဂရုမစိုက်ပဲ တိုင်းပြည်က အဆီအနှစ်တွေကိုသာ စုပ်ပြီး ချမ်းသာသည် ထက် ပိုချမ်းသာပြီး ပျော်ရွှင်မြူးတူး နေတဲ့ လူတွေလည်း ရှိတယ်။ ကိုယ်ကောင်းဖို့ အတွက်ကိုသာ စဉ်းစားထားပြီး ဘာမှ ဂရုမစိုက်တဲ့ လူတွေလည်း အများကြီးရှိတယ်။ မြန်မာပြည်ကြီးက ရလေတိုင်းရ လိုတရအိုးကြီး မဟုတ်ဘူးလေ။ တစ်ချိန်ကျရင် သူလည်းပဲ လုံးပါးပါးသွားရမှာပါ။ တိုင်းပြည်ကြီး ဒီလို အခြေအနေ ရောက်နေတာကို ကျွန်တော်တို့ ခင်များတို့ တွေအားလုံးက အချင်းချင်း အမုန်းပွားနေဖို့ မသင့်ဘူး။

ဗုဒ္ဓဘာသာဝင် ပီပီ ယဉ်ကျေးလိမ္မာသော စကားတွေကို ပြောဆိုပါ။ နှမသားချင်း မစာနာတဲ့ စကားတွေ၊ နားရှိလို့ သာ ကြားရတဲ့ စကားတွေကို ပြောတော့မယ် ဆိုရင် ပတ်ဝန်းကျင်ကို အရင်ကြည့်ပါ။ ကျွန်တော် တစ်ခု ပြောချင်တာက ကိုယ်ပြောနေသည့် စကားတိုင်းသည် ကိုယ့်ကို အမြဲတမ်း ရောင်ပြန်ဟပ်နေသည်။ ကိုယ်က ဒီလိုတွေ ပြောလိုက်လို့ ကိုယ့်ကို မုန်းသွားအောင် လူတွေကို မပြုလုပ်ပေးနဲ့လေ။ သူတစ်ပါးကို လည်း အမြဲတမ်း အကြံစည်တွေနဲ့ ချောက်တွန်းမနေနဲ့လေ။ ကိုယ်က ဒီလိုပြောလိုက်လို့ ကိုယ်လို အခြေအနေတူ တစ်ခြား လူတွေကို ပါ တစ်ဆင့် သွား ဒုက္ခရောက်စေရင်လည်း မကောင်းဘူးလေ။ အားလုံးဟာ ကိုယ်ယုံကြည်ရာတွေ အတွက် လျှောက်လှမ်းနေကြတာပါ။

ကျွန်တော် ဘယ်သူ့ကိုမှ အပြစ် မပြောချင်ဘူး။ အားလုံးကို နားလည်တယ်။ စိတ်မကောင်း ဖြစ်မိတာတွေ တော့ ရှိပါတယ်။ နောက်ဆုံး ပြောချင်တာက တော့ ကိုယ်ယုံကြည်ရာ အတွက် ဆက်လက် တိုက်ပွဲဝင်ပါ။ သူတစ်ပါးကို ဘယ်တော့မှ စော်ကားမှုတွေ မပြုလုပ်ပါနဲ့။ သူတစ်ပါးကို စော်ကားလိုက်လို့ သူများတကာက ပြန်လည် ချေပ ပြောဆိုလိုက်ရင်လည်း စိတ်မကောင်းစရာတွေ ထပ်ဖြစ်ပါဦးမယ်။ ကျွန်တော်ကတော့ အားလုံးနဲ့ ဖြစ်နိုင်ရာ ညီအစ်ကို ညီအစ်မ သဖွယ် ဖြစ်နေချင်တယ်။ အမုန်းတရားတွေ မပွားချင်ဘူး။ စကားကို လည်း ယဉ်ကျေးလိမ္မာစွာ ပြောစေချင်တယ်။ ညစ်ညစ် ညမ်းညမ်းတွေနဲ့ အရေမရ အဖတ်မရ စကားတွေ ပြောဖို့ လည်း စိတ်မ၀င်စားဘူး။ ကျွန်တော့်ရဲ့ ရည်ရွယ်ချက်ကလည်း အဲ့ဒီလိုတွေ လုပ်နေဖို့ မဟုတ်ဘူး။ အားလုံးကို လည်း နားလည်စေချင်တယ်။ အားလုံးကလည်း နားလည်လိမ့်မယ်လို့ ယုံကြည်တယ်။

ကျွန်တော့်အိမ်မှ အားလုံးကို လေးစားလျှက်
Tea

17 comments:

စိုးထက် - Soe Htet ! said...

:) မှန်တယ် ညီလေး ... ဆက်လုပ် ... :)

Unknown said...

Right! သူတစ်ပါးကို ဘယ်တော့မှ စော်ကားမှုတွေ မပြုလုပ်ပါနဲ့။ လုပ်ရင် ဘယ်သူမှ ငြိမ်ခံမှာ မဟုတ်။ ကြိုက်တယ်ဗျာ။ ကိုယ်ယုံကြည်ရာ ကိုယ်လုပ် ဘယ်သူမှန်တယ်၊ ဘယ်သူမှားတယ် သမိုင်းက အဖြေပေးလိမ့်မယ်။

May Moe said...

"ကိုယ်ပြောနေသည့် စကားတိုင်းသည် ကိုယ့်ကို အမြဲတမ်း ရောင်ပြန်ဟပ်နေသည်."
မှန်တယ် တီး ရေ ... နူတ်တရာ စာတလုံး ဆိုတော့ စာအရေးအသား ပိုပီး ဂရုပြုသင့်တယ်.

RePublic said...

အားလုံး အားလုံး အဆင်ပြေကြပါစေဗျာ ၊

Anonymous said...

TRUE! and resonable!

ကျွန်တော့်အိမ် (အိမ် ၁၆)က ဝေဖန်တာတွေ ရှိရင်တော့ ကြိုဆိုနေပါတယ်။ စော်ကားသရောင်နဲ့ ထိပါး လာမယ်ဆိုရင်တော့ ကျွန်တော့်အိမ်မှ ပြန်လည် တုံ့ပြန်သွားမှာပါ။

Anonymous said...

ဟုတ်ပါတယ်
အားလုံးဟာ ကိုယ့်တိုင်းပြည်ကို ကိုယ်ချစ်တာပါ
ဒါပေမယ့် အမြင်တွေတော့ မတူကြဘူးလေ

ဲဒီပို့စ်လေး ကောင်းတယ်

Anonymous said...

ဒီမိုကရေစီ ဆိုတဲ့ ၀ါဒကို ခုံမင်တဲ့ လူတွေဟာ ဆိုရင်လည်း သူများတကာ ကို သွားပြီး ချုပ်ချယ်လို့ မရပါဘူး။ အားလုံးမှာ Freedom ဆိုတာ ရှိသည့် အတွက်ကြောင့် လူတိုင်းမှာ လုပ်ပိုင်ခွင့် ဆိုတာ ရှိပါတယ်။ ဒီမိုကရေစီ ရဲ့ အနှစ်သာရမှာ ထောင့် တစ်ထောင့် ထဲ ဖြစ်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ သူများ ယုံကြည်ရာကို သွားရောက် ချုပ်ချယ်မယ် ဆိုရင်လည်း ဒီမိုကရေစီ မဟုတ်တော့ ပါဘူး။

မှန်ပါတယ်၊တစ်ချို့လူတွေကကိုယ့်ကိုကိုယ်ဒီမိုသမားပါဆိုပြီးတော့သူများကိုသွားပြီးချုပ်ချယ်တော့ကိုယ်ကမှားနေတာမသိနေကြဘူးလေ။ကောင်းတယ်ဟေ့

မယ်ထိပ်ထား said...

Dear Tea,,
Very good and reasonable post. That is true that everyone love our country Burma by different view that we can see by their words even they are standing for their believes. Go ahead....
yeemon

Unknown said...

မှန်တယ်ညီလေး။ လက်ခံတယ်...။ အားလုံးရဲ့ စိတ်ထဲမှာ ညီလေးလို ရှိနေမယ်ဆိုရင် အားလုံးအတွက် ပျော်ရွှင်ရာပေါ့...။

Tea said...

အားလုံးကို ကျေးဇူးတင်ပါတယ်။
ဒီပိုစ့်လေးရေးပြီး အဖျက်သမားတွေက မေသူ့ကို ထပ်ပြီး မိုက်ရိုင်းစွာ ဆဲသွားကြသေးတယ်လေ။ မေးလ်ကနေတစ်ဆင့်။ သူလဲ ပိုစ့်တစ်ခုတင်ထားတယ်။ အရမ်းကို ယုတ်မာတယ်။

လူတွေ ဘယ်တော့မှများ အသိတရား ရလိမ့်မလဲနော်။

Tea

အိတာ said...

အိမွန်တာလည်းပြောချင်နေတာကြာပါပြီ၊၊တီးရေ ကြိုက်ပါတယ် ..အားလည်းအားပေးနေပါတယ် ..ဒီလိုမျိုးရေးလို့ တီးကိုလည်းကျေးဇူးတင်ပါတယ်၊၊

ရတ်မန် said...

လာလည်ပါတယ်ဗျာ။ကြားရတာ စိတ်မကောင်းပါဘူး။ ဒါနဲ့စကားမစပ် စီဘောက်မှာရေးတာ error တက်နေတယ်။ စကားပြောတော့ ကျနော်ဆိုတာ့ ယောကျာ်းလေးလားလို့ နောက်ကျတော့ နာမည်တွေ့မှ မိန်းကလေးမှန်းသိတော့တယ်။ ပျော်ရွင်ပါစေ။

ရတ်မန် said...

လာလည်ပါတယ်ဗျာ။ကြားရတာ စိတ်မကောင်းပါဘူး။ ဒါနဲ့စကားမစပ် စီဘောက်မှာရေးတာ error တက်နေတယ်။ စကားပြောတော့ ကျနော်ဆိုတာ့ ယောကျာ်းလေးလားလို့ နောက်ကျတော့ နာမည်တွေ့မှ မိန်းကလေးမှန်းသိတော့တယ်။ ပျော်ရွင်ပါစေ။

Mhaw Sayar said...

သိပ်ကို လွတ်လပ်ပြီးတော့ အမှီအခိုကင်းတဲ့ ပို့စ်ကောင်း တစ်ပုဒ်ပါပဲဗျာ...

ပါဂနာ said...

နောက်ကျသွား. သဗျိုး..

“နားလည်မှူ” မရှိတဲ့ သူတွေအတွက်..
အဲဒီ.စကားလုံး သူတို့  “လုံးဝ” မသိပါ..

ဒါပေမဲ့. ယုံကြည်ပြီးသား.
ဒီလောက် ခိုင်မာစည်းလုံး မှူအပြည့် ရှိတဲ့ အိမ်အမှတ်(၁၆) က လုံးဝ အပြုံးမပျက် မျှဝေမူတွေဆက်ပေးနေ အုံးမယ်ဆိုတာ


ယုံကြည်မူ အပြည့်နဲ့ သာရှေ့ သို့ .. =|>

Anonymous said...

မြန်မာပြည်ကြီးက ရလေတိုင်းရ လိုတရအိုးကြီး မဟုတ်ဘူးလေ။

ဟုတ်တယ်၊တိုင်းပြည်ကြီးလည်းသွားရှာပါပီလေ

Anonymous said...

သူတို့နှိပ်စက်လို့ပါ။