Photobucket

Tuesday, December 23, 2008

အတိတ်၏အရိပ်


လွမ်းမောလှပြီ။
မ၀ံ့မလပ် ကျိတ်ကျိတ်ဝှက် ထိတ်ငေးခဲ့သမျှ
ကျွနိုပ်၏ လက်ဝဲရင်ခန်းမှာ
သင့်အား ချစ်ခဲ့...မြတ်နိုးခဲ့...ဆုံးရှုံးခဲ့လေပြီ.....

တစ်ခါတစ်ခါတော့လည်း
တစ်ဖိတ်ဖိတ်တောက်ပနေတဲ့ တစ်ကိုယ်တည်းဖထောင်းတိုင်တိုတွေကိုငေးရင်း
မှောင်လာမှသာ မျက်ရည် စွန့်ဝံ့သူကျွနိုပ်
တီတာပြောဆိုချင်သမျှ နားထောင်မယ့်သင်
ဘယ်ဆီဘုံနန်းစိုက်နေပါလိမ့်....

တလိပ်လိပ်လွင့်တက်လာသော
အတိတ်ငွေ့တို့ သည်လည်း
နှလုံးသွေးအကူတို့ ဖြင့် ဆေးခြယ်
အလွမ်းမောဆုံး ပန်းချီကားအဖြစ်သို့ 
ကျွနိုပ်ဘ၀ မှန်ကူကွက်ဝယ် တန်ဆာဆင်ချိတ်ဆွဲ ၀င့်ရဲခဲ့လေပြီ.....

ဘ၀ရဲ့ သဘော
စိတ်မောဖွယ် သာမန်ရိုးကျအလုပ်တွေထဲ
ကျွနိုပ်စိတ်ဝယ် သင်၏ အပြုံးဖျော့တော့မှေးမှိန်ခဲ့သော်လည်း
စစ်မှန်သော ညစဉ်ရက်ဆက်
အဟုန်ပြင်းပြင်း မပျက်မေတ္တာပို့ သသံသည်
ချစ်တဲ့သင် အေးချမ်းစေဖို့ သာ ရွယ်ရည်စူးခဲ့လေသည်........

မှတ်ချက်... အချစ်ကဗျာများမရေးချင်တော့ပါ...ဒါပေမယ့်လဲ...လဲ...လဲ..:D

Type the rest of your post here.

ဆက်ဖတ်ရန်...(To Continue)

Wednesday, December 17, 2008

တစ်ခါက အချစ်ဆုံးသို့ ……..


ရှင့်ကို ကျမချစ်ခဲ့တာ မှားပြီလို့ သိလိုက်ရတဲ့ အချိန်တုန်းက တော်တော် နောက်မကျသေးပါဘူး။ ဒါပေမဲ့ ကျမဇွတ်တိုးခဲ့တယ်။ ၀တ္တုတွေထဲမှာလို အရာအားလုံးကို ချစ်ခြင်းအားဖြင့် ပြောင်းလဲနိုင်မယ်လို့ ကျမယုံကြည်ခဲ့တယ်။ ရှင်လဲ အဲဒီလိုပဲ ယုံကြည်ခဲ့မှာပါလေ။ ဒါပေမဲ့ လက်တွေ့ဘ၀ဆိုတာ ချစ်ခြင်းအားဖြင့် မပြောင်းလဲနိုင်ခဲ့ဘူးလေး။ အဓိကအားဖြင့်တော့ ကိုယ့်ရဲ့ ယုံကြည်မှုလက်ကိုင်တရားတွေ၊ သူငယ်ချင်း၊ မောင်နှမနဲ့ မိဘဖိအားတွေဟာ မျှင်မျှင်လေးပဲ ရှိတဲ့ ရှင်နဲ့ ကျမရဲ့ ချစ်ခြင်းတရားတွေကို အေးအေးဆေးဆေးပဲ တိကနဲ ဖြတ်သွားခဲ့ပြီလေ။ နောက်ဆုံးရလာဒ်ကတော့ ကျမရဲ့ နေ့စဉ်ဘ၀ထဲမှာ ရှင်ဆိုတဲ့ နေရာတစ်ခု ကွက်လပ်အဖြစ်နဲ့ ကျန်ရစ်ခဲ့တာပေါ့။ တန်ခိုးဆိုတာရှိရင် ရှင်ဘယ်လိုတွေးခဲ့မယ်ဆိုတာကို ကျမလေ ရှင့်ရင်ဘတ်ထဲ ၀င်ကြည့်ချင်မိပါရဲ့။

ကောလိပ်စဖွင့်တဲ့ ကြာသာပတေးနေ့မှာပဲ့ ကျမ စာကြည့်တိုက်ထဲဝင်လာတုန်း lab report ထိုင်ရေးနေတဲ့ ရှင်က တစ်ချက်ပြုံးပြခဲ့တယ်။ ကျမအဲဒီအပြုံးကို ဘယ်တော့မှ မေ့မှာ မဟုတ်ဘူး။ အားလုံးရဲ့ အစဟာ ဒီအပြုံးတစ်ချက်ကြောင့်လို့ ပြောရင် ရှင်လဲ ငြင်းဆန်နိုင်မှာ မဟုတ်ဘူးလေ။ ရိုးရိုးရှင်းရှင်းပဲ တခြားသူငယ်ချင်းတွေနဲ့ အတူ ကျမတို့ နှစ်ယောက် စာတူတူထိုင်ဖတ်ခဲ့ကြတယ်။ ဒီသူငယ်ချင်းခြောက်ယောက်ဟာ ကျမရဲ့ ကောလိပ်သမိုင်းမှာ ဖျောက်ဖျက်ပစ်လို့ မရတဲ့ အမှတ်တရတွေပါ။

ကျမတို့ ခြောက်ယောက် ရိုးရှင်းစွာ အတွဲညီခဲ့ ကျတယ်။ အဲဒီတုန်းတဲက ရှင်ကျမကို စိတ်ဝင်စားခဲ့တယ်ဆိုတာ အခုမှ ကျောင်းကို ရောက်လာတဲ့ SATက လွဲလို့ အမေရိကန် cultureကို ဘာမှ မသိတဲ့ ကျောင်းသူတစ်ယောက်အနေနဲ့ ကျမ ဘယ်လိုလုပ်သိခဲ့ရမှာလဲ ရှင်ရယ်။ ကျမ ရိုးသားစွာပဲ အရမ်းခင်ဖို့ကောင်းပြီး ကူညီတတ်တဲ့ အစ်ကိုတစ်ယောက်လို့ သတ်မှတ်ခဲ့တယ်။ ကျမတို့ ခြောက်ယောက် ပျော်ရွှင်စရာအချိန်တွေကို ဖြတ်သန်းခဲ့တယ်။

ဒီကြားထဲမှာတော့ ကျမသိလိုက်ရတာက ကျမက လွဲလို့ ကျန်တဲ့ ငါးယောက်လုံး ခရစ်ယာန်တွေဆိုတာပါပဲ။ အပေါ်ယံမှာ ဘာသာရေးကိုင်းရှိုင်းတဲ့ ဗုဒ္ဒဘာသာတစ်ယောက်လို့ မထင်ရက်စရာဖြစ်တဲ့ ကျမကို သူတို့ ဘာသာရေးယုံကြည်လာဖို့ သွတ်သွင်းခဲ့တာလေ။ ဒါပေမဲ့ ကျမနဲ့ စကားတွေ အမြဲပြောနေတဲ့ ရှင်က ကျမအကြောင်းတွေ ယုံကြည်မှုတွေကို သိနေခဲ့တယ်။ ရှင်ကိုယ်တိုင်တောင် တောင်အာဖရိကမှာ နှစ်နှစ်တိတိ သာသနာပြုထားတဲ့ ခရစ်ယာန်တစ်ယောက်ဖြစ်ရဲ့သားနဲ့ ကျမကို ကာကွယ်ပေးခဲ့တယ်။ “ကိုယ်ယုံကြည်ရာကိုသာ ယုံကြည်ပါ။ ဘာသာရေးကြောင့် ငါတို့ ကွဲသွားစရာ အကြောင်းမရှိဘူး” လို့ ပြောခဲ့တာ ဘယ်သူလဲဆိုတာ ကျမအခု မေ့ချင်နေပြီ။

ရှင်ဟာ ကျမရဲ့ အချစ်ဆုံး သူငယ်ချင်း၊ အားကိုးအရဆုံးအစ်ကိုတစ်ယောက်။
ကျောင်းတက်စ ပထမနှစ်ရဲ့ အမှောင်မိုက်ဆုံးအချိန်တွေမှာ ရှင်ရှိနေခဲ့တယ်။ ကျမဆိုးသမျှ ရှင်ခံခဲ့တယ်။ ကိုယ့်အတန်းကို ဖျက်ပြီး ကျမရဲ့ အိမ်စာတွေကို ကူလုပ်ပေးခဲ့တယ်။ စာမေးပွဲခန်းထဲမှာ ကျမရဲ့ ရိုးရိုး calculatorနဲ့ ရှင့်ရဲ့ graphing calculatorကို ရှင်လဲပေးခဲ့တယ်။ ကျမတို့ရဲ့ များပြားလှတဲ့ text တွေကို ရှင်မေ့နိုင်ပ့ါမလား။ နာမည်ကြီး rock band တစ်ခု ကျမတို့ မြို့မှာ လာဆိုမယ်ဆိုတော့ ရှင်ပိုက်ဆံနှစ်ရာကျော် အကုန်ခံပြီး ကျမ သွားချင်လွန်းတာကို လိုက်ပို့ပေးခဲ့တယ်။ ကော်ဖီဆို အနံ့တောင် မကြိုက်တဲ့ရှင် Starbucks မှာ ကျမနဲ့ စာတူတူ လိုက်ဖတ်ခဲ့တယ်။

နောက် semester မှာ ကျမ ကြက်တောင်ရိုက်လို့ အတန်းချိန်ပြောင်းတော့ သုံးနာရီများတောင် အလယ်မှာ လပ်နေတာကို မညီးမညူ ကျမနဲ့တူတူ အတန်းလိုက်တက်ခဲ့တယ်။ ပထမနှစ်တစ်နှစ်လုံး ရှင်ကျမအတွက် ရှိနေပေးခဲ့ပြီး ကျမကို ဘာမှ ဖွင့်မပြောပဲ နေနိုင်တာကို အံ့သြမိပါရဲ့။ နောက်မှ ရှင့်အခန်းဖော်ဆီက ဘာသာရေးအယူအဆတွေကြောင့် ရှင်ဖွင့်မပြောခဲ့တာပါလို့ သိလိုက်ရတဲ့ အချိန်မှာတော့ ကျမရှင့်ကို ချစ်မိနေပါပြီ။

ကျောင်းကြီးပိတ်လို့ နွေရောက်တော့ ရှင်တခြားနယ်မှာ အလုပ်သွားလုပ်တော့လဲ ကျမတို့ နှစ်ယောက် အခင်အမင်မပျက် text တွေ ရိုက်ခဲ့ကြတယ်လေ။ ကျမ ရှင့်အလုပ်အကြောင်းတွေကို နားထောင်ရတာမက်မောသလို ကျမရဲ့ သုတေသနlabထဲက အကြောင်းတွေကလဲ ရှင့်အတွက် မပျင်းစေရဘူးပေါ့။ ဒါပေမဲ့ ကျမ တစ်ယောက်သောသူကို ရှာတွေ့ခဲ့တယ်။ ကျမနဲ့ မေဂျာတူ အတန်းတူ senior တစ်ယောက်ကို ခရီးတစ်ခုအတူတူသွားရင်းနဲ့က တွေ့ခဲ့တယ်။ သူလဲ ရည်းစားမရှိ၊ ကျမလဲ single။ ဒီတော့လဲ...။

ဒုတိယနှစ်ကျောင်းပြန်ဖွင့်တော့ ကျမတို့ နှစ်ယောက် အင်္ဂါနေ့တိုင်း ထမင်းတူတူစားခဲ့တယ်။ ဒါပေမဲ့ တစ်ခုသော အင်္ဂါနေ့မှာတော့ သူ့ကို ရှင်နဲ့ မိတ်ဆက်ပေးဖို့ ခေါ်လာခဲ့တယ်။ အဲဒီနေ့ကိုတော့ ကျမ မေ့လို့ရမှာ မဟုတ်ဘူး။ ကိုယ့်ရဲ့ လက်ရှိရည်းစားကို အရမ်းခင်တဲ့ သူငယ်ချင်းတစ်ယောက်နဲ့ ပေးတွေ့တာ သမားရိုးကျ ဖြစ်စဉ်တစ်ခုလေ။ ခင်တတ်တဲ့ ရှင်ဟာ စကားဟ,ဟတောင် မပြောခဲ့ဘူးလေ။

အောက်တိုဘာတစ်ရက်နေ့, ရှင်မွေးနေ့မှာ ကျမတစ်ယောက်ထဲကိုပဲ ဖိတ်ခဲ့တယ်ဆိုတာ ကျမ မသိရရိုးအမှန်ပါ။ ရှင်ကျမကို ဖွင့်ပြောခဲ့တယ်။ ပထမတော့ ကျမနောက်နေတယ် ထင်လို့ ပျက်ရယ်ပြုခဲ့တယ်လေ။ “ငါ မင်းရဲ့ ချစ်သူတစ်ယောက်ဖြစ်ဖို့ အရည်အချင်းမရှိဘူးလား”လို့ မေးလိုက်တဲ့ အခိုက်အတန့်မှတော့ ကျမရဲ့ နှလုံးသွေးတွေ ရပ်တန့်သွားပြီ။ ကျမ ဦးနှောက်ရဲ့ ဆုံးဖြတ်ချက်မပါပဲ အခိုက်အတန့်လေးမှာတင် ခေါင်းညိတ်မိခဲ့တယ်။ အံ့သြတုန်လှုပ်နေတဲ့ ကျမရယ်၊ ဟင်းပန်းကန်တွေရယ်၊ ဖယောင်းတိုင်မီးထွန်းထားတဲ့ cupcake သေးသေးလေးရယ်ရှေ့မှာ ရှင်ကတော့ တည်တည်ငြိမ်ငြိမ်ပဲ ကျမကို ရည်းစားနဲ့ အဆုံးသတ်ဖို့ တိုက်တွန်းခဲ့တယ်။

ကျမဟာ လူသေတစ်ယောက်လိုပဲ သွေးအေးအေးနဲ့ပဲ ရည်းစားကို ဖြတ်ခဲ့တယ်။ ဆေးမိထားတဲ့ ဆယ်ကျော်သက်တစ်ယောက်လိုပဲ ရှင့်ကို လက်ခံမိခဲ့ပါတယ်။ ကျမ ရှင်နဲ့ ရှိနေတဲ့ အချိန်တွေတိုင်းကို တန်ဖိုးမဖြတ်နိုင်ခဲ့ဘူး။ ရှင့်ရဲ့ ရင်ခွင်ထဲမှာပဲ တစ်ချိန်လုံးနေချင်မိခဲ့တယ်။ နှစ်ယောက်လုံးကျောင်းစာတွေ အလုပ်တွေနဲ့ ပိနေတာတောင် အချိန်ပေးနိုင်ခဲ့တယ်လေ။ ကျမလေ သောကြာနဲ့ စနေနေ့တွေကိုပဲ တစ်ပတ်လုံးတမ်းတနေမိတယ်။ တနင်္ဂနွေတိုင်းကျရင်တော့ ကျမတစ်ယောက်ထဲပဲ ကျိတ်ပြီး နောက်တစ်ပါတ်သောကြာကို မက်မောမိခဲ့တယ်။ ရှင်ကတော့ ရှင့်ဘုရားကျောင်းမှာ တနေကုန်ကျမကို မေ့နေမှာပါ။

ကျမ Thanksgiving တိုင်းကို မုန်းမိနေမှာ အမှန်ပါ။ အဲဒီနေ့ဟာ ကျမအိမ်မက်က နိုးလာတဲ့နေ့ပေါ့။ Thanksgiving မတိုင်ခင် ရှင့်အိမ်က မိသားစုနဲ့ တွေ့ဖို့ ကျမကို ဖိတ်ခဲ့တယ်။ အံ့သြခြင်းတွေနဲ့ အတူ ကျမကြောက်လန့်ခဲ့တယ်။ ပွင့်ပွင့်လင်းလင်းပဲ ဒါဘာအဆင့်လဲလို့ မေးခဲ့တယ်။ “နောင်အတွက် လက်တွဲဖို့ ရည်ရွယ်ထားတဲ့ မိန်းကလေးတစ်ယောက်ကို မိဘနဲ့ ပေးတွေ့ချင်တာ။” ကျမတို့ နှစ်ယောက်စကားတွေ အများကြီးပြောခဲ့တယ်လေ။ ဘုရားကျောင်းမှာ လက်ထပ်မှ အိမ်ထောင်ကျတယ်လို့ ယုံကြည်တဲ့ ရှင်နဲ့ ခရစ်ယာန်ဆို ဘာသာပြောင်းဖို့ အိမ်မက်တောင် မမက်တဲ့ ကျမတို့ နှစ်ယောက်ကြားမှာ တင်းမာခဲ့ကြတယ်။

လွန်ခဲ့တဲ့တစ်နှစ်က မင်းယုံကြည်ရာကို ယုံကြည်ပါဆိုတဲ့ စကားတစ်ခွန်းကြောင့် ကျမရှင့်ကို
လွတ်လွတ်လပ်လပ်ချစ်ခဲ့တယ်။ အဲဒီနေ့ကတော့ ရှင့်အိမ်ကိုလိုက်လည်ဖို့ ကျမ "အဆင်သင့် မဖြစ်သေးဘူး"ဆိုတဲ့ စကားတစ်ခွန်းနဲ့ ကျမတို့ အဆုံးသတ်ခဲ့ကြတယ်။ ရှင်ဟာ သွေးအေးတဲ့ လူသားတစ်ယောက်လား။ ရှင်ကျမကို တိကနဲပဲ အဆက်အသွယ်ဖြတ်ခဲ့တယ်။ နေနိုင်ရက်သူရယ်။ ကျမကတော့လေ နေ့စဉ်ဘ၀မှာ ရှင်တစ်ယောက်မရှိတော့ ဟာကွက်ကျန်ခဲ့တယ်။ ရှင်ကျမကို ဖုန်းမခေါ်ဘဲ မတွေ့ဘဲ နေနိုင်ရက်တယ်နော်။ ဘာသာတရားဆိုတာ ဘ၀မှာ ကြီးစိုးတာ အမှန်ပါ။ ဒါပေမဲ့ ဒီလောက်တောင်ပဲလား…….

အိပ်မရတဲ့ ညတွေ၊ ကျခဲ့ရတဲ့ မျက်ရည်တွေ၊ စုတ်ပြတ်သတ်နေတဲ့ စာမေးပွဲအမှတ်တွေကြားမှာ ကျမ အခန်းဖော်တွေ ကျမ သတ်သေသွားမှာစိုးလို့ တစ်နာရီတစ်ခါ လာစောင့်ကြည့်နေခဲ့ကြတယ်။ မျက်နှာကျက်ကို ပက်လက်လန်ပြီး အတိုင်းသား ကြည့်နေတဲ့ ကျမကို ရူးသွားပြီလို့ ထင်မှတ်ခဲ့ကျတယ်။

ကျမနေနိုင်သွားပါပြီ။ ရှင်ဆိုတာ ကျမရဲ့ ပုံရိပ်တစ်ခုပါ။ ရှင့်နာမည်ကို ကြားလိုက်တိုင်း ကျမနှလုံးသားထဲ တဆစ်ဆစ်နာကျင်နေဆဲပါ။ ဒါပေမဲ့ ကျမ ရှင့်ရဲ့ သူငယ်ချင်းကောင်းတစ်ယောက်အဖြစ် ရပ်တည်သွားဖို့ ကျမဆုံးဖြတ်လိုက်ပါပြီ။ ရှင်နဲ့ ဘာသာတူမိန်းကလေးတစ်ယောက်နဲ့ လက်ထပ်ပွဲမှာ ရှင်ဝယ်ပေးခဲ့တဲ့ ၀တ်စုံလှလှလေးဝတ်ပြီး ပွဲတက်နိုင်ဖို့ ကျမလေ, ကျမ အတတ်နိုင်ဆုံး ကြိုးစားသွားမယ်ဆိုတာ ရှင်သိစေချင်ပါတယ်။

Sketch တစ်ချို့မှ
ပေဖူးလွှာ

ဆက်ဖတ်ရန်...(To Continue)

Monday, December 15, 2008

Love is Separateness


"ငါ့သမီး ကြီးလာရင် လူတွေရဲ့ အသက်ကို ကယ်တင်ပေးပြီး ကုသိုလ် ရှိတဲ့ အလုပ်ကို လုပ်တဲ့ ဆရာဝန်ကြီး တစ်ယောက် ဖြစ်ရမယ်" ဆိုတဲ့ စိတ်ဆန္ဒက သီတာထွန်း ရဲ့ အမေဖြစ်တဲ့ ဒေါ်ဥမ္မာ့ ဘ၀မှာ အကြီးမားဆုံး ဆန္ဒတစ်ခုပါ။ "ငါ့သမီး စာကြိုးစားနော်၊ ၁၀တန်းမှာ အမှတ်များအောင်လုပ်၊ ၁၀တန်းပြီးရင် ဆေးကျောင်းတက်ပြီး ဆရာဝန်ကြီး ဖြစ်အောင် လုပ်ရမယ်" ဆိုတဲ့ စကားကတော့ သီတာထွန်း မရိုးနိုင်အောင် မကြားချင်လောက် အောင်ကို ဒေါ်ဥမ္မာက အမြဲတန်း ပြောနေတတ်တယ်။ တစ်ဖက်မှာတော့ သီတာက ဆရာဝန်မပြောနဲ့၊ ဆေးပညာနဲ့ ပတ်သက်လာရင် စိတ်ဝင်စားမှု တစ်ပြားတစ်စိ မှ မရှိတဲ့ အပြင် ၀ါသနာလည်း လုံးဝ မပါပါ။ သီတာ ဖြစ်ချင်တာက နေ့စဉ်နေ့တိုင်း ဝေဟင်ယံမှာ ပျံဝဲနေတဲ့ လေယာဉ်တွေပေါ်မှာ အမြဲတန်း အပြုံးအပြည့်နဲ့ လူတွေနဲ့ ဆက်ဆံရတဲ့ လေယာဉ်မယ်တစ်ဦး။ ငယ်ငယ်ကထဲက လေယာဉ်ပျံကြီး ကောင်းကင်မှာတွေ့ရင် "မေမေ၊ မေမေ၊ ဟိုမှာ လေယာဉ်ကြီး လေယာဉ်ကြီး" ဆိုပြီး မျက်နှာပေါ်မှာ အပြုံး အပြည့် ပန်ဆင်ထားတတ်တဲ့သူပေါ့။ သီတာထွန်း တစ်ယောက် ဆရာဝန် တစ်ဦး လုံးဝ မဖြစ်ချင်မှန်း ဒေါ်ဥမ္မာ ကောင်းကောင်းကြီး သိထားတယ်။ ဒါကြောင့်ပဲ တစ်ချိန်လုံး သီတာထွန်း အီဆိမ့်နေအောင် ဆရာဝန်ကောင်းကြောင်း၊ သမီးဆရာဝန်ဖြစ်ဖို့ ဆိုတာ သူ့အတွက် အရမ်း အရေးကြီး ကြောင်းတွေ ပြောပြီး ဖိအား ပေးနေတတ်တယ်။

လူတွေ ဆိုတာ တကယ်တော့ သီးခြား တည်ရှိနေတဲ့ ခန္ဓာ၊ သီးခြား တည်ရှိနေတဲ့ စိတ်တွေနဲ့ ဖွဲ့စည်းထားတာပါ။ ဒီလောက ကြီးမှာ ယုတ္တိရှိရှိ သေချာ တွေးကြည့်မယ်ဆိုရင် ဘယ် လူနှစ်ယောက်မှ ဘယ်လောက်ပဲ ခင်နေပါစေ၊ ချစ်နေကြပါစေ။ ထပ်တူထပ်မျှ ကျဖို့ ဆိုတာ မဖြစ်နိုင်ဘူး။ လူတိုင်းမှာ မိမိတို့ ကိုယ်စီ ဖြစ်ချင်တာတွေ ကိုယ်စီ ရှိကြပါတယ်။ အပေါ်မှာ ပေးခဲ့တဲ့ ဥပမာ လိုမျိုးပဲ သီတာထွန်း ဖြစ်ချင်နေတာက လေယာဉ်မယ်၊ သီတာထွန်းက သီတာထွန်းရဲ့ ဘ၀တစ်လျှောက်မှာ မိမိ ၀ါသနာပါပြီး စိတ်ချမ်းသာတဲ့ အလုပ်ဖြစ်မယ် ထင်တဲ့ လေယာဉ်မယ် တစ်ဦးဖြစ်ချင်တယ်။ ဒီနေရာမှာ ဖြစ်နေတဲ့ ပြဿနာက ဒေါ် ဥမ္မာ၊ ဒေါ်ဥမ္မာက သူ့သမီးကို ဆရာဝန်ကြီး ဖြစ်စေချင်တယ်။ ဒီဆန္ဒက ဒေါ်ဥမ္မာရဲ့ ဆန္ဒ၊ သီတာထွန်းရဲ့ ဆန္ဒမဟုတ်ပါ။ ဒေါ်ဥမ္မာက မိမိဘ၀နယ်ပယ်ကို ကျော်လွန်ပြီး တစ်ခြား တစ်စုံတစ်ယောက်ရဲ့ ဘ၀ထဲကို သူဖြစ်ချင်တာ ဖြစ်စေချင်တာကို ကျူးကျော်ပြီး သက်ရောက်နေတယ်။

အဆိုပါ ပြသာနာမျိုးက မြန်မာနိုင်ငံတင်မကပဲ ကမ္ဘာအနှံ့အပြား အဓိက အာရှ မှာ မိဘတွေက ဖြစ်နေတဲ့ ပြဿနာ တစ်ခုပါ။ ဒီမိဘတွေ အားလုံးရဲ့ စိတ်ထဲမှာ တူညီစွာ ခံစားနေတာ တစ်ခုက "အချစ်" ပါ။ သူတို့ သူတို့ သားသမီးတွေကို ချစ်တယ်။ သားသမီးတွေကို အောင်မြင်စေချင်တယ်။ သားသမီးတွေကို သူတို့ရဲ့ ဘ၀မှာ အစစအရာရာ အောင်မြင်စေချင်တယ်။ ဒါတွေဟာ မိဘတွေရဲ့ မေတ္တာလို့ လူအများစုက တွေးခေါ်ချင်ရင် တွေးခေါ်ကြလိမ့်မယ်။ ကျွန်တော်ကတော့ "လွဲမှားသော အချစ်" (သို့) "လွဲမှားသော မေတ္တာ" လို့ပဲ သမုတ်ပါရစေ။

ချစ်တာတော့ ဟုတ်ပါပြီ။ လက်ခံနိုင်ပါတယ်။ တကယ်တမ်း လူတစ်ဦးဟာ နောက်လူတစ်ဦးကို အမှန်အကန် ချစ်ပြီဆိုရင် မိမိကိုယ်ကို အဆိုပါ လူနဲ့ ခွဲခြား နိုင်စွမ်း ရှိရမယ်။ အချစ်စစ်တစ်ခုမှာ ခွဲခြားနိုင်စွမ်း မရှိပဲနဲ့ အဲ့ဒီအချစ်ကို အချစ်လို့ မသတ်မှတ်နိုင်ဘူး။ လူတွေရဲ့ စိတ်ဆိုတာ အင်မတန်မှာ ထူးခြား ရှုပ်ထွေ တဲ့ ဖွဲ့စည်းမှု တစ်ခုပါ။ စိတ်ဆိုတဲ့ အရာတစ်ခုဟာ နောက်ထပ် တခြား စိတ်ဆိုတဲ့ အရာတစ်ခုနဲ့ ထပ်တူထပ်မျှ ကျဖို့ ဆိုတာ အင်မတန်မှ ရှားလွန်းလှပါတယ်။ မဖြစ်နိုင်ဘူးဆိုရင်တောင် ပိုပြီး လက်တွေ့ ကျပါတယ်။ တစ်နေရာထဲ၊ တစ်ချိန်ထဲ၊ တစ်မိထဲက မွေးဖွားလာတဲ့ အမွှာတွေတောင် စိတ်ချင်း ထပ်တူထပ်မျှ ကျဖို့ ဆိုတာ ခက်ခဲလွန်းပါတယ်။ အစက ပြောသွားတဲ့ သီတာထွန်းတို့ရဲ့ ပြဿနာကို ပြောရရင် ဒေါ်ဥမ္မာရဲ့ သီတာ့အပေါ်ထားတဲ့ မေတ္တာဟာ နည်းနည်း လွဲမှားသွားပါတယ်။ သမီးကို မိမိ ဖြစ်စေချင်တာထဲကို အတင်း ဆွဲသွင်းမယ့် အစား ငါ့သမီးဘ၀မှာ ငါ့သမီး စိတ်ချမ်းသာတဲ့ အလုပ်တစ်ခုနဲ့ သူ့ဘာသာ ရှင်သန် နေထိုင်ရမှာပဲလေ ဆိုတဲ့ အတွေးကို လက်မခံနိုင်တဲ့ အချက်က မြန်မာပြည်က မိဘတော်တော် များများမှာ တွေ့ရပါတယ်။ "ဟိုဟာ မလုပ်နဲ့။ ဒီဟာ မလုပ်။ ဒီဟာလုပ်၊ ဟိုဟာလုပ်" ဆိုပြီး အမြဲတမ်း ဖိအားပေး နေမယ် ဆိုရင် အချစ်တစ်ခုဟာ မှားယွင်းသွား နိုင်ပါတယ်။ မကောင်းမှု တစ်ခု တစ်စုံတစ်ရာ အမှားမလုပ်နေရင် တော်ပါပြီ။ အစစအရာရာ မိမိတို့ စိတ်တိုင်းကျ ဖြစ်စေရလောက်အောင် သူတို့က ကိုယ် မှ မဟုတ်ပဲလေ။ ကိုယ်ဖြစ်ချင်တာ အားလုံး ဖြစ်စေချင်ရင် ကိုယ်ကိုယ်တိုင် လုပ်မှပဲ ရတော့မှာပေါ့။ အမှန် ပြောရမယ် ဆိုရင် ခုနတုန်းက ပြောခဲ့တဲ့ ဒေါ်ဥမ္မာနဲ့ သီတာထွန်း ဇာတ်လမ်းက ကျွန်တော် လက်တွေ့ ဘ၀မှာ သေချာ မြင်တွေ့ခဲ့ရတဲ့ အဖြစ်တစ်ခုပါ။ သီတာက မိဘစကားကို မလွန်ဆန်နိုင်ပဲ ဆေးပညာကို ဖတ်ခဲ့တယ်။ နောက်ဆုံး သီတာထွန်းခမျာ လေယာဉ် အရုပ်လေး တစ်ရုပ်ကိုင်ထား၇င်း မိမိနာမည်တောင် မမှတ်မိလောက်အောင် ရူးသွားရှာပါတယ်။ ဒေါ်ဥမ္မာလည်း ထိုအချိန်မှာ ရင်ကျိုးနာကျသွားတာ ဘ၀တစ်သက်စာ သေရာပါ ဖြစ်သွားပါတယ်။

တကယ်တော့ အချစ်တစ်ခုမှာ နားလည်မှု ဆိုတာ အ၇မ်း အရေးကြီးပါတယ်။ လူနှစ်ဦးဟာ တစ်ဦးကို တစ်ဦး အပြန်အလှန် နားလည် ပေးနိုင်ရမယ်။ နားလည်မှု မရှိပဲနဲ့တော့ အချစ်တစ်ခု သာယာ လှပဖို့ဆိုတာ ခက်ပါတယ်။ လူတစ်ယောက်ကို ချစ်ပြီဆိုရင် ထိုလူနဲ့ မိမိကိုယ်ကို (ထိုလူရဲ့ စိတ်နဲ့ မိမိရဲ့စိတ်) အစစအရာရာ မရမက ပေါင်းစည်းပစ်ဖို့ ထက် နားလည်မှုကို ဦးစားပေး ရှေ့တန်းတင် နိုင်အောင် ကြိုးစားသင့်ပါတယ်။ ကျွန်တော်ကတော့ ကံကောင်းပါတယ်။ ကျွန်တော့်မိဘက ဘယ်တော့မှ ကျွန်တော့်ကို ဖိအား မပေးဖူးဘူး။ ဒါပေမယ့် ဖိအားပေးတတ်တဲ့ မိဘတွေ အများကြီး ကျွန်တော် မြင်ဖူးပါတယ်။ သူတို့ရဲ့ အံမခန်း မိဘမေတ္တာကိုလည်း မြင်တယ်။ ဒါပေမယ့် မှားနေတဲ့ နေရာလေးတွေ ရှိတယ်။ နောင် ရေရှည် ဖြစ်လာမယ့် အကျိုးဆက်တွေကို သတိမထားမိပဲ မိမိသိပ်ချစ်ရတဲ့ သားသမီးတွေကို ဒုက္ခ ပေးနေ သလို ဖြစ်သွားတော့ တစ်ချိန်မှာ တစ်ခုခု ရင်နာစရာတွေ ဖြစ်လာရင် သားသမီးလည်း မကောင်းသလို မိဘတွေ လည်း ဘ၀တစ်သက်စာ စိတ်ဆင်းရဲ ရတာမျိုးဖြစ်လာရင် ဘယ်သူမှ မကောင်းပါဘူး။

နောက်ဆုံး အနေနဲ့ Kahlil Gibran ရဲ့ မိဘတွေ အတွက် ကလေးတွေကို ပြုစုပျိုးထောင်ရာမှာ သတိထားစေဖို့ စာသားလေးတွေကို မျှဝေပေးလိုက်တယ်။ တစ်ချို့စာသားတွေက မြန်မာလို တိုက်ရိုက် အဓိပ္ပာယ် ပြန်လိုက်ရင် လွဲမှားကုန်မှာဆိုးလို့ အင်္ဂလိပ်လိုပဲ ဖတ်တာက ပိုသင့်တော်ပါတယ်။

Your children are not your children.
They are the sons and daughters of Life's longing for itself.
They come through you but not from you,
And though they are with you they belong not to you.

You may give them your love but not your thoughts,
For they have their own thoughts.
You may house their bodies but not their sous,
For their souls dwell in the house of tomorrow, which you cannot visit, not even in your dreams.
You may strive to be like them, but seek not to make them like you.
For life goes not backward nor tarries with yesterday.
You are the bow from which your children as living arrows are sent forth.
The archer sees the mark upon the path of the infinite, and He bends you with His might that His arrow may go swift and far.
Let your bending in the archer's band be for gladness;
For even as He loves the arrow that flies, so He loves also the bow that is stable.

ကမ္ဘာပေါ်က မိဘတိုင်းကို လေးလေးနက်နက် ချစ်ခင် လေးစားလျှက် (ဒေါ်ဥမ္မာ့လို အဖြစ်မျိုး မကြုံပါစေနဲ့လို့ ဆုတောင်းရင်း)
Tea

ဆက်ဖတ်ရန်...(To Continue)

Sunday, December 14, 2008

သို့  ...မေမေ....


အရှိက အရှိအတိုင်း
သဘာဝက သဘာဝအတိုင်း
လူတွေက လူလိုကျင့်
တောတွေက တောလိုကျင့်
လူ့ ဘ၀ရဲ့  ရယ်သံမောသံ ငိုသံရှိုက်သံကြားမှာ
အနှစ်နှစ်ဆယ်ရဲ့
အတောက်ပဆုံးရယ်သံအသစ်ကို
နှစ်လိုပြီ...မေမေ....

ထိပ်ဆုံးအထိ
အောင်ပွဲမခံနိုင်ခဲ့ပေမယ့်
နောက်လူမြည်းရင် ချိုမြိန်နှစ်သက်ဖွယ်
နောက်လူစားရင် အာဟာရပြီးမြောက်ဖွယ်
ချန်ထားခွင့် ၊ စိုက်ပျိုးခွင့် ၊ ခွဲဝေမျှနိုင်ခွင့်တွေ
ရင်နင့်အမျှ
ရှိချင်ပြီ ...မေမေ...

ပြယ်ရယ်ပြုတဲ့ ရယ်သံတွေကြား..
လှောင်ထေ့တဲ့ အပြုံးတွေကြား
တရားမဲ့တဲ့ နာရီတွေထဲမှာ
မိုက်ရူုးရဲ ပျော်ဝင်သူတွေကြား
အခန်းထောင့်ထဲ သိမ်ကာကြုံ့ ဝင်
ကြောက်စိတ်ဝင်
ထိရှိခဲ့ပြီ...မေမေ...

အမြင့်ပျံတော့ အဝေးမြင်
မာယာရောင်စုံခြယ် ၀ါဂွမ်းစိုင် နုနုတွေအလယ်
အပေါ်ယံ ပကာသနတွေ
ရစ်ပတ်ခံခဲ့ရခြင်းက
အစားမထိုးနိုင်တဲ့ အရိပ်ကို ခိုဝင်ချိန်
အခိုက်အတန့်  နောက်ကျရခြင်းရဲ့
အကြောင်းပြချက်တစ်ခု
ဖြစ်ခဲ့ပြီ...မေမေ...

မှတ်ချက်.. လူငယ်တစ်ယောက်၏အညတရဆန်ဆန်အတွေးသက်သက်သာ....

ဆက်ဖတ်ရန်...(To Continue)

အမေရိကားမှာ ဆေးကျောင်းတက်ရန် ပြင်ဆင်ခြင်း - အပိုင်း (၁)


တီးကတော့ အမေရိကန်နိုင်ငံမှာ ပညာသင်ယူချင်သူများအတွက်ဆိုပြီး ပို့စ်တစ်ခုရေးဖူးပါတယ်။ Ask Me Corner မှာ တစ်ယောက်က မေးဖူးတာကြောင့် ဒီပို့စ်လေးကို ရေးဖြစ်တာပါ။ အခုတလောမှာ United States of America မှာ Medical School ဆေးကျောင်းတက်ဖို့ကို ကျောင်းသားတော်တော်များများ စိတ်ဝင်စားလာကြပါတယ်။ ဘာကြောင့်လဲတော့ မသိနော်။ တို့ဗမာနိုင်ငံမှာ ဆေးကျောင်းကြီး သုံးခုတောင်ရှိတာကို။ အဟွတ် အဟွတ်။

တို့ဗမာနိုင်ငံမှာတော့ များသောအားဖြင့် ဟုတ်သော်ရှိ၊ မဟုတ်သော်ရှိ။ ကျောင်းသား၊ ကျောင်းသူ အများစု ဆယ်တန်းပြီးလို့ အမှတ်မီတာနဲ့ အိမ်က ဆေးကျောင်တန်းပို့ လိုက်ကော။ အဲ.. ဆေးကျောင်းလဲ စကော ၀ါသနာ မပါတဲ့သူနဲ့၊ မလိုက်နိုင်တဲ့ သူနဲ့၊ စာမေးပွဲနီးလို့ spot လိုက်တဲ့ ပညာရေးစနစ်ကို မကြိုက်လို့ ထွက်လိုက်တဲ့သူနဲ့ 06တုန်းက ကျောင်းသား ၁၀၀ ကျော် ဆေးကျောင်းကနေ ဆေးခွင့်(၂)နှစ်နဲ့ နားလိုက်တယ်လို့ ကြားရပါတယ်။ ပြီးတော့ စင်ကာပူ၊ အမေရိကား၊ သြစတျေးလျနဲ့ ဗြိတိန်ကို ကျောင်းတက်ဖို့ ထွက်ကုန်ကြကော။ ဗမာပြည်အတွက် နှမြောစရာဖြစ်သလို၊ တကယ် ဆရာဝန်ဖြစ်ချင်ပြီး ကိုယ့်တိုင်းပြည်ကို အကျိုးပြုချင်သူတွေ အတွက်တော့ ရင်နာစရာပါ။ ကဲ… myhome16 ၀ိုင်းတော်သားများရေ၊ ဟုတ်တယ်ဟုတ်????

ဒီအပါတ်မှာတော့ အများက စိတ်ဝင်စားနေတဲ့ အမေရိကားမှာ ဆေးကျောင်းဘယ်လိုတက်မလဲဆိုတာကို ရေးသွားမှာပါ။ ပိုပြီး စိတ်ဝင်စားတဲ့သူတွေ အတွက်တော့ Ask Me Corner မှာ ဆက်မေးသွားပါ။ ဒီတစ်ပါတ် ပေဖူးပြောမှာက ဗမာပြည်က MBBS ဘွဲ့ မရှိပဲ ထွက်လာတဲ့သူတွေ အတွက်ပါ။ M.B.B.S ရှိတဲ့သူတွေကတော့ စာမေးပွဲ ဖြေပြီး residency တန်းဆင်းလို့ ရတယ်လို့ ကြားဖူးပါတယ်။ အဲဒါကိုတော့ ဒေါက်တာရမ်းကုကို မေးပါ။ သူပိုသိပါလိမ့်မယ်။

General Info
America မှာတော့ ဆရာဝန်ဘွဲ့ကို MD လို့ လူသိများကြပါတယ်။ Doctor of Medicine ပေါ့။ ဒါပေမဲ့ ဆေးကျောင်းကို အထက်တန်းကျောင်းပြိးတာနဲ့ တန်းသွားလို့ မရပါဘူး။ အဲ…. သွားလို့တော့ ရတယ်။ ဒါပေမဲ့ အဲဒီ accelerated program တွေက အပြိုင်အဆိုင်များပြီး ၀င်ရအရမ်းကျပ်ပါတယ်။ စာတွေနဲ့ အရမ်းပိပြီး life မရှိလို့ များသောအားဖြင့် ကျောင်းသားတွေ သိပ်စိတ်မ၀င်စားကြပါဘူး။ ဆေးပညာဘွဲ့မှာ ဒီမှာတော့ မာစတာဒီဂရီဘွဲ့ပါ။ Undergraduate ကောလိပ်ကို ၄ နှစ်တက်ပြီး ဘွဲ့ရတော့မှာ ဆေးကျောင်းကို လျှောက်ရတာပါ။ ဒါလဲ အလွယ်လေးတော့ မဟုတ်ဘူးနော်။ ပေဖူးတို့ ကျောင်းက medical school ဆို နှစ်စဉ်လျှောက်တဲ့သူ ကျောင်းသား ၁၂၀၀ ကျော်ပါတယ်။ အဲဒီထဲကမှ အထပ်ထပ်စစ်ချပြီး ၁၀၃ ယောက်တိတိကိုပဲ လက်ခံတာပါ။ Undergraduate လေးနှစ်မှာတော့ ကိုယ်ကြိုက်တဲ့ Major ယူလို့ရပါတယ်။ Medical School က သတ်မှတ်ထားတဲ့ အတန်းတွေတော့ မှီအောင်တက်ပေါ့နော်။ များသောအားဖြင့် Biol ဆိုရင် General Biol, Cell Biology, Genetics, Physiology ပေါ့။ ပြီးတော့ ကိုယ့်ဒီဂရီပြီးအောင်လဲ တက်ပေါ့။ biol မေဂျာယူထားမှ ဆေးကျောင်းသွားရမယ် မရှိပါဘူး။ ပေဖူးသူငယ်ချင်းတွေထဲမှာဆို Photography, Psychology, Arts မေဂျာတွေလဲ ရှိပါတယ်။ ကျောင်းပြီးတော့မှ အရည်အချင်းစစ်စာမေးပွဲ MCAT ဖြေ၊ ပြီးတော့ ကိုယ်Undergrad လေးနှစ်မှာ လုပ်ထားတဲ့ performance တွေ (အဓိကအားဖြင့်တော့ Volunteer Service, Leadership Positions, Research Jobs အစရှိတာတွေ) ကို ကြည့်ပြီး အင်တာဗျူးခေါ်ပြီးမှ ၀င်ခွင့်ရတာပါ။ ဗမာပြည်က ဆေးကျောင်းတွေလို စာဖက်ပိုင်းတစ်ခုတည်း တော်ရုံနဲ့ လုံးဝလက်မခံပါဘူး။

ဘာလို့ ဒီလောက်နည်းနည်းလေးနဲ့ ခက်ခက်ခဲခဲပဲ လက်ခံတာလဲ ဆိုတော့ quantity ထက် quality ကို အလေးထားလို့ ပါပဲ။ အလေးထားရမယ်လေ။ ကိုယ်က america မှာ ဆရာဝန်လုပ်ချင်တာကိုး။ ဒီဘ၀ကို ရွေးလိုက်ပြီဆိုတာနဲ့ နောက်မှာ အရည်အချင်းစစ် စာမေးပွဲ ပေါင်း မြောက်မြားစွာ တန်းစီနေတာကိုး။ ဗမာပြည် ဆေးတက္ကသိုလ်လို ဘွဲ့ရပြီးတာနဲ့ စာမေးပွဲဘ၀က ကျွှတ်ပြီဆိုတာမျိုး မဟုတ်ဘူးလေ။ အဲဒါကြောင့်လဲ လူတော်တော်များက ဆေးလိုင်းမလိုက်ချင်ကြဘူး။ life-time Stress ကိုး။

Pros and Cons
ကဲ ဒီလောက် အခက်အခဲတွေ များနေတဲ့ကြားက ဘာလို့ ဆေးကျောင်းသွားချင်လဲ။ အများစုက ၀ါသနာပါလို့ပါ။ ပိုက်ဆံသောက်သောက်လဲ ရတာလဲ ပါတာပေါ့နော်။ ဒါပေမဲ့ တကယ်ကို စိတ်အားထက်သန်ပြီး “I deserve to be a doctor” ဆိုတဲ့ သူတွေပဲ ဒီလမ်းကို လိုက်ကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အမေရိကားမှာ ဆရာဝန်မဟုတ်ပဲ လူမွှေးလူတောင် ပြောင်အောင် နေနိုင်လို့ ပါပဲ။
ဆိုးကျိုးတွေက ဘာတွေလဲဆိုတော့ နှစ်ရှည်တယ်။ ပိုက်ဆံ အကုန်အကျများပါတယ်။ ဆေးကျောင်းက ဘွဲ့ရပြီး ထွက်လာတဲ့ ပူပူနွေးနွေးကျောင်းသားဆိုရင် နိုင်ငံတစ်ဝှမ်းက ဘဏ်ပေါင်းစုံမှာ အကြွေးလည်ပင်းခိုက်အောင် ရှိပါတယ်။ နောက်ပိုက်ဆံရတော့လဲ ဖြည်းဖြည်းချင်းဆပ်ယူပေါ့နော်။ အဟိ…. များသောအားဖြင့် ကျောင်းပေါ်မူတည်ပြီး ဒေါ်လာနှစ်သိန်းကနေ ငါးသိန်းအထိ အကြွေးတင်ပါတယ်။

ဆရာဝန်ဖြစ်ဖို့ ဘယ်လောက်ကြာမှာလဲ။
ကျောင်းမှာ တင်ပဲ ရှစ်နှစ်တိတိ။ ဒါပေမဲ့ ဘိုင်ပြတ်သွားလို့ အလုပ်ထွက်လုပ်ရင် ကိုယ်ဆွဲရင် ဆွဲသလောက်ကြာမယ်။ ပြီးရင်တော့ house ဆင်းရမယ်။ ဒီမှာတော့ residency ဆင်းတယ်လို့ ခေါ်ပါတယ်။ ဒါက ကိုယ့် speciality ပေါ်မူတည်ပြီး ကြာတာပါ။
ရိုးရိုးအထွေထွေကုဆရာဝန် Physician – သုံးနှစ်
ခွဲစိတ်ကု ဆရာဝန် - ခုနှစ်နှစ်
ဒါက basic ပဲ ရှိသေးတယ်။ နောက် master လိုင်းလိုက်ချင်တယ်ဆိုရင် အလုပ်သင်ဘ၀မှာတင် တော်တော်ကြာပါတယ်။ နှလုံးဆို နောက်ထပ်သုံးနှစ်၊ Neuro လိုင်း (ဦးနှောက်နဲ့ အာရုံကြော) ဆို သုံးနှစ်ပါ။ အလုပ်သင်ဘ၀မှာ ပိုက်ဆံလဲ သိပ်မရပါဘူး။ အဖိအနှိပ်လဲ ခံရပါသေးတယ်။
ကဲ…အသက်နဲ့ ပြန်တွက်ပြမယ်နော်။
Age 18 - ကောလိပ်စပြီ ဆိုပါတော့။
Age 22 – bachelor ဘွဲ့ရပြီ။
Age 23 - ဆေးကျောင်း စတက်ပြီ။
Age 27 - ဆေးကျောင်းဘွဲ့ရပြီပဲ ဆိုကြပါစို့
Age 28 - အလုပ်သင်ဘ၀ အစ
Age 31 – Physician လုပ်မယ်ဆိုရင်တော့ ဒီမှာတင် ပြီးပါပြီ။
Age 34 - ခွဲစိတ် residency ပြီးပြီ။
Age 37 - နှလုံးခွဲစိတ်ဆရာဝန် ဖြစ်ပါပြီ။
ကဲ… ဆရာသမားတို့ရေ အသက်၃၇တဲ့နော်။ ၃၇ ဆိုတာ တော်တော်အိုနေပြီလို့ ပြောလို့ ရပါတယ်။ ဒါတောင် အနည်းဆုံး တွက်ထားတာ။ ဖြစ်နိုင်ချေတွေကြောင့် ကျောင်းခဏနားလိုက်တာတွေ မပါသေးဘူး။ တပါတ်ကို နာရီ၈၀ အလုပ်လုပ်ပြီး ဆေးရုံမှာပဲ အိပ်၊ ဆေးရုံမှာပဲ စား၊ ဆေးရုံကလွဲလို့ တခြားဘ၀ဆိုတာ မရှိတော့ဘူးလို့ ပြောလို့ ရပါတယ်။ ကျောင်းထဲက အိမ်ထောင်ကျထားရင်တော့ ဒီအချိန်မှာ လင်မယားတွေ အများဆုံးကွဲတယ်လို့ ပြောကြပါတယ်။ မတတ်နိုင်ဘူးလေ… ကိုယ်က ဆရာဝန်ဖြစ်ချင်တာကိုး။
ပေဖူးက အဆိုးတွေပဲ ပြောသွားတယ်လို့တော့ မထင်စေချင်ဘူးလေ။ ဆရာဝန်ဖြစ်ဖို့ ကြိုးစားနေချိန်မှာတော့ ကောင်းကွက်တွေက တော်တော်ရှားတယ်။ ဒါပေမဲ့ ဆရာဝန်ဖြစ်သွားရင်တော့ အမေရိကားမှာလဲ ဆရာဝန်ဆိုတဲ့ ဂုဏ်က ဗမာပြည်မှာလိုပဲ ဂုဏ်ရှိပါတယ်။ ပိုက်ဆံလဲ ရပါတယ်။ ဘယ်လောက်ရလဲဆိုတာတော့ ကိုယ်နေတဲ့ မြို့ပေါ်မူတည်ပါတယ်။ အတွေ့အကြုံပေါ်မှာလဲ မူတည်ပါတယ်။ လူဘယ်နှစ်ယောက် ကိုယ့်ဓားအောက်မှာ အသက်ပျောက်သွားလဲ အပေါ်မှာလဲ မူတည်ပါတယ်။ :D
ဒီတစ်ပါတ်တော့ ဒီလောက်နဲ့ပဲ တော်လိုက်ကြစို့။ နောက်တစ်ပါတ်မှာတော့ ဆေးကျောင်းလျှောက်ဖို့ ဘာတွေလိုတယ်။ ကိုယ့်ဘက်က ဘယ်လိုပြင်ဆင်ထားသင့်တယ် ဆိုတာတွေကို ဖော်ပြသွားပါမယ်။
အားလုံးအချိန်ပေးဖတ်တာ ကျေးဇူးပါ။.
ပေဖူးလွှာ

ဆက်ဖတ်ရန်...(To Continue)

Friday, December 12, 2008

နှစ်သက်မိသော ကဗျာ လေး

Tag ပြန်ပြီ
ဘယ်သူ ရှိမလဲ စကားမပီကလာ ပီကလာနဲ့ပြောပြီး တီတီမေသူ ဆိုပြီးလာလာချွဲနေတဲ့ ငချွဲမလေး မက်မက် ပေါ့၊
တတ် တာရိုးရိုးမဟုတ်ဘူး နောက်က မေ၇းရင်ဘာဖြစ်မယ် ညာဖြစ်မယ်နဲ့ ခြိမ်းလုံးခြောက်လုံးနဲ့ ။
ခေါင်းစဉ်က အနှစ်သက်ဆုံး ကဗျာ တစ်ပုဒ်တဲ့
ကျမ ကဗျာတွေကို ခံစားတတ်သလို နှစ်သက်တယ် ခံစားနေရချိန်မှာ ကဗျာ တစ်ချို့ ပေါက် ကရ ရေးတတ်တယ်၊
အကြိုက်ဆုံး ကဗျာတွေက ဘလောခ်ထဲမှာ ဆို ဂစ်တာရေးတဲ့ကဗျာတွေကို ကြိုက်တယ် (www.mrguiter.blogspot.com)
နောက်ပြီး ညီမလေး အိတာ ကဗျာတွေကိုလဲ နှစ်သက်တယ်၊ ကိုဖြိုးငယ်ကဗျာတွေကိုလဲ ကြိုက်တယ်
ကောင်းကင် ကို ရဲ့ ကဗျာတွေ အားလုံးလိုလို ကြိုက်တယ်၊

ကိုညိမ်းညို ၊ ကိုမျှားပြာ၊ ကိုဆိုးသွမ်း၊ ကဗျာတွေကလည်း အတော်လေး ကောင်းကြတယ် လူချင်းမသိပေမယ့် ကဗျာတွေကိုတော့ နှစ်သက်ပြီးလေးစားမိတယ်၊ နောက်ပြီး မပန်းခရေ ရဲ့ ကဗျာ တစ်ချို့လဲ နှစ်သက်မိသေးတယ်၊မလင်းလက်ကြယ်စင်ရဲ့ ကဗျာ တစ်ချို့လဲ နှစ်သက်မိပါသေးတယ်(၈၈ ပြီးမှလူဖြစ်လာတယ်လို့ သူ့ဘလောခ်မှာရေးထားတာတွေ့ပေမယ့် မကြာမတင်မှာမင်္ဂလာဆောင်တော့မှာလို့ ရေးထာတာတေါ့ တော့ ၀ါကြီးတယ်လေ အဲဒါကြောင့် မ တတ်ခေါ်တာပါကွယ်:P)။ကိုအောင်သာ ငယ် ရဲ့ ကဗျာတွေလဲ ပါမယ် ။

ဆရာကြီးဦးတင်မိုးရဲ့ ကဗျာလေးတွေကိုလဲ နှစ်သက်တယ် ဆရာမ မနောဟရီ ကဗျာတွေ၊တာရာမင်းဝေရဲ့ ကဗျာ၊မင်းခိုက်စိုးစန် ကဗျာတွေ ၊ပြောရင်တော့ ကုန်မယ် မထင်ဘူးထားလိုက်တော့ ကျမ အနှစ်သက်ဆုံး ကဗျာကတော့

ဆရာ အောင်ဝေးရေးထားတဲ့

"ရန် .......ငါ မပြတ်လို့
သံဃာ အသတ်ခံရတာ
သွေးကြွေးမှာ
ဆွေးနွေးစရာ အကြောင်းမရှိ" ဆိုတဲ့ကဗျာလေး ပါဘဲ။
အရင် ကတော့ ဘယ်သူ့ကိုမှ Tagလေ့မရှိပါဘူး
ခုတော့ Tag ပြီ

သယ်ရင်း အရင်းခေါက်ခေါက် ဖြစ်တဲ့
ဂစ်တာ(www.mrguiter.blogspot.com)
ကိုဂျုလိုင်အိမ်မက်
ဦးအောင်သာငယ်
ကိုစိုင်း ၀ဏ္ဏ
ကိုရောင်ခြည်ဦး
ညီမလေးရောင်ပြန်
ချစ်ညီမငေး အိမွန်တာ
အအိပ်နဲ့အစားဆို ထိပ်ဆုံးက လို့ပြောတဲ့ ညီမလေး တာတာ
လူငယ်တွေအားလုံးကို အလေးပေးဆက်ဆံပြီး နိုင်ငံ အတွက်အမြဲနားစွင့်နေတဲ့ ပြည်သူ့ဘုန်းဘုန်း
အားလုံးကို တတ်ပါတယ်
အားတဲ့ အချိန်လေးမှာရေးပေးပါ အားရက်နဲ့ရေးမပေးရင်တော့ ကဗျာထဲကလိုဘဲ
သွေးကြွေးမှာဆွေးနွေးစရာ အကြောင်းမရှိဘဲ နော်
ခင်မင်လျက်
မေသူ

ဆက်ဖတ်ရန်...(To Continue)

Thursday, December 11, 2008

ဖြူဖြူကျော်သိန်း၏သီချင်းများစုဆောင်းမှု


ဆက်ဖတ်ရန်...(To Continue)

တစ်ပါတ်အတွင်း သတင်း



တစ်ပါတ်အတွင်း သတင်း အခြေအနေများကိုတင်ပြသွားမှာဖြစ်ပါတယ်။

(၁) ရန်ကုန်မြို့ ရွှေဘုံသာလမ်းတွင်း ယမန်နေ့ညနေက
ပေါက်ကွဲအားအသင့်အတင့်ရှိသော ချိန်ကိုက်ဗုန်းပေါက်ကွဲခဲ့ရာ
အနီးတ၀ှိုက်တွင် ထိခိုက်ဒဏ်ရာရရှိသူ တစ်ဦးတစ်ယောက်မှ မတွေ့ရှိခဲ့ပေ။
(စက်ကွင်းမလွတ်သူ အားလုံး တစစီလွင့်စင်ကာ
ပွဲချင်းပြီးသေဆုံးသွားခြင်းကြောင့်ဖြစ်၏)အနီးတ၀ိုက်တွင် သွေးသံရဲရဲဖြင့်
ပေါင်တစ်ဖက်ပြတ်နေသည်ဟုယူဆပြီး ထောက်လှမ်းရေးမှ
အပူတပြင်းစစ်ဆေးလေ့လာကြည့်ရာ တိုကျိုဖရိုင်းချစ်ကန်း မှ အချဉ်တို့ထားသော
ကြက်ပေါင်တစ်ချောင်းဖြစ်ကြောင်း သိရှိရသည်။ထိုကြက်ပေါင်အား
အတင်းရေးမှူးတစ်မှ မိန်းမစားရန်အလို့ငှာ အိမ်သူပိုင်
သိမ်းဆည်းသွားကြောင်း သတင်းရရှိပါသည်။

(၂) သဘာငတိနှင့် အဖွဲ့သည် မနေ့ည၁၀ နာရီခန့်က ပိုင်အိုးနီးယားကလပ်အတွင်း
မော်ဒန်မလေးများ လှုပ်ရှား ကခုန်နေမှူအခြေအနေများကို အငမ်းမရ
သွားရောက်ကြည့်ရှူကာ အားပေးစကားပြောကြားခဲ့ပြီး လိုအပ်သည်များကို
မှာစားခဲ့သည်။

(၃) လွန်ခဲ့သော သောကြာနေ့က မိုးအပြင်းအထန်ရွာသွန်း၍ ရန်ကုန်မြို့
ပန်းဆိုးတန်းလမ်း ပလက်ဖောင်းနံဘေးတွင် ခြေသလုံးခန့်ထိ
ရေများလျှံတက်လျှက်ရှိရာ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ မီးပွိုင့်ထောင့်တွင်
ပလက်ဖောင်း ဟိုဘက်ဒီဘက်ကိုဆက်သွယ်သော နှစ်ပေခန့်မြင့်သည့်
မြောင်းကူးတံတား ဖောက်လုပ်သွားမည်ဟု သိရှိရသည်။ ခန့်မှန့်ကုန်ကျငွေမှာ
အမေရိကန်ဒေါ်လာ ၃၂ သန်းခန့်ဖြစ်ပြီး ရူးပေါဂိုဏ်းရန်ပုံငွေမှ
အသုံးပြုကျခံသွားမည်ဖြစ်သည်။

(၄) အတင်းရေမှူး ၁ ဗိုလ်ချုပ်ဗီလိန်သည် အစိုးရယဉ်မသုံးရနေ့ ဖြစ်သော
လွန်ခဲ့သောသောကြာနေ့က ယဉ်များကိုစစ်ဆေးရန် ရန်ကုန်မြို့တွင်း
ရဟတ်ယဉ်ဖြင့် လှည့်လည်ကြည့်ရှူခဲ့သည်။

(၅) အမေရိကန်နိုင်ငံ လေ့လာတွေ့ရှိချက်စစ်တမ်းများအရ မြန်မာနိုင်ငံရှိ
စီအန်ဂျီကားများသည် လောင်စာဆီ စားရိတ်သက်သာသော်လည်း
အသုဘစားရိတ်ပိုမိုများပြားနိုင်သည်ဟု သိရှိရသည်။

(၆) လွန်ခဲ့သော လက မြန်မာနိုင်ငံမှ ရှေးဟောင်းသုတေသနအဖွဲ့များ
ရှာဖွေတွေ့ရှိခဲ့သည့် ပုဂံခေတ်ကအ၀တ်အထည်ဟုယူဆရသော အ၀တ်ထည်ကို
ေ၇ှးဟောင်းပြတိုက်တွင် ထည့်သွင်းပြသထားခဲ့သည်။ယမန်နေ့က သဘာပတိသည် သူ၏
ဇနီးသည်ပျောက်သွားသော အတွင်းခံဖြစ်သည်ဟု ဆိုကာ၎င်းအ၀တ်ထည်ကို ပြတိုက်မှ
ပြန်လည်ထုတ်ယူသွားကြောင်း သတင်းရရှိပါသည်။

(၇) ရူးပေါဂိုဏ်းမှ ငှက်ကထကြီးသည် အမေရိကန်နိုင်ငံလွတ်လပ်ရေးနေ့အတွက်
ဝမ်းမြောက်ကြောင်းသ၀န်လွှာကို တရုတ်ပြည်ရှိ ငလျင်ဒဏ်ခံရသူပြည်သူများအတွက်
ဝမ်းနည်းကြောင်းသ၀န်လွှာနှင့် မှားယွင့်ပေါ့ဆောင်မိသဖြင့်
နှစ်နိုင်ငံအကြား အချေအတင် အငြင်းပွားလျှက်ရှိ၏။

(၈) ရူးပေါဂိုဏ်း ပညာရေးဝန်ကြီးမ ဇင်ဇင်သည်
မူလတန်းသင်ရိုးညွှန်းတမ်းများတွင် ကျောင်းသူကျောင်းသားများ ပေါချာရေးအတွက်
အပေါတကာ့အပေါဆုံး သင်ခန်းစာများ ထည့်သွင်းသွားမည်ဟုသိရသည်။ အဂ်လိမ်စာ
ပိုမိုတတ်မြောက်စေရေးအတွက်လည်း အဂ်လိပ်စာများကို မြန်မာစာများဖြင့်ညပ်၍
သင်ကြားသွားမည်ဟုသိရသည် ။ဥပမာအားဖြင့် မမ Fat Fat ထထ Dance ၊ အကမှာ First
၊ Dance ပါ Dance ပါ မမရာ ၊ ညည Moon သာသာ၊ Night အခါ ငါစာရ၊ မမ Fat Fat
ထထ Dance.... အစရှိသောကဗျာများကိုလည်း ထည့်သွင်းသွားမည်ဟုသိရှိရသည်။
တစ်ပါတ်အတွင်းသတင်းအစီအစဉ် ဒီတင်ပြီးဆုံးပါပြီ ။

ပုံ/ ပျံကြားရေးဝန်ကြီး ချမ်းရ

Source:
A High School friend sent this to me from email.
သူငယ်ချင်းက တင်ပေးပါဆိုလို့ ။

Update for Source:

This post is also available at http://chanye-chanye.blogspot.com

ဆက်ဖတ်ရန်...(To Continue)

Tuesday, December 9, 2008

DWTS Live Show Dances



ဒီတစ်ပါတ်တော့ အမေရိကားမှာ တနလာင်္နေ့တိုင်း လူကြည့်အများဆုံး TV show ဖြစ်တဲ့ Dancing with the Stars (ကြယ်စင်များနှင့် ကခုန်ခြင်း)က အကတွေကို share ချင်ပါတယ်။ Dancing with the Stars အကြောင်းကို နွေတုန်းက တစ်ခါရေးဖူးပါတယ်။ အဲဒီ ရှိုးအကြောင်း အသေးစိတ်သိချင်ရင်တော့ ဒီကိုသာ နှိပ်လိုက်ပါတော့။ ပြန်ရေးရင် ပို့စ်တွေ ရှည်နေမယ်လေ။
DWTS က နှစ်ရက်ပြတာပါ။ တနလာင်္နေ့မှာ စုံတွဲတွေကပြီး အင်္ဂါနေ့ Result show ကျရင် အကစုံတွဲတစ်တွဲစီဖြုတ်တာပါ။ Result Show နေ့ကျရင်တော့ ဒီနေ့ခေတ်မှာ နာမည်ကြီးနေတဲ့ အဆိုတော်တွေ၊ မင်းသမီး၊ မင်းသားတွေက သီချင်းလာဆိုပါတယ်။ အဲ… သူတို့သီချင်းဆိုရင်တော့ Dancing with the Stars ရှိုးက professional dancer တွေ ကပါတယ်။ အဲဒီvideoတွေ ကို share ချင်တာပါ။ လာဆိုတာတွေကတော့ အများကြီးပဲ။ ပေဖူးကတော့ ဗမာပရိသတ်သိလောက်မဲ့ အဆိုတော်ငါးယောက်ကို ရွေးထားပါတယ်။

Jennifer Lopez – Let’s Get Loud
ဂျေလိုလို့ လူသိများတဲ့ အဆိုတော်မင်းသမီး Jennifer Lopez ကိုတော့ မသိတဲ့သူ မရှိလောက်ဖူးလို့ ထင်ပါတယ်။ J-lo ဆိုတာနဲ့ သူ့ရဲ့ နာမည်ကြီးသီချင်း Let’s get Loud ကို ပြေးသတိရမှာပေါ့နော်။ ဗမာအဆိုတော် တင့်တင့်ထွန်းကတောင် “နည်းနည်းလောက်”ဆိုပြီး ပြန်ဆိုထားသေးတယ်။ အဲဒီသီချင်းကိုပဲ DWTS result show မှာ ပြန်ဆိုသွားတာပါ။ ရှေ့မှာ dancer တွေနဲ့ ဆိုတော့ မြိုင်မြိုင်ဆိုင်ဆိုင် မြူးမြူးကြွကြွပါပဲ။ ကသွားတဲ့ အကတွေကတော့ Latin အဓိကပေါ့နော်။ Cha Cha အကအများဆုံးပါပဲ။ ပြောနေကြာတယ်။ ကြည့်လိုက်ကြစို့။



Mandy – Barry Manilow
Westlife အဖွဲ့ကို နှစ်သက်ကြတဲ့ စာဖတ်ပရိသတ်များအားလုံး Mandy သီချင်းကို သိကြမှာပါ။ တကယ်ကတော့ Westlife က ပြန်ဆိုထားတာပါ။ မူရင်းအဆိုရှင်ကတော့ Barry Manilow ပေါ့။ ဒီသီချင်းမှာ ကသွားတဲ့ professional dancer နှစ်ယောက်က Jonathan နဲ့ Anna လို့ သိရပါတယ်။ သူတို့နှစ်ယောက်က အပြင်မှာလဲ တကယ်လက်ထပ်ထားတာပါ။ ကသွားတာကတော့ Foxtrot style ပါ။ Foxtrot အကအကြောင်းကို America Ballroom Challenge မှာ ရေးဖူးပါတယ်။ ဒီမှာလဲ လင့်ခ်ပြန်ချိတ်ပေးထားပါတယ်။
များသောအားဖြင့် DWTS ရှိုးမှာက အဆိုရှင်ကို ပထမတစ်ပိုဒ်အသားပေးပါတယ်။ chorus ပြီးလို့ နောက်တစ်ပိုဒ်ကျမှ အကသမားတွေ ၀င်တာပေါ့။ ဒီအကကတော့ နူးညံ့မှုကို ခံစားရတယ် ပြောရမှာပေါ့။ ကောင်မလေး Anna ရဲ့ မျက်နှာမှာ ချစ်တဲ့သူနဲ့ က,ရလို့ ပြုံးနေတဲ့ မျက်နှာကို အထင်းသား မြင်ရမှာပါ။ အားကျစရာ…… :P


Everyday – Rascal Flatts
Rascal Flatts ဆိုတာ နာမည်ကြီး Country Music အဖွဲ့တစ်ခုပါ။ ကန်းထရီးဂီတကို နှစ်သက်တဲ့သူတိုင်း Rascal Flatts ကို ကြိုက်ကြပါတယ်။ ပေဖူးကတော့ Life is A Highway ဆိုတဲ့ သီချင်းကို တော်တော်နှစ်သက်ပါတယ်။
အကအကြောင်းပြန်လှည့်ရင်တော့ Dancing with the Stars ရဲ့ အသည်းစွဲ Season 4 Champion Apolo နဲ့ Julianne ပါ။ သူတို့ episode 100 မှာ ပြန်လာက ပေးတာပါ။ ကသွားတာကတော့ Viennese Waltz လို့ ထင်ရပါတယ်။ American Ballroom Challenge မှာ ဒီအကအကြောင်းကို ရေးဖူးပါတယ်။ သိချင်ရင် ပြန်သွားကြည့်လိုက်နော်။ ဒီ Viennese Waltz ကတော့ ရှေးရိုးသိပ်မဆန်ပါဘူး။ Lift တွေ အများကြီးပါတဲ့ show dance တစ်ခုပေါ့။


Esa Morena - Ozomatli
ဒါကတော့ အမေရိကားမှာ နာမည်ကြီးတဲ့ အဖွဲ့တစ်ဖွဲ့ပါ။ Grammy ဆုတွေ တစ်သီကြီးရတဲ့ အဖွဲ့တစ်ဖွဲ့ပေါ့။ ဒီသီချင်းကတော့ စပိန်ဘာသာစကားနဲ့ဆိုသွားတာပါ။ ကသွားတဲ့ အကကတော့ Samba ပါ။ ဒီလက်တင်အကတွေအကြောင်းကို နောက်အချိန်တော့မှပဲ တသီကြီးရေးဦးမယ်။ ဒီအကမှာတော့ အတွဲတွေလဲက သွားတာကို ကြိုက်တယ်။ နောက်သီချင်းမြန်လာတာနဲ့ အကမြန်လာတာကိုလဲ ကြိုက်တယ်။


It’s complicated – Avril Lavinge
Avril Lavinge ဆိုတာကတော့ မစိမ်းတဲ့ အဆိုတော်တစ်ယောက်ပေါ့။ သူလဲ လာဆိုသွားတာပဲ။ အက ကလဲ ရေလည်မိုက်တယ်နော်။ ကသွားတဲ့ အကကတော့ လက်တင် သိပ်မဆန်ပါဘူး။ but the lifts are amazing! :)


ပျော်ရွှင်ကြပါစေ။
ပေဖူးလွှာ

ဆက်ဖတ်ရန်...(To Continue)

Saturday, December 6, 2008

မဲရီးခရစ်စမတ် အန် ဟက်ပီးနယူးရီးယား တူယူအော

ပို့စ်တွေ မတင်ဖြစ်တာ ကြာ လို့ T က တော့ခ်နေတယ် မေသူတို့ ပို့စ်မတင်တာ ၀မ်းရီးယား လောက် ရှိတော့မယ် နော် တဲ့။ အဲလို ရွဲ့ပြော လာတယ်။ သိတယ် မဟုတ်လား ရီဆန့် တလီးမှာ ဘလောခ့် လောက မှာ ကေ့စ်တွေက သိပ်ရှုပ် နေတယ်လေ။ ခရစ်စမတ် ကလည်း နီးနေပြီ ဆိုတော့ ရာသီဥတု ကလည်း အေးလာပြီ ဆိုတော့ ခရစ်တော်မှာ အိပ်ပျော် မသွားအောင် ထွိုင်းး နေရတယ်လေ။

ယူနီတွေ ကလည်း ပိတ် ဟောလီးဒေး တွေကလဲ ရက်ဆက်မို့ ဒီတစ်ပတ် ဟောလီးဒေးမှာ ဘော့စတန်က ကိုယ်နဲ့ အမျိုး မတော်တဲံ့ သူတွေ ရှိတဲ့ ဆီတော့ မသွား ဖြစ်ပေမယ့် ဗောစကိုင်း ပင်တွေ ပေါတဲ့ စစ်ကိုင်းချောင် ဘတ်တော့ မတ်ဒီတေးရှင်း လုပ်ဘို့ သင့်ခ်ကင်း နေပါတယ်။ ခက်တာက မတ်ဒီတေးရှင်း လုပ်မယ့် ကျောင်းမှာလဲ ဖုက အလုံအလောက် မရှိဘူး ဖြစ်နေတယ်။ ဖု တွေကို ဒိုနိတ်ဘို့ တော့ ပလန် နေတယ်။ ကိုယ့်ဖေဖေ ကလည်း ဖီးဆင့်ခ်နစ် မန်းကြီးလဲ မဟုတ်တော့ ဖလိုက်တစ်ကတ် ကလည်း ၀ယ်မပေး နိုင်ဘူးလေ။ ကိုယ့် အင်ကမ်းနဲ့ ကိုယ်ဂိုးရမှာ ဆိုတော့ ခရီး ဘယ်ဂိုးနိုင်မလဲ? ppကလဲ မအားဘူး ဆိုတော့ မ ဒန့် ဖြစ်ပါဘူး (ppဆိုတာ ပေဖူးကိုပြောတာပါ)။

ဟုမ်းမှာဘဲ စတေး တော့မယ်လို့ ဒီဆိုက် လုပ်ထား ပါတယ်။ယူတို့ လဲ နိုးတဲ့ အတိုင်း ဘဲ ဟုမ်းမှာ စတေးရင်လဲ ကွန်ပျုေ၇ှ့မှာ စစ်ပြီး ဘလောခ်တွေ ဖတ်ရတာတော့ အမ်ဂွိုင်း ဖြစ်ပါတယ်။

ဘလောခ် ဂင်လုပ်နေကြတဲ့ ဟုမ်း၁၆က မန်ဘာတွေ ကလည်း ဘီးဇီး နေကြလို့ ပို့စ်တွေကို
ရီဂူလာလီး မတင်နိုင်တော့Tက အန်ဂရီး တယ်လေ၊ တီးက အမ်းဂရီးတော့ ဂျီတော့ခ်ဝင်လာရင်တော့ အင်ဗစ်ဆေးဘဲနဲ့ ချက်ဖြစ်တယ်။ လင်းစစ်သူက လဲ ဘရုပ်ကန်းဟတ် ဖြစ်နေတော့ ပို့စ်သိပ်မတင် ဖြစ်ဘူးတဲ့ ။
ဆိုင့်ရန့် ကိုပိန်ကတော့ ပို့စ်တွေတင်နေလျက်ပါဘဲ။ Pp ကလည်း ဒန့်တဲ့ အကြောင်းတွေ ရေးသားလျက် သူရဲ့ ဟတ်ဗစ် အကြောင်းတွေ ကို ၀ုတ်နေလေရဲ့။ အိတာ ကလည်း ပိုအမ် တွေကို ၀ုတ်တော့ ၀ုတ်တယ် အရင်ကလို သိပ်မ၀ုတ် ဖြစ်တော့ဘူး သူလဲ ဘီးဇီးနေတယ်တဲ့။

ဝှက်အဲဗား ဟုမ်း၁၆ ကို အားပေးနေတဲ့ ရီဒါတွေကို သင့်ခ်ယူ စိုးမတ်ပါ။
မေယူဘီဟက်ပီးအမ် ဟက်သီးပါ။
ဝှစ်ရှင်းယူ မဲရီးခရစ်စမတ်အန် ဟတ်ပီးနယူးရီးယားပါ။

ps. T ဆိုတာ တီးကိုပြောတာပါ၊ ppဆိုတာပေဖူးကိုပြောတာပါ
ဒီစာအိုင်ဒီယာလေးကိုတော့ ဂစ်တာ ဆီက ရတာပါ ခရစ်ဒစ်ပေးပါတယ် ဂစ်တာရေး

ဆက်ဖတ်ရန်...(To Continue)

Friday, December 5, 2008

MUST VISIT လည်ပတ်ရမည့် နေရာများ - (၁) Mount Rushmore

အစီအစဉ်အသစ် တစ်ခုနဲ့ မိတ်ဆက် ပေးပါရစေ။ ဒီနေ့က စပြီး စာဖတ်သူတွေ အားလုံးကို ကမ္ဘာကြီး ပေါ်မှာ ရှိနေတဲ့ လည်ပတ် သင့်သည့် နေရာများ နှင့် အလျဉ်းသင့် သလို မိတ်ဆက် ပေးပါမယ်။ ဟိုး အာဖရိက၊ အမေရိက တွေ၊ ကာရေဘီးယမ်း နေရာတွေပါမက အာရှ၊ သြစတေးသျ နဲ့ ဥရောပ၊ အရှေ့ အလည်ပိုင်း ဒေသတွေ ပါမကျန် ရှိရှိသမျှ နေရာ အရပ်တွေက MUST VISIT လည်ပတ်ရမည့် လည်ပတ် သင့်သည့် Destinations များ အကြောင်းကို တင်ပြ သွားပါမယ်။

ဒီနေ့တော့ အမေရိကန်ပြည်ထောင်စုက South Dakota ပြည်နယ်မှာရှိတဲ့ Mount Rushmore ကို အပိုင်း ၁ မှာ ဖော်ပြသွားပါမယ်။

Mount Rushmore ဆိုတာ
Rushmore ဆိုတဲ့ တောင်ပေါ်မှာ အင်မတန် ကြီးမားတဲ့ ရုပ်ထုကြီးတွေကို ထုထွင်းထားတဲ့ နေရာတစ်ခုပါ။ ယခင် အမေရိကန် သမ္မတတွေ ဖြစ်တဲ့ George Washington, Abraham Lincoln, Theodore Roosevelt နှင့် Thomas Jefferson တွေရဲ့ မျက်နှာ ပုံတွေကို ထုထွင်းထားတာပါ။

Location
The Black Hills of South Dakota, United States

ဘယ်အချိန်သွားသင့်လဲ?
လူသွားများတာကတော့ June နဲ့ August ကြား ကာလပါ။ အကောင်းဆုံး သွားသင့်တဲ့ အချိန်ကတော့ September - October သို့မဟုတ် April - May ဖြစ်ပါတယ်။

South Dakota ပြည်နယ်၊ ပင်လယ်ပြင်အထက် အမြင့်ပေ ၁၇၃၇ မီတာ (၅၇၀၀ ပေ) မြင့်မားတဲ့ တောင်တန်း တစ်ခုရဲ့ အရှေ့တောင်ဘက် အခြမ်းမှာ ယခင်က အမေရိကန် ပြည်ထောင်စု၏ သမ္မတများ ဖြစ်ကြတဲ့ George Washington, Thomas Jefferson, Theodore Roosevelt နှင့် Abraham Lincoln တို့ ရဲ့ ကြီးမားလှတဲ့ မျက်နှာ ကြီးတွေ တည်ရှိပါတယ်။ ဒါကတော့ အမေရိကန် ပြည်ထောင်စုကြီး၏ သမိုင်းကြောင်းအတွက် အရေးကြီးလှတဲ့ အမှတ်အသား တစ်ခုဆိုလည်း မမှားပါဘူး။

ရုပ်ထုကြီးတွေကို ထုထွင်းဖို့ အတွက် ခုနှစ်သက္ကရာဇ် ၁၉၂၃ မှာ Doane Robinson ဆိုသူက စတင် တင်သွင်း အကြံပြုခဲ့တာပါ။ အဓိက ရည်ရွယ်ချက်ကတော့ South Dakota ပြည်နယ်မှာ ရှိတဲ့ Black Hills တွေကို လည်ပတ်တဲ့ လူဦးရေ တိုးပွားလာစေဖို့ ဖြစ်ပါတယ်။

ပညာရှင် Gutzon Borglum နှင့် အဆိုပါ အစီအစဉ်အရ ရုပ်ထုကြီးတွေကို ထုထွင်းဖို့ အတွက် သဘောတူခဲ့ကြပါတယ်။ Mount Rushmore ကို ရွေးချယ်ခဲ့ခြင်းက အဆိုပါ တောင်သည် ပတ်ဝန်းကျင် တစ်ဝိုက်မှာ အမြင့်ဆုံးနေရာ ဖြစ်ပါတယ်။ အရှေ့တောင်ခြမ်းကို မျက်နှာ မူနေသည့် အတွက် နေ့တာ တစ်လျှောက် နေရောင်ကိုလည်း ရရှိမှာ ဖြစ်ပါတယ်။ နောက်ဆုံး သမ္မတ လေးဦး၏ မျက်နှာကို ထုထွင်းဖို့ေ၇ွးချယ်ခဲ့ကြပါတယ်။

၁၉၂၇ မှာ တိုင်းတာမှုတွေ ရယူပြီး Plaster Model တစ်ခု စတင် လုပ်ဆောင်ခဲ့ပါတယ်။ ထူထပ်လှတဲ့ ကျောက်တုန်းကြီးတွေကို ၇.၆ - ၁၅ စင်တီမီတာ အလွှာများအထိ ဖြစ်ပေါ်စေရန်အတွက် ဒိုင်းနမိုက်တွေကို အသုံးပြုခဲ့ကြပါတယ်။ နောက်ဆုံး မျက်နှာပြင်ကို ချောမွေ့သပ်ရပ် သွားစေရန်အတွက် နောက်ဆုံး အဆင့်အနေနဲ့ Honeycombing လို့ ခေါ်တွင်သော နည်းပညာတစ်ခု ကိုလည်း အသုံးပြုခဲ့ပါတယ်။

၁၉၂၇ မှ ၁၉၄၁ အထိ အဆိုပါ Mount Rushmore ကြီးအတွက် အလုပ်လုပ်ရင်း ပညာရှင် Gutzon Borgulum က ၁၉၄၁မာ ရုတ်တရက် ကွယ်လွန်သွားပါတယ်။ သူ၏သား Lincoln Borgulum မှ ဆက်လက်ပြီး တာဝန်ယူ၍ လုပ်ဆောင်ခဲ့ပါတယ်။ နောက်ဆုံး အဆိုပါ အစီအစဉ်အတွက် ပိုက်ဆံ ကုန်သွားသည် အထိ လုပ်ဆောင်ခဲ့ပြီး နောက်ဆုံး Studio ကိုပိတ်လိုက်ပါတယ်။ သမ္မတကြီးတွေရဲက မျက်နှာတွေကတော့ ဒီအတိုင်းပဲ ကျန်ခဲ့ပါတယ်။

စာဖတ်သူတွေလည်း အခုလို အမေရိကန် ပြည်ထောင်စု သမိုင်းကြောင်းရဲ့ အရေးပါလှသော သမ္မတ လေးယောက်၏ ရုပ်ထု မျက်နှာကြီးတွေ တည်ရှိရာ Mount Rushmore ကို အမေရိကန်ပြည်ထောင်စု၏ South Dakota ပြည်နယ်မှာ သွားရောက် လေ့လာ လည်ပတ်နိုင်ပါကြောင်း ...

Tea

ဆက်ဖတ်ရန်...(To Continue)

ဖောက်သည်တွေပဲ

တရားရုံးသို့ မကြာခဏ ရောက်ရှိပြီး ထောင်ဒဏ် အပြစ် ပေး မှုကို ခဏခဏ ခံနေရသည့် တရားခံတစ်ဦးကို တရား သူကြီးက မေးလေသည်။

တရားသူကြီး - မောင်မင်း ... တရားရုံး ခဏခဏ ရောက်နေပါလား

တရားခံ - ဟုတ်ကဲ့ ...

တရားသူကြီး - ထောင် ဘယ်နှစ်ကြိမ် ကျခံပြီးပြီလဲ

တရားခံ - ၁၂ ကြိမ်ပါ ....

တရားသူကြီး - များလိုက်တာ ... အခုထိ ကောင်းကောင်း မနေဘူးပေါ့ .. ဟုတ်လား ..

တရားခံ - နောက်ဆို နေပါ့မယ် ..

တရားသူကြီး - မဖြစ်ဘူး .. ဒီတစ်ခါ ထောင်ဒဏ် နှစ် များများ ချလိုက်မယ် ..

တရားခံ - ကျွန်တော်တို့ ဖောက်သည်တွေ ဖြစ်နေပြီပဲ .. နည်းနည်း လျှော့ပေးပါ ..

:D

Source : mmcp

ဆက်ဖတ်ရန်...(To Continue)

Tuesday, December 2, 2008

ကျောင်းတက်နေတယ်ဆိုရင် အပိုင်း(၅)


ကျောင်းတက်နေတယ်ဆိုရင် ဆိုတဲ့ ဟာသပို့စ်လေးတွေကို မတင်တာ တော်တော်လေးကို ကြာပေါ့နော်။ ဘာဖြစ်လို့ မတင်ဖြစ်လဲဆိုရင် အရှေ့က အပိုင်းလေးပိုင်းမှာ ဖြစ်တဲ့အတိုင်းကို ကျောင်းဖွင့်ထဲကကို ဗရုတ်သုတ်ခနိုင်နေတာလေ။ အခုမှာပဲ စာမေးပွဲကြီးနီးပြီဆိုတော့ နည်းနည်းအားနေ…. အဲလေ Home Study Time တွေ ပိုများလာတော့လဲ ပေဖူးလွှာတို့ စာရေးဖြစ်ပြီပေါ့နော်။ အဟိ…..

မရယ်(ရီ)ရသေးတဲ့ လူတွေ အတွက်ကော ပြန်ရီချင်တဲ့ စာဖတ်သူတွေ အဆင်ပြေသွားအောင် အရှေ့က အပိုင်း(၁)၊ အပိုင်း(၂)၊ အပိုင်း(၃)အပိုင်း(၄) တို့ကို လင့်ခ်ချိတ်ပေးလိုက်ပါတယ်။ ရိုးရိုးရှင်းရှင်းလေးပါ။ နိုင်ငံရပ်ခြား ရပ်ဝေးမှာ မိဘနဲ့ ခွဲပြီး ကျောင်းတက်နေကြတဲ့ ကျောင်းသား၊ ကျောင်းသူတွေ ဖြစ်တတ်တဲ့ အကြောင်းလေးတွေကို စာတစ်ကြောင်း ဟာသအဖြစ်ပြောင်းပြီး ဘာသာပြန်ထားတာပါ။ ကိုယ်နဲ့ ကိုက်သွားရင်တော့ ကျိတ်ပြီး ရီလိုက်ပေါ့နော်။ အဟိ။ တစ်ပိုင်းကို ဆယ်ကြောင်းနှုန်းနဲ့ ကိုယ်တိုင်ရေးတန်ရေး၊ ဘာသာပြန်စရာရှိပြန်ပေါ့နော်။ အားပေးခဲ့ကြတဲ့ စာဖတ်သူများအားလုံးကို ကျေးဇူးအထူးတင်ရှိပါဧ။်။

၁။ ကြက်ဥကို Microwave ထဲ တမင်ဖြစ်ဖြစ်၊ မသိလို့ပဲ ဖြစ်ဖြစ် ထည့်ပြုတ်တဲ့ ကျောင်းသား ငါးယောက်ထက်မနည်း တွေ့ဖူးပြီ။

၂။ ကိုယ့်bodyမှာ ပွန်းပဲ့ရာတွေ ရှိနေတယ်။ ဘယ်နေရာမှာ ချော်လဲလို့ ဘယ်နား ခြစ်မိမှန်းလဲ မမှတ်မိတော့ဘူး။

၃။ နွေကျောင်းပိတ်လို့ အမေ့အိမ်ပြန်တယ်။ ကျောင်းပြန်ဖွင့်လို့ ပြန်သွားရတော့မယ့်အချိန်တွေဟာ ပထမနှစ်လိုပဲ သစ်လွင်နုပျိုနေဆဲပါ။

၎။ ဒေါ်လာ၁၅၀၀အထက်မှာ တန်တဲ့ Laptop ပေါ်မှာ sandwich တွေ တင်လိုတင်၊ မုန့်ကျွှတ်အမှုန့်တွေ ကျလိုကျ။


၅။ Energy Drink တွေဟာ ကိုယ့်ရဲ့ မခွဲမခွာ သူငယ်ချင်းအသစ်တွေပေါ့။

၆။ Grocery Store တွေမှာ free sample food တွေ လိုက်စားတာ အကျင့်ဖြစ်နေပြီ။

၇။ Noun နာမ်စာလုံးတွေ ဖြစ်တဲ့ “Google” တို့ “Wikipedia” တို့ ဆိုတာ ကောလိပ်မှာ Action Verb တွေ ဖြစ်လာတယ်။

၈။ ရေခဲသေတ္တာထဲနှစ်ပေါင်းများစွာ သိုလှောင်ထားတဲ့ အစာနဲ့ မင်းညီအငယ်ဆုံးနဲ့ ဘယ်သူအသက်ပိုကြီးလဲ???? :D

၉။ Cell Phone ထဲက တချို့နံပါတ်ပိုင်ရှင်နာမည်တွေက “Sketchy Steve”, “Barbie Doll” နဲ့ “Alcohol Dude” ဆိုပဲ။

၁၀။ Cell phone text ရိုက်တာက Keyboard မှာ Type ရိုက်တာထက် ပိုမြန်နေမလားပဲ။

ကဲ ဒီတစ်ခေါက်ကော ဘယ်သူတွေ ဘယ်နှစ်ခုအမှန်ထိသွားလဲ။ 
ပျော်ရွှင်ကြပါစေ။
ပေဖူးလွှာ

ဆက်ဖတ်ရန်...(To Continue)

Black Hole ဖန်တီးနိုင်သည်ဟု ယူဆကြသော Large Hadron Collider (LHC)


ကျွှန်တော် မောင်ပိန် ပိုစ့် မရေး ဖြစ်တာလဲ တစ်နှစ်လောက် ရှိတော့မယ်နဲ့ တူတယ်။ ဟိုတစ်လောက အင်တာနက် အန္တရာယ် များတဲ့ ၀က်ဆိုက် ကနေ ဖိုင်တွေ ဒေါင်လို့ လုပ်လိုက်တာ ကွန်ပျူတာ ပိုးဝင်ပြီး စက်လောင် တော့မယ် အထိ ဖြစ်ခဲ့ပါတယ်။ windows တစ်ခုလုံး အစအဆုံး ပြန်သွင်း တာတောင် မပြီးသေးဘူး ကွန်ပျူတာ screen ပါ ခရမ်းရောင် အဆင်း ကြောင်း ပြပြီး ကြွသွား ရှာတယ်။ အဲ့ဒါနဲ့ ကျောင်းမှာရှိတဲ့ techdesk ကို ယူသွားပြီး myhome16 မှာ Blog မြန်မြန် ပြန်ရေး နိုင်အောင် အားသွန် ခွန်စိုက် ကြိုးစား ခဲ့ရတယ်။ နောက်ဆုံး တစ်ပတ်လောက် ကြာတော့ Dell က ပစ္စည်း ပို့လာ ပေးတော့မှ ကျွှန့်တော့် ကွန်ပျူတာ ပြန်ကောင်း သွားရှာ တော့တယ်။ ဒါပေမဲ့ windows အသစ် ပြန်သွင်းလိုက်တော့ ကွန်ပျူတာထဲမှာ ပင်ပင်ပန်းပန်း ၁၀ နှစ်စာ myhome16 မှာတင်ဖို့ ကြိုတင် ရေးထားသော post များ techdesk လူသားတွေ ရှင်းလိုက်တာ အကုန် ပါသွားတယ်…. ဒါ့အပြင် မြန်မာ font ကလဲ အသစ် ပြန်သွင်းပြီး အလုပ် မလုပ်လို့ အင်တာနက်ပေါ်မှာ google လုပ်၊ ဖြေရှင်းနည်း ရှာတာ တစ်ပတ်လောက် ကြာသွားတယ်။ ဒီဟာ တွေကတော့ ဘာဖြစ်လို့ ကျွှန်တော် မောင်ပိန် ပို့စ်နုစ်ပတ် တိတိ မတင်နိင်တဲ့ အကြောင်းရင် များထဲကတစ်ခုပါပဲ။ အားလုံးတော့ ခွင့်လွတ်ကြပါ။

ကျွှန်တော် ဒီတစ်ပတ်တော့ ရူပဗေဒနဲ့ ပတ်သက်တဲ အကြောင်းအရာ တစ်ခုအကြောင်း ပြောပြ သွားပါမယ်။ ဒီဟာကတော့ Black Hole ကို ဖန်တီး ပေး နိုင်သည်ဟု လူတွေက ယူဆကြသော LHC(large Hadron Collider) ပဲ ဖြစ်ပါတယ်။ LHC နဲ့ ပတ်သက်ပြီး တော့ အငြင်းပွား စရာ အရာ တော်တော်လေး များရှာ ပါတယ်။ ဒါပေမယ့် အဆိုပါ ပြသာနာများ မပြောခင် LHC ရဲ့ သမိုင်းကြောင်းနဲ့ ယင်းကို ဆောက်ရခြင်း ၏ အကြောင်းများ ကို ရှေးဦးစွာ ကျွန်တော် ရှင်းလင်း သွားပါမယ်။


သမိုင်းကြောင်းတော့ ဒီလိုရှိပါတယ်…


၂၀ ရာစု အစပိုင်း ကတော့ သိပ္ပံပညာရဲ့ အတိုးတက်၊ အထွန်းကားဆုံး အချိန် ဖြစ်ပါတယ်။ Alberb Einstein ရဲ့ Relativity Theory နဲ့ Photoelectric effect တို့ ဟာ ကမ္ဘာကြီး အပေါ် လူသား တွေရဲ့ အမြင်ကို အကြီးအကျယ် ပြောင်းလဲ ခဲ့ ရုံမျှမက ရုပဗေဒ လောက ကြီးကို လည်း အကြီး အကျယ် ပြောင်းလဲ ခဲ့ပါတယ်။ Quantum mechanics ကလဲ ဒီကနေ စပြီး ဖြစ်ထွန်း လာခဲ့ပါတယ်။ electron, nucleus စသည့် အခြေခံ အကျဆုံး ဖြစ်သော အရာများကို ဥရောပ တိုက်မှာ တဗြုန်းဗြုန်း တွေရှိခဲ့ ကြပါတယ်။ ဒုတိယ ကမ္ဘာ စစ်ပြီးတော့ အမေရိကန် ကတော့ သိပ္ပံ လောက ကို ဦးဆောင် ခဲ့ပါတယ်။ နောက်ပိုင်း သိပ္ပံပညာ အတွက် ပိုပြီးတော့ အဆင့်မြင့်သော စက်ပစ္စည်းများ အပေါ် ရင်းနှီး မြှုပ်နှံဖို့လိုကြောင်း အမေရိကန်က ကြိုတင် မြင်ကာ ဓတ်ရောင်ချီ စက်များနှင့် particle accelerator များကို တည်ဆောင်ခဲ့ ကြတယ်။ ဒါပေမယ့် ရူပဗေဓ စီမံကိန်းများကို တစ်နိုင်တည်းက မဦးဆောင်နိုင်တာနဲ့ အညီ (particle accelerator ဆောက်ခနဲ့တင်မွဲသွားလောက်တယ်) ဥရောပနိုင်ငံ အများစုဟာ အချင်းချင်း ပေါင်းပြီး CERN( European Council for Nuclear Research) ကို တည်ထောင် ခဲ့ပါတယ်။ CERN ကြောင့်မလို့ အရေးကြီးတဲ့ ရူပဗေဒ နိယာမများကို သက်သေ ပြနိုင် ခဲ့ပါတယ်။ 1971 နှစ်တွင် Intersecting Storage Rings proton-proton collider စတင်ခဲ့ပြီး proton-antiproton collider ကို 1981 ခုနှစ်တွင် စတင် လုပ်ဆောင် ခဲ့ကာ နောက်နှစ်နှစ် ကြာတော့ W နှင့် Z particle များကို တွေ့ရှိခဲ ပါတယ်။ တွေ့ရှိမှု ကြောင့် သိပ္ပပညာရှင် များဟာ လျှပ်စစ် ဆွဲအားနဲ့ weak force တို့ကို unified field theory အောက်တွင် အောင်မြင်စွာ သက်သေ ပြနိင်ခဲ့ပါတယ်။ ကမ္ဘာပေါ်တွင် အကြီးဆုံးသော LEP(large electron positron collider) ကိုလည်း CERN မှာဘဲဆက်လက်တည်ဆောက်ခဲ့ကာ ယင်းကြောင့်မလို့ sub-atomic particle များနဲ့ ပတ်သက်သော တန်ဖိုး များကို အလွန် တိကျစွာ တိုင်း နိုင်ခဲ့ကြပါတယ်။ LEP မှရသော data များသည် တိကျ လွန်းလို့ ၄င်း data များသည် ယခုလက်ရှိ စမ်းတပ် နိုင်သည့် energy level ကိုကျော်လွန် သည့် အဖြစ် အပျက်များ ကိုပင် ခန့်မှန်း နိုင်ပါတယ်။ ယင်းကြောင့် နောက်ပိုင်း energy level ပိုမြင့်သော အဆင့်တွင် တွေ့ရှိနိုင်မည့် အရာများကို ခန့်မှန်း ခွင့်ပေး နေပါတယ်။


ဒီခန့်မှန်းချက်များကို လက်တွေ့ အကောင်အထည် ဖော်ဖို့ လိုအပ်သော စွမ်းအင် ပမာဏသည် 1TeV (1GeV) မျှရှိပါတယ်။ ဒီ ရူပဗေဒ နယ်ပယ် အသစ်ကို တွေ့ရှိဖို့ ၊ အနာဂတ်တွင် တွေ့ရှိမှုများ ထပ်မံ အကောင်အထည် ဖော်ရန် ရူပဗေဒ ပညာရှင် များသည် LHC(large Hadron Collider) ပေါ် မူတည် နေပါတယ်။ LHC ဟာ CERN ရှိတဲ့ အရင် နေရာ မှာဘဲ တည်ရှိပြီး CERN မှာရှိတဲ့၂၇ ကီလိုမီတာ ရှည်သော LEP tunnel နှင့် တခြား အရာများကို ပြန်လည် အသုံးချမှာ ဖြစ်ပါတယ်။ LHC ရဲ့ ထူခြားချက် ကတော့ နောက်ဆုံးပေါ် superconducting magent နှင့် accelerator technology ကိုသုံးထားခြင်းဘဲ ဖြစ်ပါတယ်။ ယင် LHC သည် ပိုရိုတုံ (proton) particle များကို ၇ TeV စွမ်အင်ဖြင့် တိုက်စေနိုင်ပြီး ထိတွေ့ ဓာတ်ပြုမှုနှုန်း ကို လည်း မြန်စေ ပါတယ်။ ထို့ပြင် ယင်းသည် ခဲ စသော အရွယ် ပိုကြီးသော particle များကို 1250 TeV ဖြင့်လည်း အချင်းချင်း တိုက်စေ နိုင်ပါတယ်။ အခုလက်ရှိ အမေရိကန်မှာ ဆောက်နေသော Heavy Ion Collider ရဲ့ စွမ်းအင် အစ ၃၀ ရှိပါတယ်။ ဒီ LHC မှရှိမည့် ပညာရေး ဆိုင်ရာ၊ သိပ္ပံဆိုင်ရာ အကျိုး ကျေးဇူး များသည် အလွန်ပင် ကြီးလှပါသည်။ အနာဂတ် ရူပဗေဒ ပညာရပ်ရဲ့ အသက် သွေးကြောလို့ပင် ပြောလို့ရပါတယ်။


ယနေ့ LHC…

Large Hadron Collider ကိုမြေအောက် မီတာ ၅၀ မှ မီတာ ၁၇၅ နက်သော မြေအောက်ရှိ ကီလိုမီတာ ၂၇ မီတာ ရှည်တဲ့ စက်ဝိုင်းပုံ လှိုင်ခေါင်းထဲတွင်တည်ဆောက်ထားပါတယ်။ ၄င်းသည် ဆွီဇလန် နှင့် ပြင်သစ်နိုင်ငံ နှစ်နိုင်ငံ နယ်စပ်တွင် တည်ရှိပါတယ်။

LHC တွင် ပထမဆုံးသော particle beam များကို စက်တင်ဘာလ ၁၀ ရက် ၂၀၀၈ ခုနှစ်တွင် စတင် စမ်းသပ် ခဲ့ပါတယ်။ ဒါပေမဲ့ ဒီလို လုပ်ဆောင် နေချိန်တွင် superconducting သံလိုက် တချို့သည် ပုံမှန်အတိုင်း မလုပ်ဆောင်ခဲ့ သောကြောင့် စမ်းတပ်မှု တစ်ခုလုံးကို ရပ်ဆိုင်း လိုက်ရကာ ပြန်လည် ပြုပြင်မှုများ လုပ်ဆောင် နေရပါတယ်။ ယင်း အမှား သည် ညံ့ဖျင်းစွာ ပြုလုပ် ထားသော လျှပ်စစ် စက် ကိရိယာငယ် တစ်ခုကြောင့် ဖြစ်ပါတယ်။ ယင်းကြောင့် ဒေါ်လာ ၁၀ ဘီလီလျှံ တန်စက်ကြီးကို ၃လ လောက် အနားပေပြီး အပြုအပြင် လုပ်ရတော့မှာ ဖြစ်ပါတယ်။ superconducting magnet တွေကို အအေး ခံသော ဟီလီယံ ဓာတ်ငွေ့ ၆ တန်မျှ အပြင်ကို ယိုစီး သွားခဲ့ ရုံမျှမက သံလိုက် ၂၉ တုံးကိုလည်း ပြန်လည် ပြုပြင်ရမှာဖြစ်ပါတယ်။ ပြင်ခကလည်း ဈေးမနည်း ပါဘူး။ ဒေါ်လာ ၂၁သန်း ကုန်မယ်လို့ တွက်ချက် ထားပါတယ်။


နောက်တစ်ပတ်ဆက်ရန်…

ဆက်ဖတ်ရန်...(To Continue)

Sunday, November 30, 2008

မြန်မာ Live Show အကများ - အပိုင်း (၂)


ဒီပို့စ်ကတော့ တကယ်ကို ကြာလှပြီ။ Long Overdue ပေါ့။ ဗမာတွေ အနောက်တိုင်းအကတွေ ကတဲ့ အကြောင်းပါ။ အပိုင်း(၁)မှာတော့ အကောင်းလေးတွေ တင်ထားတယ်။ အဲဒီပို့စ်လေးကို မေ့သွားပြီဆိုရင် ဒီမှာ သွားကြည့်လိုက်နော်။

ဒီတစ်ခေါက်တော့ ဝေဖန်ရေးပေါ့။ YouTube က ရွေးထားတဲ့ သီချင်းတွေကတော့ နည်းနည်းဟောင်းနေလိမ့်မယ်။ ဗမာသီချင်းတွေနဲ့ အဆက်ပြတ်နေတာ ကြာပြီဆိုတော့လဲ သည်းညည်းခံလိုက်ပါနော်။ ပေဖူးက အနောက်တိုင်းအကတွေကိုသာ လေ့လာနေတာ၊ ဗမာသီချင်းဆို ရှေးခေတ် သီချင်းကြီးတွေကိုမှ အသည်းစွဲလေ။ ကဲ.. စပြီ။

စိုင်းစိုင်းခမ်းလှိုင်
စိုင်းစိုင်းရဲ့ မသိသာ ဆိုးရွားတဲ့ သီချင်းတစ်ပုဒ်ပေါ့။ တော်တော်များများတော့ ကြိုက်ကြတယ်လို့ ဆိုပါတယ်။ အဟွတ် အဟွတ်။ ပေဖူးကတော့ လုံးဝကို မကြိုက်ပါဘူး။ တစ်အချက် သီချင်းက copy။ နှစ်အချက် သီချင်းစာသား။ တို့ဗမာလူငယ်တွေ ရန်ကုန်တို့ မန္တလေးတို့လို မြို့ကြီးမှာ ဒီလိုပဲ ဟိုလေ ဒီလေဖြစ်နေတာ။ ဒါတွေက ဖြစ်တတ်ပါတယ်။ ဒါပေမဲ့ သီချင်းထဲမှာတော့ ထည့်မဆိုသင့်ဘူးပေါ့နော်။ စိုင်းစိုင်းခမ်းလိုင်ဆိုတာ ဆယ်ကျော်သက်လူငယ်တွေ အရူးအမူးကြိုက်တဲ့ role model တစ်ယောက်ပါ။ ဒါပေမဲ့ သူက စပြီး သီချင်းစာသားတွေကို အဲဒီလို ထည့်ဆိုတော့ ကလေးတွေရဲ့ စိတ်ဓါတ်တွေထဲမှာ သံမှိုရိုက်သွင်းသလို မဖြစ်နေဘူးလား။
နောက်ဆုံးတစ်ချက် နောက်က ကတဲ့ မိန်းကလေးတွေပါ။ ဒီနေရာမှာ ပေဖူးက လူကြီးတစ်ယောက်အနေနဲ့ ဝေဖန်တာ မဟုတ်ပါဘူး။ အရမ်းကို စည်းကမ်းကြီး ပိပြားနေလို့ အမြင်စောင်းနေတာလဲ မဟုတ်ဘူးနော်။ အရမ်းသိနေလို့ လူတတ်ကြီးလုပ်တာလဲ မဟုတ်ပါဘူး။ အသက် ၁၉နှစ်အရွယ် ကျောင်းသူတစ်ယောက်အနေနဲ့ ကိုယ်နဲ့ ရွယ်တူနီးပါးမိန်းကလေးတွေကို မြင်ကြည့်တာပါ။ တချို့နေရာတွေမှာ ဗမာလိုတောင် ရေးလို့ မကောင်းတဲ့ ကကွက်တွေကို မြင်ရပါတယ်။

ဘယ်အကဆရာကများ ဒီလို ကကွက်တွေကို မိန်းကလေးတွေ ဗမာပြည်က စင်ပေါ်မှာ ကဖို့ သင်ပေးလိုက်တာလဲ။ ဒါဟာ pure hip hop and pop dance မဟုတ်ပါဘူး။ Choreography မဟုတ်ပါဘူး၊ Body Post တွေကို ဇွတ်ရှိုးသွားတာပါ။ Chorus အပိုဒ်တွေမှာ ကတဲ့ အကဟာ Stripper Dance တွေပါ။ မြင်တဲ့လူတွေ သိပါတယ်။ Did you see they even spank their own butt?? What the hell? ဒါခေတ်မီတာ မဟုတ်ပါဘူး။ ကနေတဲ့ မိန်းကလေးတွေဟာ အိမ်ထောင်မပြုရသေးတဲ့ အပျိုလေးတွေပါ။ What are they doing?? အက, ကကော ကောင်းလား။ Stripper dance ဆိုရင်တောင် Professional မဟုတ်ပါဘူး။ Stripper Dance ဆိုတာ တိုင်တို့ ထိုင်ခုံတို့ကို အားပြုပြီးကမှ hot တာပါ။ ဒီလောက်တောင် ကချင်ရင်လဲ ရှေ့က microphone တိုင်ကိုသာ အားပြုပြီး pole dance ကလိုက်ပါတော့လား။ ဆက်ပြောရင် ဗမာမိန်းကလေးတစ်ယောက်ပါးစပ်က ထွက်လာတဲ့ စကားတွေ မကောင်းတော့ဘူး။ video ကိုသာ ကြည့်ပြီး လွန်လား မလွန်လားသာ ပြောပါတော့။ စိတ်မကောင်းစရာတွေ နောက်သီချင်းနှစ်ပုဒ် ကျန်သေးတယ်။ ဆက်လေ့လာသွားပါဦး။




ဝိုင်းစုခိုင်သိန်း
ဒီ video ကတော့ live show မဟုတ်ပါဘူး။ Latin dance လား ဂေါက်ဂက်အကလား။ ကတဲ့ ပုံစံကိုက အချိုးမပြေတာလေ။ ပေဖူးသာ Director ဆိုရင် ၀ိုင်းစုခိုင်သိန်းက ဒီအကမျိုးပေးကမှာ မဟုတ်ဘူး။ ကသွားတဲ့ Timing ကို လိုက်ကြည့်ရင်တော့ mambo အကလို့ ထင်ရပါတယ်။ ပြီးတော့ ဆိုထားတာက သင်္ကြန်သီချင်း၊ ကသွားတော့ တောင်အမေရိကတိုက်မှာ အခြေခံတဲ့ Latin အက။ လုပ်သွားပုံက သင်္ကြန်အကမရှိတဲ့ အတိုင်းပဲ။ ဒါပေမဲ့ ကတာကိုကတော့ တော်တော်ကို အချိုးမပြေတာပါ။ ဘယ်သူကမှာတော့ မွေးကတည်းက ကတတ်မလဲနော်။ ဒါပေမဲ့ Latin အကဆိုတာမျိုးက VCD မရိုက်ခင် နှစ်ရက် သုံးရက်အလိုမှာ ကပ်သင်ပြီး တတ်တဲ့ အကမျိုးမဟုတ်ပါဘူး။ အနည်းဆုံး နှစ်လ သုံးလလောက်သင်မှ ချောချောမောမော ထွက်လာမှာပေါ့။ အခုကတော့ တော်တော်အခြေအနေဆိုးပါတယ်။ ကကွက်တွေက မတိကျသလို Latin Dance ရဲ့ အဓိကဖြစ်တဲ့ Hip Actionတွေဆို လုံးဝမပါဘူး။ Typical Mambo ဆိုတာ ဘယ်လိုလဲ သိချင်ရင် ဒီမှာ video sample တစ်ခုကို link ချိတ်ပေးထားပါတယ်။ သူလဲ professional မဟုတ်ပါဘူး။ ဒါပေမဲ့ ကဖြစ်အောင် ကသွားတာပါ။ ပေဖူးပြောချင်တာက ကိုယ်မနိုင်ဘူးထင်ရင် မလုပ်နဲ့ပေါ့နော်။




တောဂေါ်လီ
ဒီတစ်ခုက ပိုဆိုးပါတယ်။ စိုင်းစိုင်း ထွင်တာ လွန်သွားတယ်လို့ ထင်ရတာပဲ။ ဒါမော်ဒယ်ဂဲတွေလား။ မင်္ဂလာရုပ်ရှင်ရုံ အပေါ်ထပ်က ဟာတွေလား။ ကကွက်မရှိ စင်ပေါ်ကို တင်ချင်သလို တင်ပြီး လုပ်ချင်တာတွေ လုပ်သွားကြတာပေါ့။ အိုးလေး လှုပ်ပါဟေ့ ကတော့ စကားအဖြစ် ကျန်ရစ်တယ်နော်။ အဟိ။

ဒီသီချင်းကို လွန်ခဲ့တဲ့ ခြောက်လလောက်က စင်ကာပူက သူငယ်ချင်းတစ်ယောက် လင့်ခ်ပေးလို့ ကြည့်ဖြစ်သွားတာပါ။ သူက အဲဒီရှိုးကို သူ့ကောင်မလေး ကြည့်ချင်လို့ လိုက်ပို့ရင်း ကိုယ်တိုင်သွားခဲ့တာကိုး။ high school တုန်းထဲက သူငယ်ချင်းဆိုတော့ ပွင့်ပွင့်လင်းလင်းပဲ “He admitted that he enjoyed it.” ခေတ်တွေကတော့ တော်တော်မကောင်းတော့တာ။
ဒီပို့စ်ကို ရေးနေတုန်း libraryမှာ တောဂေါ်လီသီချင်းလင့်ခ် Embed လုပ်မလို့ ဖွင့်ထားမိတယ်။ အဲဒီမှာတင် စာအတူတူဖတ်နေတဲ့ သူငယ်ချင်း American အဖြူတစ်ယောက်က ပေဖူးရဲ့ laptop ကို ကလိပြီး အဲဒီ link ကို playလိုက်တာ အဲဒီမှာတင် သောက်ရှက်ကို ကွဲရော။ He just asked, “What the hell are those girls doing on the stage?” တဲ့။ သူ့ကို Youtube က အပျိုတော်ယိမ်းတစ်ခါပြဖူးလို့ ကြိုက်ပြီး ပေဖူးကိုပါ ဗမာအက အတင်းကခိုင်းနေလို့ အ၀တ်အစားမရှိဘူးဆိုပြီး ရှောင်နေရတာပါ။ အမေရိကားက ဘိုတစ်ယောက်တောင် ဆင်ဆာဖြတ်ထားတာတွေ ကြည့်ပြီး ပါးစပ်အဟောင်းသားဖြစ်သွားတယ်ဆိုတော့…….



ဒီတစ်ပါတ်တော့ ဒီလောက်နဲ့ပဲ တော်လိုက်တော့မယ်။ စာဖတ်သူတွေ အားလုံးလဲ ကြည့်ပြီး တော်တော်ရင်လေးသွားမယ်လို့ ထင်ရပါတယ်။ ပေဖူးဆီမှာ link တွေ ကျန်ပါသေးတယ်။ ဆက်ပြီးပြောရင် ဒီထက်ဆိုးတာတွေပဲ ဖတ်ရ ရေးရမှာမို့ ဒီမှာတင်ပဲ ရပ်လိုက်တော့မယ်။

ပေဖူးလွှာ

ဆက်ဖတ်ရန်...(To Continue)

Saturday, November 29, 2008

WORLD AIDS DAY - ကြောက်စရာ AIDS ရောဂါ (၂)

Special Post for WORLD AIDS DAY!
Wish everyone to be far away from AIDS.

ဒီဇင်ဘာလ ၁ရက်နေ. မှာ ကျရောက်မယ့် ကမ္ဘာ. AIDS ရောဂါတိုက်ဖျက်ရေးနေ. ကိုဦးတည်၍ ဒီအပတ်တော့ ကြောက်စရာ AIDS ရောဂါ အပိုင်း၂ ကိုဆက်ပါမယ်။။ အပိုင်း ၁ ကိုဖတ်ချင်ရင်တော့ ဒီနေရာ ကိုသွားပါ။


HIV ပိုးရဲ. Structure

HIV ပိုး မှာ HIV1 နဲ. HIV2 ဆိုပြီး ၂မျိုးရျိပါတယ်။ HIV ပိုးဟာ စက်ဝိုင်းပုံစံရှိပြီး သူ.မှာ Envelope ဆိုတဲ့ အကာအကွယ်အလွှာ၊ Capsid ဆိုတဲ့ protein အလွှာ၊ Core ဆိုတဲ့ အတွင်းဆုံးက ရှည်မျောမျော လေးထောင့်လိုအကွက် ကလေးရှိပါတယ်။ Core ထဲမှာ Single Stranded RNA အမျှင်နှစ်ခုနဲ. Reverse Transcriptase ဆိုတဲ့ enzyme ပါတယ်။ Capsid ကိုကျတော့ p24 ဆိုတဲ့ gene နဲ.လုပ်ထားပါတယ်။ Envelope ပတ်ပတ်လည်မှာ ရှိတဲ့ အချောင်းလေးတွေနဲ. အလုံးလေးတွေကတော့ GP-40 နဲ. GP-120 တို.ပဲဖြစ်ပါတယ်။ GP-40 က အချောင်းတွေ ဖြစ်ပြီး GP-120 က အလုံးလေးတွေပါ။ HIV Virus က အင်မတန်သေးငယ်လှတဲ့အတွက် သူ.ကို သာမန် Microscope နဲ. မမြင်နိုင်ပါဘူး။ Electron microscope နဲ.ပဲမြင်နိုင်တယ်။


ရောဂါကူးစက်နည်းများ

HIV ရောဂါပိုးဟာ သွေး၊ သုက်ရည်နဲ. မိန်းမအင်္ဂါကနေထွက်တဲ့ အရည်တွေထဲမှာ ပမာဏ များများ နေကြပါတယ်။ တံတွေး၊ မျက်ရည်၊ နို.ရည်၊ ကျဉ်ငယ် ရည်တွေ ထဲမှာလည်း ပမာဏ အနည်းငယ် ပါတတ်ပါတယ်။ ဒါပေမယ့် တံတွေးတို. မျက်ရည်တို.က နေ ရောဂါကူးတဲ့ နှုန်းက မကူးစက် သလောက် နည်းပါတယ်။ ကူးစက်တာလည်း မတွေ.ရပါဘူး။ AIDS ရောဂါ ကူးစက်ပုံ ကတော့ အမျိုးမျိုး ရှိပါတယ်။

၁။ လိင်မှတဆင့်ကူးဆက်ခြင်း (Sexual Transmission)
-လိင်တူဆက်ဆံခြင်း homosexual
-လိင်ကွဲဆက်ဆံဖြင်း heterosexual
-လိင်ဆက်ဆံတဲ့ အဖော်များလေကူးစက်ဖို. ရာခိုင်နှုန်းပိုများလေ ဖြစ်ပါတယ်။
-တစ်ခြား လိင်မှတစ်ဆင့်ကူးစက်တဲ့ ရောဂါတွေ(Syphilis, Gonorrhoea, Herpes) နဂိုကတည်းက ရှိနေတာက HIV ပိုးကူးစက်ဖို. အန္တရာယ်ပိုများစေပါတယ်။
-ရောဂါလက္ခဏာမပြသေးတဲ့ HIV positive တွေဆီကလည်း ရောဂါကူးစက်နိုင်ပါတယ်။

၂။ Parenteral Transmission
-မသန်.ရှင်းတဲ့၊ ရောဂါပိုးပါတဲ့ သွေးသွင်းမိခြင်း
-မသန်.ရှင်းတဲ့၊ ပိုးသေချာမသတ်ထားတဲ့ အပ်၊ ခွဲစိတ်ကိရိယာတွေကိုသုံးစွဲမိခြင်း (ကျန်းမာရေးဝန်ထမ်းတွေ ဖြစ်တဲ့ ဆရာဝန်တွေ၊ သူနာပြုတွေ ရောဂါကူးစက်ခံရတာ ဒီအချက်ကြောင့်ပဲဖြစ်ပါတယ်)
-ဆေးသမားတွေ ရောဂါကူးကြရတာဟာလည်း ဒီ အပ်တွေကို မျှဝေသုံးကြလို.ပဲဖြစ်ပါတယ်။
-သွားတိုက်တံတွေ ၊ ဘလိတ်ဓားတွေ မျှဝေသုံးစွဲရင်လည်း ကူးနိုင်တာကိုလည်း သတိပြုပါ။

၃။ မိခင်မှ ကလေးကိုကူးစက်ခြင်း (Trans-placental Transmission) (Vertical Transmission)
-အမေမှာရောဂါရှိရင် ၁၃% ကနေ ၄၀% အထိကလေးကို ကူးနိုင်ခြေရှိပါတယ်။
-ကလေးမွေးနေတုန်း ဒါမှမဟုတ် နို.တိုက်ရင်းကနေ ကူးနိုင်ပါတယ်။
(ဒါပေမယ့် ချွင်းချက်တော့ရှိပါတယ်။ HIV ပိုးဟာ ဒီလိုနည်းတွေနဲ. ကူးနိုင်တယ်ဆိုပေမယ့် ကူးစက်ဖို. ဟာ တစ်ခြားရောဂါပိုးတွေလောက် မလွယ်ကူပါဘူး။ ဥပမာ Hepatitis B အသည်းရောင်အသားဝါ B ပိုးဟာ ပိုးအကောင်ရေ နည်းနည်းလေးဝင်သွားတာနဲ. ကောင်းကောင်းဒုက္ခပေးနိုင်ပါတယ်။
ဒါပေမယ့် HIV ပိုးဟာ ကူးစက်ပြီးရောဂါပေးဖို. ပိုးကောင်ရေအများကြီး လိုအပ်ပါတယ်။ ကိုယ်ခန္ဓာ ထဲကိုပိုးကောင်ရေ အများအပြားဝင်သွားမှ ရောဂါပေးတာပါ။ သတ်မှတ်ထားတဲ့ ပိုးအရေအတွက် အောက် လျော့ဝင်သွားရင် ရောဂါမကူးဘူးလို.ဆိုရမှာပေါ့။ ဒါကြောင့် HIV ပိုးဟာ လွယ်လွယ်နဲ. မကူးစက်နိုင်တဲ့ ပိုးမျိုးဖြစ်ပါတယ်။)


ကာကွယ်ခြင်း နှင့် ကုသခြင်း

ကာကွယ်ဆေးကတော့ မပေါ်ပေါက်သေးပါဘူး။ ဘာလို.လဲဆိုတော့ HIV ပိုးမှာပါတဲ့ gene တွေဟာ mutation (gene တွေ ပုံပြောင်းတာ)ဖြစ်တာမြန်ပါတယ်။ ဆေးတွေကလည်းပြောင်းတဲ့ gene ပေါ်လိုက်ပြီး မတီထွင်နိုင်တဲ့ အတွက် ကာကွယ်ဆေး ကိုအောင်မြင်အောင် မထုတ်နိုင် သေးတာပါ။
ဒါပေမယ့် ကိုယ်ဝန် ဆောင်မိခင် ကနေ ကလေးဆီကို မကူးအောင် ကာကွယ် နိုင်တဲ့ ဆေးတွေတော့ရှိတယ်။ ၁၀၀%တော့ မကာကွယ်နိုင်ဘူး။ ကိုယ်ဝန်ဆောင်နေချိန်မှာ ၁၄ ပတ် ကိုယ်ဝန်ကနေ စပြီး မွေးတဲ့ အချိန်အထိ Zidovudine ဆိုတဲ့ ဆေးကို တစ်နေ.ကို 600mg သောက်ပေး ရပါမယ်။ မွေးနေတဲ့ အချိန်မှာလည်း ဒီဆေး 2mg/kg ကို အကြောဆေးထိုးပေးရပါမယ်။ အဲဒီနောက် 1mg/kg ကို မမွေးမချင်း အချိန်အပိုင်းအခြား တစ်ခု ထားပြီး ထိုးပေးရပါမယ်။ မွေးလာတဲ့ ကလေးကိုလည်း ဆေးတွေ ထိုးရ၊ တိုက်ရဦးမှာပါ။ သိပ်တော့မလွယ်လှ တဲ့ အလုပ်တစ်ခုပါ။ အမေရော ကလေးပါ ဆေးဒဏ်ခံရမှာပါ။ ဒီလိုသောက်ထားတာတောင်မှ ကလေးကို ကူးစက် နိုင်ခြေက ၉% ပဲလျော့တာပါ။ နောက်တစ်ခုက တီဗွီက ကြေညာတဲ့အတိုင်း ပြန်ပြောပါမယ်။ လိင်ကိစ္စကို တတ်နိုင်သမျှ ရှောင် ရပါမယ်။ မရှောင်နိုင်ရင် condom ကို စနစ်တကျသုံးပါ။ ကိုယ့်ရဲ. ဇနီး/ခင်ပွန်းကို သစ္စာရှိကြပါ။ အားလုံးပဲဒီအချက်တွေကို ရှောင်နိုင်ကြမယ် ထင်ပါတယ်။
နောက်တစ်ခု က HIV ပိုးရှိတဲ့လူမှာထိုးထားတဲ့ အပ်ကိုယ့်ကိုစူးမိတယ် ဆိုပါစို.၊ ဒီလိုဆို ကူးတော့မှာပေါ့၊ ဒါဆိုအတတ်နိုင်ဆုံး ဘာလုပ်မလဲ ဆိုတော့ ထိတဲ့နေရာကိုရေနဲ. ဆပ်ပြာနဲ.ေ သချာဆေးပါ။ နောက်ပြီးရင် ဆေးသောက်ရပါမယ်၊ Zidovudine ကို ၃ပတ် သောက်ရပါမယ်။ ဆေးကို ဖြစ်ဖြစ်ပြီးချင်း မြန်နိုင်သမျှ မြန်အောင် သောက်ရပါမယ်၊ နာရီဝက်ကနေ ၂ နာရီအတွင်းသောက်သင့်ပါတယ်။ ဒါကို PEP ( Post Exposure Prophylaxis) လို.ခေါ်ပြီး ကူးစက်နိုင်ခြေ ၇၉% အထိလျော့ကျစေပါတယ်။ ဆေးရုံမှာ ဆရာဝန်တွေ၊ သူနာပြုတွေ၊ အခြားသူတွေ အပ်စူးရင် ဒီနည်းကိုပဲ အရင်သုံးပါတယ်။ အပ်စူးတာ တစ်ခုကိုပဲသုံး တာမဟုတ်ဘူးနော်၊ အခြားကူးစက် နိုင်ခြေရှိတဲ့ အခြေအနေ၊ အပြုအမူတွေကြုံလာရင်လည်း သုံးလို.ရပါတယ်။ ဒါပေမယ့် ဆေးရဲ. Side effect ကလည်းမသေးဘူးနော။


ကုသတဲ့ဆေးတွေ တော့ရှိပါတယ်။ ဒါပေမယ့် ရောဂါပျောက်အောင်တော့ မကုနိုင်ပါဘူး။ ရောဂါကို အခြေအနေ တစ်ခုမှာ တန်.နေအောင်ပဲ ထိန်းထား နိုင်တာပါ။ သုံးတဲ့ဆေးတွေကတော့ Zidovudine, Dideoxyinosine, Stavudine, Lamivudine, Abacavir တို.ပဲဖြစ်ကြပါတယ်။ ဒီဆေးအုပ်စု ကို Reverse Transcriptase Inhibitor လို.ခေါ်ပါတယ်။ HIV virus ရဲ. Core ထဲမှာရှိတဲ့ စောစောကပြောခဲ့တဲ့ Reverse Transcriptase enzyme ကို ဒီဆေးက ပိတ်ပေး မှာပါ။ နောက်ဆေးအုပ်စု တစ်ခုက HIV protease inhibitor လို.ခေါ်ပြီး Saquinavir, Ritonavir, Indinavir ဆိုတဲ့ဆေးတွေ ပါဝင်ပါတယ်။ fusion inhibitor ဆိုပြီးပေါ်တာသိပ်မကြာသေးတဲ့ ဆေးကတော့ Enfuvirtide ဆိုတဲ့ ဆေးဖြစ်ပါတယ်။ ပိုပြီး ထိရောက်တယ် လို.တော့ ဆိုကြတာပဲ။

ဆေးတွေကို တစ်ခုချင်း သောက်တာ များလာတဲ့ အတွက်ဆေး တစ်ခုချင်း စီကို HIV ပိုးရဲ. ခံနိုင်ရည် တိုးလာပါတယ်။ ဒါကြောင့် ဆေး ၃ မျိုးပေါင်းထားတဲ့ HAART ( Highly Active Anti- Retroviral Theray) ဆိုတဲ့ ကုသနည်းကို လောလောဆယ် သုံးနေပါတယ်။ ဒီကုသနည်းနဲ.သာ အချိန်မှီ ကုသမယ်ဆိုရင် Virus အကောင်ရေ သန်းနဲ.ချီရှိနေရာကနေ အကောင် ၅၀ အောက် ကို ၈ပတ်အတွင်းကျသွားပြီး ၆လကြာရင် Virus ကိုတောင် ရှာလို.မရတော့တဲ့အထိ နည်းသွားပါလိမ့်မယ်။ လုံးဝပျောက်သွားတာတော့မဟုတ်ဘူးနော်။ နည်းနည်းလေးပဲ ကျန်မယ်လို. ပြောတာ။


ကုရင်လည်း ရောဂါပိုး ကျန်နေသေး တာပဲ၊ မကုပဲထားလိုက် လည်း မထူးပါဘူး၊ လို.တော့မထင်နဲ.။ မကုလို. ကတော့ အနှေးနဲ. အမြန် သေမှာပဲ။ ဒီဇယားလေး ကို ကြည့်၊ ဒါကုသမှု မခံယူတဲ့ လူနာမှာ ဖြစ်ပျက် နေတဲ့ပုံ။ အပြာလိုင်း လေးက CD4+ cell တွေကိုပြပြီး အနီလိုင်းကတော့ viral load ကိုပြတာပါ။ ၆ ပတ်ကြာတဲ့ အချိန်မှာ CD4+ cell တွေ ကျသွားပြီး ၁၂ ပတ်လောက် အကြာမှာ နည်းနည်းစီ ပြန်တက် လာကြပါတယ်။ Viral Load လို.ခေါ်တဲ့ ပိုး အကောင်ရေက လည်း အစက လောက် မများပဲ ကျသွား လိုက်တာ ၁၂ပတ် အကြာမှာ ဟိုးအောက် ရောက်နေရော။ ဒီအခြေနေမှာ လူနာက အကောင်းကြီး ရှိသေးတယ်။ သူ.မှာ လက္ခဏာ မပေါ်သေးဘူး။ အဲဒီကနေ နောက် ၇နှစ် အထိ ရောဂါ လက္ခဏာဘာမှ မပြဘူး။ ဒီကြားထဲကအချိန် ကို အပိုင်း၁ မှာပြောခဲ့တဲ့ Window Period လို.ခေါ်တယ်။

ဒီ ၇နှစ် အတွင်းမှာ လက္ခဏာ မပေါ်ပေမယ့်၊ ပုံမှာ သတိထားမိလား? CD4+ cell ရေအတွက် တွေ တစ်ဖြည်းဖြည်း ထိုးဆင်းသွားတာကို။ ၇နှစ် နဲ. ၈ နှစ်ကြားမှာ Viral Load ပြန်တက်လာပြီး CD4+ ကတော့ ကျမြဲ ကျနေတဲ့ အတွက် အခြေအနေ သိပ် မကောင်းတော့ဘူး။ အဲဒီမှာ ရောဂါ လက္ခဏာတွေစပြလာပြီ။ နောက်ပိုင်းမှာ Viral Load က ပုံမှာ မြင်တဲ့အတိုင်း သိန်းနဲ. သန်းနဲ. ချီပြီး များလာပါတော့တယ်။ CD4+ ခမျာ ဘာမှတောင် ပြန်မလုပ်နိုင်၊ HIV က Immune System ဆိုတာရှိတယ် လို.တောင်မထင်ပဲ၊ သူထင်တိုင်းကြဲပါတော့တယ်။

၁၀နှစ်လောက် ကြာတော့ Oppotunistic Infection တွေဝင်လာရော။ AIDS ရောဂါ စစ်စစ် အခုမှ ဖြစ်တာလေ၊ Optunistic Infection ဆိုတာ ကျွန်တော် အပိုင်း-၁ မှာ ပြောခဲ့သလိုပါပဲ။ ကျွန်တော်တို. ပတ်ဝန်းကျင် မှာ ဘယ်နေရာမဆို ရောဂါပိုးမွှားတွေ ရှိနေကြတယ်။ ကျွန်တော်တို. ကိုယ်တိုင်ဒီပိုးမွှား တွေကို ရှုရှိုက်မိပေမယ့် ဘာမှမဖြစ်ဘူးဆိုတာ ခန္ဓာကိုယ်ရဲ. Immune System ရှိနေတဲ့အတွက် ကြောင့်မို.လို.ပါ။ အခုက Immune System က မရှိသလိုဖြစ်နေတော့ ဒီသာမန် ပိုးမွှားတွေက ၀င်ထွက်ပြီး ရောဂါပေးတော့တာပေါ့။


ရောဂါလက္ခဏာများ
Opptnistic Infections ဆိုတာ bacteria ကြောင့်ဖြစ်တာပါတယ်၊ fungus ကြောင့်ဖြစ်တာပါတယ်။ အခုကျွန်တော် ကိုယ်ခန္ဓာ နေရာအနှံ.ဖြစ်တတ်တဲ့ နေရာတွေကို တန်းစီဖော်ပြသွားမယ်။

ဦးနှောက်
ဦးနှောက် မှာ Toxoplasma (ကြောင် မှာနေတဲ့ bacteria) ကြောင့် လေဖြတ်နိုင်တယ် ၊
Herpes (ရေယုန် Virus) ကြောင့် အမြင်အာရုံချို.ယွင်းမယ်၊ ဦးနှောက်အမြှေးရောင်မယ်၊ တက်မယ်၊
Cryptococcus (ခိုမှာနေတဲ့ ကပ်ပါး) ကြောင့် စိတ်မမှန်ရောဂါဖြစ်နိုင်တယ်။

မျက်လုံး
မျက်လုံးက Retinitis ဆိုတဲ့ မြင်လွှာရောင်တာ ဖြစ်နိုင်တယ်။

အဆုတ်
အဆုတ်မှာ Pneumocystic carinii ဆိုတဲ့ အကောင်ကြောင့် Pneumocystic Pneumonia
Atypical mycobacteria ကြောင့် Secondary TB ရောဂါတွေ ဖြစ်မယ်။ TB ဟာ AIDS ဖြစ်တဲ့ လူအားလုံးနီးပါးမှာ ပြန်ဖြစ်လာတာကိုတွေ.ရပါတယ်။

အရေပြား
Herpes Virus ကြောင့် ရေယုန်ရောဂါ၊
HPV (Human Pappiloma Virus) ကြောင့် warts ဆိုတဲ့ ကြွက်နို.၊
Fungi ကြောင့် scabies ဆိုတဲ့ ၀ဲရောဂါ၊
Bacteria တစ်မျိုးကြောင့် Eczema ဆိုတဲ့ နှင်းခူဖြစ်မယ်၊
အရေပြား ကင်ဆာတွေဖြစ်မယ်။


ပုံမှာပြထားသလို Kaposi Sarcoma ဆိုတဲ့ ညိုပြာပြာ အကွက်တွေဖြစ်မယ်၊ ဒါကင်ဆာတစ်မျိုးပဲ။ အရေပြားမှာသာမက အစာလမ်းကြောင်းတွေ၊ အဆုတ်တွေပေါ်မှာလည်း ဒါဖြစ်နိုင်တယ်။

အစာလမ်းကြောင်း
Amoeba ကြောင့် ၀မ်းတွေအရမ်းသွားမယ်၊
Giadia အကောင်ကြောင့် အစာစုပ်ယူမှုနည်းပါးမယ်၊
Salmonella ၊ Shigella ကြောင့် ၀မ်းပျက်မယ်၊ အစာမျိုရခက်မယ်၊
Candida ကြောင့် oral thrush ဆိုတဲ့ ခံတွင်းထဲမှာ အဖြူအဖတ်တွေပေါ်လာမယ်။

အသည်း
အသည်းရောင် အသားဝါ Hepatitis ဖြစ်မယ်။


ရောဂါရှာဖွေပုံ
HIV ရောဂါပိုးဟာ အရမ်းသေးလွန်းလှတဲ့ အတွက် ရောဂါရှိမရှိ သွေးစစ်တဲ့အခါ ပိုးကိုရှိမရှိ လိုက်ရှာဖို. မလွယ်ကူပါဘူး။ ဒါကြောင့် ဘာကိုစစ်သလဲဆိုရင် Antibodies (မြန်မာလိုဆို ပဋိပစ္စည်းလို.ခေါ်တယ်)။ အဲဒါကို သွေးထဲမှာ စစ်တယ်။ HIV Antibodies တွေ.ရင် HIV Positive လို.သတ်မှတ်ပါတယ်။ Antibody ကို နည်းနှစ်နည်းနဲ.စစ်လို.ရပါတယ်။ တစ်နည်းက ELISA ( Enzyme Linked Immunosorbent Assay) ဖြစ်ပြီး နောက်တစ်နည်းက Western Blot ဆိုတဲ့နည်းပဲဖြစ်ပါတယ်။

ဒီလို antibody ကိုစစ်တဲ့ အခါမှာ ဥပမာ- လက်ကိုအပ်စူးပြီင်္းတာနဲ. ချက်ချင်းစစ်ရင် antibody မတွေ.နိုင်ပါဘူး။ ဘာလို.လဲဆိုတော့ antibody မထွက်သေးဘဲ အပေါ်မှာပြောခဲ့တဲ့ window period အချိန်ထဲကို ရောက်နေလို.ပါ။ Antibody ကရောဂါကူးစက်ပြီး ၃လ အကြာလောက်မှသွေးထဲမှာ စစ်လို.ရတာပါ။ ဒါကြောင့် ရောဂါကူးစက်ပြီးပြီးချင်း ရောဂါရှိမရှိ ချက်ချင်းမသိနိုင်ပါဘူး။

Anibody ကို အလွယ်နည်းနဲ.လည်းတချို.က စစ်ကြတယ်ဗျ။ အဲဒါကတော့ Test Kit နဲ.စစ်တာလေ။ ကိုယ်ဝန်ရှိမရှိစစ်တဲ့ အချောင်းလေးပုံစံမျိုးပဲ။ ဒါပေမယ့် ဖြေကသိပ်ယုံလို.မရဘူး။ False positive, False negative တွေထွက်တတ်လို.ပါ။ ပြောချင်တာက Test Kit က အချိန်တိုအတွင်းမှာ အဖြေသိ နိုင်တယ်။ ဒါပေမယ့် ဒါကိုချည်း အဖြေမှန်လို. မယူဆသင့်ဘူးလို.ပြောတာပါ။

HIV ပိုးကို electron microscope နဲ.ရှာလို.တော့ ရတယ်။ ဒါပေမယ့် ဒီနည်းကိုသိပ်မသုံးကြပါဘူး။ research လုပ်ဖို.အတွက်လောက်ပဲ သုံးကြပါတယ်။ Immunoflorescence နည်းကိုလည်းသုံးပြီး ရှာနိုင်ပါတယ်။ ဒီနည်းလမ်းတွေက ဓာတ်ခွဲခန်းတွေ၊ ဆေးရုံတွေမှာ အသုံးများတဲ့ နည်းတွေဖြစ်ပါတယ်။ တခြားသော နည်းတွေ လညှ်းရှိပါသေးတယ်။

မြန်မာနိုင်ငံအတွက် တိုက်ဖျက်ရမယ့် ရောဂါတွေမှာ AIDS ကထိပ်ဆုံးက ပါဝင်ပါတယ်။ ကမ္ဘာပေါ်မှာလည်း ပပျောက်ဖို. လိုအပ်နေတဲ့ ရောဂါပါ။ AIDS ရောဂါခံစားနေရတဲ့ လူနာတွေကိုလည်း ခင်မင်ကြည်ဖြူစွာ ဆက်ဆံသင့်ပါတယ်။ ဒါဟာလည်း အရေးကြီးပါတယ်။ ရောဂါဖြစ်ပြီဆိုတာနဲ. စိတ်ဓာတ်မကျအောင် ထိန်းထားနိုင်ဖို.လည်းလိုပါတယ်။ ရောဂါကူးစက်ခံရပြီး ဘယ်လောက် ကြာကြာ အသက်ဆက်ရှင်နိုင်မလဲ ဆိုတာ ကိုယ့်ရဲ.စိတ်ဓာတ် ကြံ.ခိုင်မှု ပေါ်မှာလည်း မူတည်ပါတယ်။

အမှာစကား
နိဂုံးအနေနဲ.ပြောရရင် HIV ပိုးဟာ အားလုံးသိတဲ့အတိုင်း ကြောက်စရာ အရမ်းကောင်းပါတယ်။ သေတာတောင် အသေလှလှမဟုတ်ဘဲ ရုပ်ပျက်ဆင်းပျက်သေရမှာ။ ပျောက်ကင်းအောင် ကုသဖို. ဆေးလည်း အခု အချိန်အထိ မရှိသေးပါဘူး။ ကိုယ့်ကို ကိုယ် မဖြစ်နိုင်ဘူးလို. အမြဲ မယုံကြည် ထားပါနဲ.။ အခန်.မသင့်ရင် ကိုယ်တောင် မသိလိုက်ပဲ ကူးသွားနိုင်လို.ပါ။ ဒါကြောင့် သတိထား နေထိုင်ဆင်ခြင် ကြဖို.လိုအပ်ပါတယ်…

ဒီအပတ်တော့ ဒီလောက်နဲ.ကျေနပ်နိုင်လိမ့်မယ်လို.ထင်ပါတယ်။ နောက်အပတ်တွေမှာတော့ အပတ်စဉ် မှန်မှန် ရေးတော့မှာဖြစ်လို. စောင့်မျှော် ဖတ်ရှု ပေးကြပါခင်ဗျာ။

ဆက်ဖတ်ရန်...(To Continue)

Friday, November 28, 2008

ခရီးထွက်ခြင်း


မ သေချာမှု့ ကလွဲရင် ငါ့ဘ၀မှာ
မ ရေရာမှု့ တွေ ချည်းပဲလို့ နားလည်တတ်ခဲ့တယ်...့ 
ရှုပ်ထွေးများပြားတဲ့
မာယာအတတ်တွေကို
ဘယ်ခေတ်တည်းက
လက်ဆင့်ကမ်းလိုက်သလဲ၊
တကယ်တော့......ငါတို့
မာယာတောမှာမောခဲ့ကြ
ခဏခဏဆိုသလိုပဲ....

ခွဲခဲ့ ခွာခဲ့ကြ
မာယာအနန္တနဲ့လူဖြစ်ခဲ့ကြ
မရနိုင်တော့တဲ့အတိတ်၊ နှိပ်စက်ကြရံဖန်ခါ
အိမ်မြောင်တစ်ကောင်ရဲ့ ဆာလောင်စွာ..................
အစာချောင်းရမှုတွေက ငါဆီကူးစက်လာရဲ့။
ငါလည်း အမှန်တရားတွေကိုဆာတယ်.......၊၊
သို့ပေသော်ငြား
ငါကားဦးမညွတ်...
အလျှင်းသင့်လွန်းစေဖို့ 
ငါလည်း မျက်နှာဖုံးလူသားတစ်ယောက်ဖြစ်ခဲ့တယ်....

ကံကိုသာယိုးမယ်ဖွဲ့ မထူးဟဲ့လို့လက်မှိုင်ချ
စိတ်ဓာတ်ကိုမကျပါစေနဲ့
အချိန်နဲ့သောကကိုရင်း
သစ္စာကိုလက်ကိုင်ပြုပါလို့
အားမာန်ကိုတင်း။
လူဆက်လုပ်ဖို့ 
အများကြီး ကျန်သေးတယ်...
သြော် ... ဆီင်္ဇာရေ
မင်းအတွက် ဘရုတပ်စ် က တစ်ယောက်တည်းနော်.... . . .

လမ်းကိုရှာ ကမ်းတွေပျောက်ရှ
ဗို့အားမပြည့်တဲ့ အလင်းနဲ့ ညတွေပဲ စုပုံ။
လက်ခုပ်နဲ့ ခပ်ယူလိုက်သော သမုဒ္ဒရာတောင်
လက်ချောင်းကြားက ယိုစိမ့်စီး....
နွေကန္တာခရောင်းလမ်း၊ ပန်းမခင်းထားလဲ
ကာကွယ်တွန်းလှန်
ကြံ့ကြံ့ခံရင်း
ဇွဲစိတ်တင်းမည်
သွေးတစက်နောက်ဆုံးကျန်သည်အထိ။

မှတ်ချက်... ကေသီပြောတဲ့ အားတက်စေဖို့ ရည်ရွယ်ထားပါတယ်... (အားလျော့သွားသလို ဖြစ်သွားရင် ဆောရီး :D )

ဆက်ဖတ်ရန်...(To Continue)

ကြက်တူရွေး နှင့် မိန်းမကြီး


တစ်နေ့သောအခါ မိန်းမကြီးတစ်ယောက်သည် မိမိနေအိမ်သို့ ပြန်ရာ လမ်းခုလပ်တွင် အိမ်မွေးတိရစ္ဆာန်ဆိုင်ကို ဖြတ်ကျော်ရလေသည်။

ထိုဆိုင်သို့ ဖြတ်ကျော်နေစဉ်အတွင်း ကြက်တူရွေးတစ်ကောင်သည် ထိုမိန်းမကြီးအား
(((( အင်မတန်ရုပ်ဆိုးလိုက်တာဗျာ ))))

မိန်းမကြီးခမျာ ဒေါသထွက်ပြီး ဆောင့်ကြီးအောင့်ကြီးနဲ့ ဖြတ်ကျော်သွားလေသည်။
နောက်နေ့တစ်ခါ ထပ်မံဖြတ်ကျော်ရပြန်သည်။ ထုံးစံအတိုင်းပင် ကြက်တူရေး သည်
(((( ရုပ်ဆိုးလိုက်တဲ့ မိန်းမကြီးဗျာ ... ))))

ထိုမိန်းမကြီး အကြီးအကျယ် ဒေါသထွက်လေတော့သည်။ ထိုအခါ ထိုမိန်းမကြီးသည် ဆိုင်ရှင်အား အကြိုးအကြောင်း ပြောပြပြီး နောက်တစ်ခါ ထပ်မံပြောမည် ဆိုပါက ကြက်တူရွေးကိုလည်း သတ်ပစ်မည်။ ဆိုင်ရှင်ကိုလည်း တရားစွဲမည် ဖြစ်ကြောင်း ပြောပြပြီး ဆိုင်မှ ထွက်ခွာသွားလေသည်။

နောက်နေ့တွင် ထိုမိန်းမကြီး ဆိုင်ရှေ့မှ ဖြတ်ကျော်မည် အပြုတွင်
ကြက်တူရွေး က ။ ။ ဟိုအမကြီး
မိန်းမကြီး ။ ။ ဘာတုန်း
ကြက်တူရွေး ။ ။ ဟဲ... ဟဲ.. ခင်ဗျားကို ကျုပ်ဘာပြောမယ်ဆိုတာ ခင်ဗျားသိပြီးသားပါ ....

:D

Source : mmcp

ဆက်ဖတ်ရန်...(To Continue)

Thursday, November 27, 2008

တိမ်တွေငို တဲ့ ကမ္ဘာ

ရိုးစင်းတဲ့ ရင်ခုန်သံ အောက်မှာ
မငြိုငြင်တဲ့ အပြုမှုတွေကြောင့်
မရိုးရှင်းတဲ့ ရင်ခုန်သံ ကို
ကျွန်းတစ်ခု အဖြစ် ဖန်းဆင်းခဲ့သူက
ငါ့ဘ၀ရဲ့ အချစ် နတ်ဘုရားတစ်ပါး ဖြစ်လာလိမ့်မယ်လို့
စိုးစဉ် မျှတွေးမထားခဲ့မိတာဟာ
အချစ်စစ်ခဲ့တာလား
အပြစ်ဖြစ်ခဲ့တာလား
ဆွံအံနေတဲ့ နှလုံးသားတစ်စုံကို
မင်းဝင်လို့ ခံစား ကြည့်စေချင်တယ်......

တကယ် ဆို အစွန့်ပစ်ခံ ပန်းတစ်ပွင့်မို့
စိုးရွံ့စွာ ရှက်နေမိတာ အမှန်ပါ......
ငါ့ကိုယ် ငါ အရွဲ့တိုက်လို့
ငါ့စိတ်ကို အမှောင်ချခဲ့ပေမယ့်
ရင်ခုန်သံတွေက တုန်လှုပ်နေဆဲပါ.....

ရင်ခုန်သံတွေ စည်းခြား
ကမ္ဘာတစ်ခု ကို စွန့်ခွာခဲ့ပေမယ့်
ငါ့နှလုံးအိမ်က
တိမ်တွေနဲ့ အတူလွင့်မျောကျန်ခဲ့မှန်း
ဘ၀ခြားမှသိခဲ့ရတယ်.....

ဆက်ဖတ်ရန်...(To Continue)

Wednesday, November 26, 2008

Comics(3) ဘိုဘိုပါဝင်သော လက်အိတ်

ဒီ အပတ် ကာတွန်း နံပါတ်(၃) ကိုတော့ ဘိုဘို ကာတွန်းကို ယခင် နံပါတ်(၂) အပြီးမှာ လူအများ တောင်းဆိုချက် အရ တင်ဆက်လိုက်ရပါတယ်။ နောက် အပတ် ကျရင် ပြာဂလောင် ပြာလချောင် (သို့) ရွှေအိ ရွှေဘုတ် ကို တင်ဆက် ပေးပါမယ်။ မဲပေးပြီး ဆန္ဒ ပေး နိုင်ပါတယ်။ တင်စေချင်သော ကာတွန်း နာမည်ကို ပြောခဲ့ပါ။










နောက်အပတ်ကျရင် ပြာဂလောင် ပြာလချောင် (သို့) ရွှေအိ ရွှေဘုတ် ကို တင်ဆက် ပေးပါမယ်။ မဲပေးပြီး ဆန္ဒပေး နိုင်ပါတယ်။ တင်စေ ချင်သော ကာတွန်း နာမည်ကို ပြောခဲ့ပါ။

ဆက်ဖတ်ရန်...(To Continue)

Tuesday, November 25, 2008

ဖွားဖွားတို့ကြိုက်တာက

တစ်ခါက ခရီးသည်တင် ဘတ်စ်ကား မောင်းသူ တစ်ယောက်ဟာ ကားစီးလုံးပြည့် အဖွားအို တစ်သိုက်နဲ့ အဝေးပြေး လမ်းမကြီးအတိုင်း မောင်းနှင်လာခဲ့ပါသတဲ့။ လမ်းခုလတ် တစ်နေရာ အရောက် နောက်ဖက်ခုံမှာ ထိုင်နေသူ ခပ်သေးသေး အဖွားအိုက သူ့ပုခုံးကို လက်တို့ပြီး "မောင်ရင်လေး မြေပဲ ကြိုက်တတ် လားကွယ့်" လို့ မေးလာပါတယ်။

ကားမောင်းသူကလဲ ရိုသေစွာ "ဟုတ်ကဲ့ အဖွား" လို့ ပြန်ဖြေလိုက်ပါသတဲ့။
အဲ့ဒီနောက် သူ့ပုခုံးကို ကျော်ပြီး လက်တစ်ခုပ်အပြည့် မြေပဲတွေ လာပေးတာပေါ့။
ကားမောင်းသူမှာ ကျေးဇူးတင် ၀မ်းသာစွာနဲ့ မြေပဲတွေကို စားလိုက်တယ်။

နောက် ၁၅မိနစ်လောက် အကြာမှာ သူ့ပုခုံးကို ကျော်ပြီး နောက်ထပ် မြေပဲ လက်တစ်ခုပ် ရောက်လာပြန်ရော။

အဖွားအိုက အဲ့ဒီနည်းအတိုင်း ၅ခါလောက် မြေပဲတွေ လာပေးနေလေသည်။ ကားမောင်းသူကလည်း အပြင်းပြေ မြေပဲလေး တမြုံ့မြုံ့နဲပေါ့။

နောက်တစ်ခါ သူ့ပုခုံးကို အဖွားအိုက လာတို့ ချိန်မှာတော့ မနေနိုင်ပဲ မေးမိပါသတဲ့။
"အဖွားခင်ဗျာ့၊ ၀ယ်လာတဲ့ မြေပဲတွေ ကိုယ့်ဘာသာ မစားပဲ ဘာကြောင့် ကျနော့်ကိုပဲ လာပေးနေတာလဲ ခင်ဗျာ" ဟု မေးလိုက်သည်။

အဖွားအိုကလည်း
"ဖွားဖွားတို့က မ၀ါးနိုင်ဘူးကွယ့် ဖွားဖွားတို့မှာ သွားမရှိဘူးလေ" ဟု ပြန်ဖြေလိုက်သည်။

စဉ်းစားရ ကြပ်သွားတဲ့ ကားမောင်းသူကလဲ ထပ်ပြီး မေးပြန်လေသည်။
"မစားနိုင်ပဲနဲ့များ ဘာလို့ ၀ယ်ခဲ့ရသလဲ အဖွားရယ်" ဟူ၍ဖြစ်သည်။

အဖွားအို ပြန်ဖြေလိုက်ပုံက
"ဖွားဖွားတို့က မြေပဲအပြင်မှာ ၀န်းရံထားတဲ့ ချောကလက်တွေကိုပဲ ကြိုက်တာလေ" ဟူသတည်း ..

:D


Source : mmcp

ဆက်ဖတ်ရန်...(To Continue)

ASK ME စားပွဲဝိုင်း (အမှတ် - ၆)


အခု ASK ME စားပွဲဝိုင်း ရဲ့ အမှတ် (၆) မှာ မေးခွန်း ၃ခုရဲ့ အဖြေကို ဖော်ပြသွားပါမယ်။ မေးခွန်း အသစ်တွေ ဆက်မေးချင်တယ် ဆိုရင်တော့ ဒီနေရာ ကို သွားပြီး မေးမြန်းနိုင်ပါတယ်။


ပညာရေး ဆိုင်ရာ မေးခွန်း

ထွန်းနိုင် ၏ မေးခွန်း
ဟုတ်ကဲ့။ အမေရိကန်ပညာရေး ပိုစ့်လေးဖတ်ပြီး မေးခွန်းလေး ပေါ်လာလို့မေးချင်တာပါ။ အမေရိကန်ပညာရေးနဲ့ မြန်မာပြည်က ပညာရေးနဲ့ဘာများ ကွာခြားပါသလဲ?
ဘာများကွာသလဲဆိုတော့ လက်ရှိ မြန်မာပြည်က ပညာရေးစနစ်က ရှေးဟောင်း အင်္ဂလိန် ပညာရေးစနစ်ကို အခြေခံ ထားပါတယ်။ လက်ရှိ အင်္ဂလန် စနစ်တော့ မဟုတ်ဘူးပေါ့။ မြန်မာပြည်က ပညာရေး အဆင့်တိုင်းမှာ ကျောင်းသား ကျောင်းသူတွေ အားလုံးကို စာတွေကို အလွတ်ကျက်စေပါတယ်။ စာတွေအားလုံးကို သေချာ နားလည်ထားဖို့ထက် အများစုဟာ စာတွေကို အလွတ်ကျက်မှတ်ပြီး စာမေးပွဲတွေကို ဖြေဆိုကြတယ်။ မေးလိုက်တဲ့ စာမေးပွဲတွေဟာလည်း အလွတ်ကျက်ထားလား မကျက်ထားလား မေးတဲ့ မေးခွန်းတွေ ဖြစ်တယ်။ တစ်ချို့ဆရာ ဆရာမတွေဆိုရင် သခ်ျာမှာ အဆင့်လေး တစ်ဆင့် ကျန်ခဲ့လို့ အမှတ်မပေးတော့ တာမျိုး ရှိပါတယ်။ ဒီလိုမျိုး လုပ်ဆောင်ချက်တွေဟာ မရှိသင့်ပါဘူး။ ပြီးတော့ မြန်မာပြည်မှာ အရည်အချင်း အမှန်တကယ် ပြည့်ဝတဲ့ ဆရာတွေ အများကြီးလိုပါတယ်။ အရည်အချင်းပြည့်ဝတဲ့ ဆရာ ဆရာမတွေကို အဓိက မွေးထုတ်ပေးဖို့ အရေးကြီးပါတယ်။ ဒါတွေ အားလုံးဟာ အမေရိကန်ပညာရေးမှာ ကွာခြားနေပါတယ်။ အမေရိကန်ပညာရေးရဲ့ အဓိက ရည်ရွယ်ချက်တစ်ခုအရ ကျောင်းသား တွေ အားလုံးကို Curiosity ဆိုတဲ့ စူးစမ်းလိုစိတ်ကို ဖြစ်ပေါ်လာစေ၇န် ငယ်စဉ်ချိန်ခါကထဲက ပြုစုပျိုးထောင်ပေးပါတယ်။ မြန်မာပြည်မှာတော့ နင်တို့ လျှာမရှည်ကြနဲ့စမ်း ဆိုတဲ့ ဆရာတွေ ဆရာမတွေက တစ်ပုံတစ်ခေါင်းပါ။ ကျောင်းသားတွေကို စူးစမ်းစေလိုစိတ်ကို အဓိက ဖြစ်ပေါ်စေပြီး အရာရာကို မိမိဘာသာ သေချာ သုံးသပ်စေလိုတဲ့ စနစ်က လက်တွေ့ဘ၀မှာ အများကြီး အထောက် အကူဖြစ်ပါတယ်။ စာမေးပွဲတွေ စစ်တဲ့ အချိန်မှာလည်း အလွတ်ကျက်ထားလား မကျက်ထားလားထက် ကျောင်းသား တစ်ယောက်က ဒီ သင်ခန်းစာအပေါ်မှာ ဘယ်အဆင့်ထိ နားလည် သဘောပေါက်သလဲ ဆိုတဲ့ နေရာကို အဓိက ထားပြီး စစ်ဆေးပါတယ်။ ဒီလိုမျိုးတွေ ရှိနေတော့ မြန်မာပြည်က စနစ်က လက်တွေ့ဘ၀မှာ ထိရောက်စေဖို့ ခက်ခဲ ပါတယ်။ မြန်မာပြည်မှာ ဆေးပညာကို ၅နှစ်တိတိ ဖတ်ခဲ့ပြီးတော့ ယူရီးယားမော်လီကျူးဖွဲ့စည်းပုံနဲ့ ရေရဲ့ မော်လီကျူးဖွဲ့စည်းပုံကို သေချာ မခွဲတတ်တဲ့ လူတွေလည်း အများကြီး ရှိပါတယ်။ ကျွန်တော်ပြောသွားတာတွေ အားလုံးက ကွာခြားချက် အနည်း အကျဉ်းပါ။ ဒီလို အားနည်းချက်တွေကို အောက်ခြေ အခြေခံစနစ်ကနေ သေသေချာချာ ပြုပြင် ဖွဲ့စည်းသင့်တယ်လို့ ယုံကြည်ပါတယ်။
Tea


နိုင်ငံရေးဆိုင်ရာ မေးခွန်း

Anonymous ၏ မေးခွန်း
this's for ask me စားပွဲဝိုင်း, is brain drain a problem for myanmar now?
ဒီမေးခွန်းက အရင်တစ်ခါက ကျွန်တော် ဖြေလိုက်တဲ့အဖြေ (ASK ME - 5) ထဲမှာ လက်ရှိမြန်မာပြည်မှာ ပညာရေးကင်းမဲ့နေလို့ လူတွေ ဒုက္ခရောက်နေရပါတယ် ဆိုတဲ့ အကြောင်းရယ်၊ ပြီးတော့ Brain Wash လုပ်ခံနေရတယ်ဆိုတဲ့ အကြောင်းကို မူတည်ပြီး မေးထားတဲ့ မေးခွန်းတစ်ခုပါ။ မြန်မာလို ရှင်းရှင်းပြောရရင် ဦးနှောက်ဆေးခံရခြင်းပေါ့။ အခု လက်ရှိတိုင်းပြည်ရဲ့ အခြေအနေက တော်တော်ဆိုးနေပါတယ်။ စစ်အစိုးရက ပညာရေးစနစ်ကြီးကို ချိုးဖျက်ထားတော့ နောင်လာမယ့် မျိုးဆက်သစ်တွေ မိမိကိုယ်ကို သေသေချာချာ စဉ်းစားတွေးခေါ်နိုင်ဖို့ အရေးကြီးပါတယ်။ အဘက်ဘက်ကနေ ထိန်းချုပ်ခံထားရတဲ့ ပညာရေး စနစ်အောက်မှာ အစစအရာရာ လွတ်လပ်မှုဆိုတာ မရှိပါဘူး။ နေရာပေါင်းစုံကနေ ထိန်းချုပ်ခံထားရတဲ့ Media (သတင်းစာ၊ ရုပ်မြင်သံကြား၊ ရေဒီယို) တွေ ကြားမှာ Brain Wash လုပ်ခံရဖို့ဆိုတာ အင်မတန်မှ လွယ်ကူပါတယ်။ တစ်ခုရှိတာက ကိစ္စမှန်သမျှကို စဉ်းစားချင့်ချိန်တတ်ဖို့ အရမ်း အရေးကြီးပါတယ်။ မေးခွန်းကို တိုက်ရိုက်ဖြေရမယ်ဆိုရင် ဒီပြဿနာက များလှစွာသော ပြဿနာတွေ ကြားထဲက တစ်ခုအပါအ၀င်ဖြစ်ပါတယ်။ တိုင်းပြည်က လျှောက်လှမ်းရမယ့် ခရီးရှည်ကြီးကို လျှောက်လှမ်းနေစဉ်မှာ ပြဿနာတွေ အများကြီး ကြုံလာမှာ အမှန်ပါ။ ဒီဟာတွေ ကြားထဲက ဒီလိုပြဿနာကလည်း အခြေခံကျတဲ့ ပြဿနာ တစ်ခုပါ။ နေရာတိုင်းမှာ လွတ်လပ်မှုဆိုတာ မရှိတော့ ဒီလိုမျိုးပြဿနာက ပေါ်လာမှာ မလွဲမသွေပါ။ ဒီလို ပြဿနာတွေကို ဖြေရှင်းဖို့ ပညာရေးနဲ့ မီဒီယာနဲ့ ဖြေရှင်းမှသာ ထိရောက်မှု ရှိမယ်လို့ ထင်ပါတယ်။
Tea


General မေးခွန်း

tattlu ၏ မေးခွန်း
ကျွန်တော့်အိမ်ဝိုင်းတော်သားများ အားလုံး မင်္ဂလာပါဗျာ။ ကျွန်တော်မသိတာလေးလည်း တစ်ခုမေးရဦးမယ်။ အင်တာနက်မှာ မြန်မာစာလုံးပေါင်း သတ်ပုံကျမ်းတို့၊ မြန်မာစာ သဒါဆိုင်ရာတွေ လေ့လာဖို့ပြုစုပြီး တင်ထားတာလေး များရှိရင် အညွှန်းလေး တဆိတ်လောက် ဖြေကြားပေးပါဦးဗျ။
www.myanmarcupid.net ဖိုရမ်ကို အကြံပေးပါရစေ။ တခြား နေရာတွေမှာလည်း တစ်ခါမှ မတွေ့ဖူးဘူးလေ။ မြန်မာကရုဘစ်မှာတော့ ရှိလိမ့်မယ်လို့ ထင်ပါတယ်။ ကျွန်တော် အရင်တုန်းကလည်း ကရုဘစ်ကနေ တစ်ဆင့် သတ်ပုံကျမ်းတွေ လေ့လာဖူးပါတယ်။
Tea


အားလုံးကို လေးစားလျှက်
www.myhome16.com



ဆက်ဖတ်ရန်...(To Continue)