Photobucket

Sunday, June 15, 2008

ဇွန် ၁၅ - Bay Area Cyclone Releif ဈေးရောင်းပွဲ

ဟုတ်ကဲ့ ဒီနေ့ ကျွန်တော် San Bruno ထိ ဆင်းသွားပြီး မုန်တိုင်း အတွက် ဈေးရောင်းပွဲကို သွားလုပ်အား ပေးခဲ့ပါသည်။ တစ်နိုင် တစ်ပိုင် ပေါ့ဗျာ။ ဟိုး မိုးလင်းခထဲက - အစောကြီး ၇ နာရီ ခွဲ လောက်ကထဲက သွားပြီး ခင်းကျင်းမှုတွေ ပြင်ဆင်မှုတွေ အားလုံးကို လုပ်အား သွားပေးခဲ့ပါသည်။ ပြီးတော့ ဈေးတွေလည်း ကူရောင်းလာပါသည်။ မုန့်တွေလည်း ၀ယ်စားလာပြီး လှူလာခဲ့ပါသည်။ ကျွန်တော် အရင်ရက်တုန်းက အဲ့ဒီ ပွဲ အကြောင်းကို Flyer တစ်ခု ပြဖူးပါသည်။

ဒီနေ့ မုန်တိုင်း အတွက် ရည်စူးပြီး Bay Area တစ်ခုလုံးမှာ ရှိသည့် ၅၀လောက်က စုစည်းပြီး ဦးဆောင် ပြုလုပ်ခဲ့သည့် ပွဲတစ်ပွဲဖြစ်ပါသည်။ အဖွဲ့ အစည်းတွေ ဆိုတာက BADA တို့ BAWA တို့၊ ဆရာဝန်များ အသင်းတို့၊ ကျောင်းသား အသင်းတွေ အစရှိသဖြင့်ပေါ့ဗျာ။ ဖျော်ဖြေရေးး အစီအစဉ်တွေ များစွာနှင့် တကွ စင်မြင့်ကြီးပေါ် မှာ တင်ဆက်ခဲ့ပါသည်။ အဖွဲ့တွေ အများကြီးကလည်း တဲအိမ်များ ကိုယ်စီ ကိုယ်စီဖြင့် ရောင်းချခဲ့ပါသည်။ စုစုပေါင်း အစားအသောက် အမျိုးပေါင်း လေးဆယ် ငါးဆယ် နီးပါး ဖြင့် စုံလင် ခမ်းနားစွာ ရောင်းချခဲ့ပါသည်။ (ကျွန်တော်ကတော့ ၆မျိုးလောက် စားလာပြီး ဖာလူဒါသောက်လာသည်။)

ဈေးရောင်းပွဲကတော့ လက်မှတ်များဖြင့် ရောင်းချတာ ဖြစ်ပါသည်။ ပိုက်ဆံများကို လည်း လက်ခံပါသည်။ တစ်ပွဲကို ၃ဒေါ်လာ (သို့) ၅ဒေါ်လာ ဖြင့် ရောင်းချသွားခဲ့ပါသည်။ စုစုပေါင်း လက်မှတ်များ ဒေါ်လာ ၁သိန်းကျော်ဖိုး ရောင်းချခဲ့ပါသည်။ ပိုက်ဆံများ ထည့်ပေါင်း လိုက်လျှင် ဒီထက်မက များလာပါလိမ့်မည်။ အားလုံးကို မုန်တိုင်း အတွက် Bay Area Family အနေဖြင့် လှူသွားမည် ဖြစ်ပါသည်။ ကျွန်တော်ကတော့ ဗိုက်ပြဲအောင် ၀ယ်ယူ အားပေး စားသောက်ခဲ့ပါသည်။ ပြီးတော့ အိမ်ကိုလည်း ပါဆယ် ထုပ်လာပါသေးသည်။ :) ဒီနေ့တော့ အစား အသောက် ဓာတ်ပုံတွေ သိပ်မရိုက်ခဲ့ပါဘူး။ လုပ်အားပေးအနေနဲ့ သွားတာမို့လို့ အလုပ်တွေ ရှုပ်ခဲ့လို့ပါ။

ရှိတဲ့ ဓာတ်ပုံလေး တွေတော့ ပြန် ဝေမျှလိုက်ပါဦးမယ်။

- - - - - - - - - - - - - - - - - - - - - - - - - - - - - - - -
ဓာတ်ပုံများ
- - - - - - - - - - - - - - - - - - - - - - - - - - - - - - - -

ဒီအောက်က တော့ ကျွန်တော် ဒီနေ့ ၀ယ် ၀တ်လာခဲ့သည့် မုန်တိုင်း အတွက် တီရှပ်ပါ။ ၁၅ဒေါ်လာ ပေးရပါသည်။ ရှေ့ဘက်မှာ Help Burma နှင့် Cyclone Victim ဆိုတဲ့ စာလုံးတွေကို ပုံတွေ နှင့် အတူ ဖော်ပြထားပါသည်။ နောက်ဘက်မှာတော့ Proud Supporter of Cyclone Victim in Burma ဆိုတဲ့ စာတန်းကို ထိုးထားပါသည်။ အမှတ်တရ အနေနှင့် ၀ယ်ယူ ၀တ်ဆင်ခဲ့ပါသည်။ အားလုံးက လှူမည့် ပိုက်ဆံဆိုတော့ ၀ယ်ဝတ်ခဲ့တာ ဖြစ်ပါသည်။

- - - - - - - - - - - - - - - - - - - - - - - - - - - - - - - -

ဒီအောက်ကတော့

လက်မှတ်တွေပါ။ လက်မှတ်က နှစ်မျိုးရှိပါတယ်။ 5$ တန် နှင့် 1$ တန်တို့ ဖြစ်ပါတယ်။ အပြာရောင် နှင့် အစိမ်းရောင် နှစ်ခု ခွဲထားပြီး ၀ယ်ယူနိုင်ပါတယ်။ အောက်ကတော့ ၅ဒေါ်လာတန် အပြာရောင် လက်မှတ်တွေ ဖြစ်ပါသည်။ (ကျွန်တော် နှင့် ကျွန်တော့် သူငယ်ချင်း လက်မှတ်များအား နားနေခန်းရှိ စားပွဲပေါ်တွင် စုပြီး ဓာတ်ပုံရိုက် ထားခြင်း ဖြစ်ပါသည်။)

- - - - - - - - - - - - - - - - - - - - - - - - - - - - - - - -

ဒီအောက်ကတော့ မနက် လုပ်အားပေး ပြုလုပ် နေဆဲ အချိန် ပွဲမစခင်တွင် တစ်ဝက်အောက်ချ ထားသော မြန်မာ နိုင်ငံတော် အလံကို ရိုက်ခဲ့တာပါ။ မုန်တိုင်းကြောင့် သေဆုံးသွားသူများ၊ ဒုက္ခသည် များ နှင့် ဆုံးရှုံးမှု ပေါင်း များစွာကို ရည်စူးကာ တစ်ဝက် နှိမ့်ချထားခြင်း ဖြစ်ပါသည်။

- - - - - - - - - - - - - - - - - - - - - - - - - - - - - - - -

ဒီအောက်ကလည်း ခုနက အလံတော်ကို ပွဲအလည် မှာတုန်းက ရိုက်ကူးခဲ့ခြင်း ဖြစ်သည်။ ယနေ့ပွဲသို့ ဤပုံထဲရှိ လူများ၏ နှစ်ဆကျော်လောက် လာရောက် အားပေးခဲ့ပါသည်။ စုစုပေါင်း လူ သုံးထောင်ကျော် ရှိပါသည်။

- - - - - - - - - - - - - - - - - - - - - - - - - - - - - - - -

ဒါကတော့ Quiet Time ဖြစ်ပါသည်။ အဲ့ဒီ အချိန် တစ်မိနစ် အတွင်းမှာ ကွင်းတစ်ကွင်း လုံးရှိ လူများ အားလုံးက ငြိမ်သက် တိတ်ဆိတ်စွာ မတ်တတ်ရပ်ပြီး မုန်တိုင်းကြောင့် ကျဆုံးသူများ နှင့် တကွ ဆုံးရှုံးမှုများကို ရည်စူးပြီး ၀မ်းနည်း ကြေကွဲမှုများကို ဖော်ပြခဲ့ပါသည်။

- - - - - - - - - - - - - - - - - - - - - - - - - - - - - - - -

ဒါကတော့ စင်မြင့်ပေါ်မှာ နိုင်ငံကျော် အဆိုတော် ဒေါ်မာမာအေးမှ သီချင်းဆိုပြီး သူု့ပရိသတ်များကို ဂါရ၀ပြုနေခြင်း ဖြစ်ပါသည်။


- - - - - - - - - - - - - - - - - - - - - - - - - - - - - - - -

ဒါကတော့ Westmoor High မှ ကျောင်းသား ကျောင်းသူများက တိုင်းရင်းသား ရိုးရာ ၀တ်စုံများကို ၀တ်ဆင်ပြီး အလှ ပြသည့် ဖျော်ဖြေတင်ဆက်မှု တစ်ခု ဖြစ်ပါသည်။



- - - - - - - - - - - - - - - - - - - - - - - - - - - - - - - -
ကချင် လူမျိုး တစ်ခုက ကချင်တိုင်းရင်းသား အကများနှင့် လည်း ဖျော်ဖြေတင်ဆက် ခဲ့ပါသည်။ (တစ်ခြား တင်ဆက်မှုတွေတော့ ဓာတ်ပုံရိုက်ဖို့ မမှီလိုက်ပါ။ ကျွန်တော် ဈေးကူရောင်းနေ သောကြောင့် ဖြစ်ပါသည်။ များလှစွာသော တင်ဆက်မှုများဖြင့် ယနေ့ပွဲကို ကျင်းပခဲ့ခြင်း ဖြစ်ပါသည်။)


- - - - - - - - - - - - - - - - - - - - - - - - - - - - - - - -

ဘာရယ်ညာရယ် မဟုတ်ပါဘူး။ ကွင်းထဲမှ လျှောက်ရိုက်လိုက်တာပါ။

- - - - - - - - - - - - - - - - - - - - - - - - - - - - - - - -

အခုလိုမျိုး အဖွဲ့ တစ်ဖွဲ့လျှင် တဲအိမ် တစ်လုံး ကိုယ်စီဖြင့် တဲအိမ်ပေါင်း များစွာဖြင့် အမျိုးအမည်ပေါင်း များစွာကို ရောင်းချခဲ့ခြင်း ဖြစ်ပါသည်။ တဲထိပ်ပိုင်းတွေမှာ ဆိုင်းဘုတ်များဖြင့် ရောင်းသည့် အမျိုးအမည်များကို တပ်ထားကြပါသည်။

- - - - - - - - - - - - - - - - - - - - - - - - - - - - - - - -

ဒါကတော့ အချိုပွဲတွေ ရောင်းသည့် တဲအောက်က မုန့်တစ်ချို့ပါ။ လှလို့ ဖြတ်သွားရင်း လှမ်းရိုက်လိုက်တာပါ။ ဒီနေ့ အလုပ်တွေ ရှုပ်တာ အချိုပွဲတောင် စားဖို့ မေ့သွားပါသည်။ ပြန်သွားစားရင် ကောင်းမလားလို့ စဉ်းစားနေတာ။ ဟဲဟဲ။


- - - - - - - - - - - - - - - - - - - - - - - - - - - - - - - -

ဒါကတော့ ချဉ်ပေါင်ကြော်၊ သရက်သီးသနပ်၊ ငါးပိကြော်၊ ငါးရုတ်သီးကြော်၊ မုန်လာဥ ချဉ် များကို ဘူးကလေး များဖြင့် ထည့်သွင်း ရောင်းချနေတာ တွေ့လို့ လှမ်းရိုက်လိုက်တာ ဖြစ်ပါသည်။ ချဉ်ပေါင်ကြော်တောင် ၀ယ်လာသေးတယ်။ :)

- - - - - - - - - - - - - - - - - - - - - - - - - - - - - - - -

ဒါက ပွဲမစ ခင် ကျွန်တော်တို့ လုပ်အားပေးတုန်း စင်မြင့်ရှေ့မှ မြင်ကွင်း တစ်ခု ဖြစ်ပါသည်။

- - - - - - - - - - - - - - - - - - - - - - - - - - - - - - - -

တဲအိမ်တွေကို ဆောက်လုပ် တုန်းက ကြုံတုန်း လှမ်းရိုက်လိုက်တာပါ။ တဲတွေက အလွယ်တကူ သယ်သွားလို့ ရတယ်လေ။ အဲ့ဒီ လို ဖြန့်ပြီး တစ်ခုကို ၁၀မိနစ် လောက် ပြင်ဆင် အမိုးတင်ပြီးတော့ လုပ်တော့ အပေါ်က တဲတွေလို ဖြစ်သွားရော။

- - - - - - - - - - - - - - - - - - - - - - - - - - - - - - - -

လုပ်အားပေးတွေ တစ်မနက်လုံး ပွဲမစခင် အလုပ်တွေ ရှုပ်နေကြတာပါ။ အပေါ်က စင်ဆိုရင် အဲ့ဒီတုန်းက အခုလို ပြင်တုန်း ဆင်တုန်း ရှိပါသည်။ လုပ်အားပေး များစွာက ပွဲမစခင်မှာ ကြိုတင်ပြင်ဆင်ခဲ့ရတာပါ။ IC ရဲ့ အကြင်နာနဲ့ ဖေးကူပါ၊ ပြီးတော့ တို့ချစ်တဲ့ကလေးတွေ၊ အစရှိသည့် သီချင်းများ သံစဉ်များ ကြားတွင် ကျွန်တော်တို့ တတွေ တက်ကြွစွာ ကူညီခဲ့ပါသည်။

- - - - - - - - - - - - - - - - - - - - - - - - - - - - - - - -

မုန်တိုင်း အတွက် ဆုတောင်းလျှက် ...
ဖြစ်ပျက်ပြီးဆုံးသွားသော ဆုံးရှုံးမှုများအား စိတ်မကောင်းစွာဖြင့် ...
သေဆုံးသွားသော လူများအား ဆုတောင်းပေးလျှက် ...
လက်ရှိ ဒုက္ခရောက်နေသော ဒုက္ခသည်များ အမြန်ဆုံး အဆင်ပြေနိုင်ပါစေဟု ရည်ရွယ်၇င်း ...

ဝမ်းနည်းမှုများစွာဖြင့်
Tea

1 comment:

Anonymous said...

ကိုတီးရေ တီးလာသောက်တာ အချိုပွဲပါတွေ့လို့ မုတ်ဆိတ်ပြားဆွဲသဟဆိုပြီး ယူစားလိုက်တယ်ဗျို့ အလှူငွေတော့ ဘယ်ထည့်ရမယ်မသိတာနဲ့ နောက်ကြုံမှ များများထည့်မယ်နော့.. ဟီးးးး… ဓါတ်ပုံတွေကြည့်ပြီး တကယ်ရောက်နေသလို ခံစားရသဗျို့.. ကောင်းလေစွကောင်းလေစွ.. တစ်မိနစ်ငြိမ်ရင်း သာဓုခေါ်လိုက်ပါတယ်ဗျာ… (ကိုရင်နော်)