Photobucket

Tuesday, December 9, 2008

DWTS Live Show Dances



ဒီတစ်ပါတ်တော့ အမေရိကားမှာ တနလာင်္နေ့တိုင်း လူကြည့်အများဆုံး TV show ဖြစ်တဲ့ Dancing with the Stars (ကြယ်စင်များနှင့် ကခုန်ခြင်း)က အကတွေကို share ချင်ပါတယ်။ Dancing with the Stars အကြောင်းကို နွေတုန်းက တစ်ခါရေးဖူးပါတယ်။ အဲဒီ ရှိုးအကြောင်း အသေးစိတ်သိချင်ရင်တော့ ဒီကိုသာ နှိပ်လိုက်ပါတော့။ ပြန်ရေးရင် ပို့စ်တွေ ရှည်နေမယ်လေ။
DWTS က နှစ်ရက်ပြတာပါ။ တနလာင်္နေ့မှာ စုံတွဲတွေကပြီး အင်္ဂါနေ့ Result show ကျရင် အကစုံတွဲတစ်တွဲစီဖြုတ်တာပါ။ Result Show နေ့ကျရင်တော့ ဒီနေ့ခေတ်မှာ နာမည်ကြီးနေတဲ့ အဆိုတော်တွေ၊ မင်းသမီး၊ မင်းသားတွေက သီချင်းလာဆိုပါတယ်။ အဲ… သူတို့သီချင်းဆိုရင်တော့ Dancing with the Stars ရှိုးက professional dancer တွေ ကပါတယ်။ အဲဒီvideoတွေ ကို share ချင်တာပါ။ လာဆိုတာတွေကတော့ အများကြီးပဲ။ ပေဖူးကတော့ ဗမာပရိသတ်သိလောက်မဲ့ အဆိုတော်ငါးယောက်ကို ရွေးထားပါတယ်။

Jennifer Lopez – Let’s Get Loud
ဂျေလိုလို့ လူသိများတဲ့ အဆိုတော်မင်းသမီး Jennifer Lopez ကိုတော့ မသိတဲ့သူ မရှိလောက်ဖူးလို့ ထင်ပါတယ်။ J-lo ဆိုတာနဲ့ သူ့ရဲ့ နာမည်ကြီးသီချင်း Let’s get Loud ကို ပြေးသတိရမှာပေါ့နော်။ ဗမာအဆိုတော် တင့်တင့်ထွန်းကတောင် “နည်းနည်းလောက်”ဆိုပြီး ပြန်ဆိုထားသေးတယ်။ အဲဒီသီချင်းကိုပဲ DWTS result show မှာ ပြန်ဆိုသွားတာပါ။ ရှေ့မှာ dancer တွေနဲ့ ဆိုတော့ မြိုင်မြိုင်ဆိုင်ဆိုင် မြူးမြူးကြွကြွပါပဲ။ ကသွားတဲ့ အကတွေကတော့ Latin အဓိကပေါ့နော်။ Cha Cha အကအများဆုံးပါပဲ။ ပြောနေကြာတယ်။ ကြည့်လိုက်ကြစို့။



Mandy – Barry Manilow
Westlife အဖွဲ့ကို နှစ်သက်ကြတဲ့ စာဖတ်ပရိသတ်များအားလုံး Mandy သီချင်းကို သိကြမှာပါ။ တကယ်ကတော့ Westlife က ပြန်ဆိုထားတာပါ။ မူရင်းအဆိုရှင်ကတော့ Barry Manilow ပေါ့။ ဒီသီချင်းမှာ ကသွားတဲ့ professional dancer နှစ်ယောက်က Jonathan နဲ့ Anna လို့ သိရပါတယ်။ သူတို့နှစ်ယောက်က အပြင်မှာလဲ တကယ်လက်ထပ်ထားတာပါ။ ကသွားတာကတော့ Foxtrot style ပါ။ Foxtrot အကအကြောင်းကို America Ballroom Challenge မှာ ရေးဖူးပါတယ်။ ဒီမှာလဲ လင့်ခ်ပြန်ချိတ်ပေးထားပါတယ်။
များသောအားဖြင့် DWTS ရှိုးမှာက အဆိုရှင်ကို ပထမတစ်ပိုဒ်အသားပေးပါတယ်။ chorus ပြီးလို့ နောက်တစ်ပိုဒ်ကျမှ အကသမားတွေ ၀င်တာပေါ့။ ဒီအကကတော့ နူးညံ့မှုကို ခံစားရတယ် ပြောရမှာပေါ့။ ကောင်မလေး Anna ရဲ့ မျက်နှာမှာ ချစ်တဲ့သူနဲ့ က,ရလို့ ပြုံးနေတဲ့ မျက်နှာကို အထင်းသား မြင်ရမှာပါ။ အားကျစရာ…… :P


Everyday – Rascal Flatts
Rascal Flatts ဆိုတာ နာမည်ကြီး Country Music အဖွဲ့တစ်ခုပါ။ ကန်းထရီးဂီတကို နှစ်သက်တဲ့သူတိုင်း Rascal Flatts ကို ကြိုက်ကြပါတယ်။ ပေဖူးကတော့ Life is A Highway ဆိုတဲ့ သီချင်းကို တော်တော်နှစ်သက်ပါတယ်။
အကအကြောင်းပြန်လှည့်ရင်တော့ Dancing with the Stars ရဲ့ အသည်းစွဲ Season 4 Champion Apolo နဲ့ Julianne ပါ။ သူတို့ episode 100 မှာ ပြန်လာက ပေးတာပါ။ ကသွားတာကတော့ Viennese Waltz လို့ ထင်ရပါတယ်။ American Ballroom Challenge မှာ ဒီအကအကြောင်းကို ရေးဖူးပါတယ်။ သိချင်ရင် ပြန်သွားကြည့်လိုက်နော်။ ဒီ Viennese Waltz ကတော့ ရှေးရိုးသိပ်မဆန်ပါဘူး။ Lift တွေ အများကြီးပါတဲ့ show dance တစ်ခုပေါ့။


Esa Morena - Ozomatli
ဒါကတော့ အမေရိကားမှာ နာမည်ကြီးတဲ့ အဖွဲ့တစ်ဖွဲ့ပါ။ Grammy ဆုတွေ တစ်သီကြီးရတဲ့ အဖွဲ့တစ်ဖွဲ့ပေါ့။ ဒီသီချင်းကတော့ စပိန်ဘာသာစကားနဲ့ဆိုသွားတာပါ။ ကသွားတဲ့ အကကတော့ Samba ပါ။ ဒီလက်တင်အကတွေအကြောင်းကို နောက်အချိန်တော့မှပဲ တသီကြီးရေးဦးမယ်။ ဒီအကမှာတော့ အတွဲတွေလဲက သွားတာကို ကြိုက်တယ်။ နောက်သီချင်းမြန်လာတာနဲ့ အကမြန်လာတာကိုလဲ ကြိုက်တယ်။


It’s complicated – Avril Lavinge
Avril Lavinge ဆိုတာကတော့ မစိမ်းတဲ့ အဆိုတော်တစ်ယောက်ပေါ့။ သူလဲ လာဆိုသွားတာပဲ။ အက ကလဲ ရေလည်မိုက်တယ်နော်။ ကသွားတဲ့ အကကတော့ လက်တင် သိပ်မဆန်ပါဘူး။ but the lifts are amazing! :)


ပျော်ရွှင်ကြပါစေ။
ပေဖူးလွှာ

No comments: