Photobucket

Friday, February 13, 2009

မှတ်ထားလိုက်စမ်းပါ


ငယ်ငယ်ကတော့ ကျောင်းမှာ ဗိုလ်ချုပ်ကဗျာလေး ကို ရွတ်ရတယ်။
"ဖေဖော်ဝါရီ တစ်ဆယ့်သုံးမှာ
ဗိုလ်ချုပ် မွေးနေ့ပါ
တစ်ထောင့်ကိုးရာ တစ်ဆယ့်ငါး
ရှေ့နေ ဦးဖာသား
ဇာတိနတ်မောက် မကွေးခရိုင်
သိကြများ ခုတိုင်
ကြံ့ကြံ့ခိုင်တဲ့ ဇာနည်ဘွား
မိခင် ဒေါ်စုသား ...
တစ်ထောင့်ကိုးရာ လေးဆယ့်ခွန်
ပြောင်းကြွ တမလွန်
မျက်ရည်သွန်လို့ ဘ၀င်ညှိုး
ဇူလိုင် တစ်ဆယ့်ကိုး"
ဒါပေမယ့် အခု ဒီကဗျာကို ကျောင်းတွေမှာ မသင်ရတော့ဘူး။ ကျွန်တော်တော့ တိုင်းပြည်ရဲ့ ပညာရေးကို အရမ်း စိတ်ပူမိတယ်။ ပညာရေးဆိုတာ တိုင်းပြည် တစ်ခုရဲ့ အခြေခံ အုတ်မြစ်တစ်ခု ဆိုလည်း ဘယ်မှားလိမ့်မလဲ။ ဒါပေမယ့် လက်ရှိ ကျင့်သုံးနေတဲ့ ပညာရေး စနစ်ကြီးမှာ ဖုံးကွယ်ထားတဲ့ အမှန်တရားတွေမှ အများကြီးပဲ။ နောင်လာ နောင်သားတွေ သိသင့် သိထိုက်တဲ့ အချက်တွေ အားလုံးကို ဖိနှိပ်ထားတယ်။ ကျွန်တော်တို့တတွေ အတတ်နိုင်ဆုံး လူတွေကို ပညာပေးဖို့ လိုအပ်တယ်။ ပါးစပ်က ပိတ်မထားပါနဲ့။ မသိရင်မေးပါ၊ မတတ်ရင် သင်ပါ။ နားမလည်ရင် နားလည်အောင် လုပ်ပါ။ "မသိ၊ မနားလည်၊ မတတ်" တဲ့ လူတွေကိုလည်း အထင်မသေးပါနဲ့။ သူတို့တတွေကို သိသွား၊ နားလည်သွား၊ တတ်သွား အောင် ကူညီပါ။

ဒီနေ့က ဖေဖော်ဝါရီ တစ်ဆယ့်သုံး၊ ကျွန်တော်တို့တတွေ အားလုံး ချစ်ခင် လေးစားကြတဲ့ မျိုးချစ် ဇာနည်ကောင်း တစ်ဦးကို မွေးဖွားပေးခဲ့တဲ့ နေ့မြတ်တစ်ရက်။ တိုင်းသူပြည်သား တွေအပေါ်မှာ ဖခင်တစ်ဦးသဖွယ် သွန်သင်ခဲ့တယ်။ အားထုတ်ခဲ့တယ်။ ပညာတွေ ပေးခဲ့တယ်။ တစ်ချိန်က ခေါင်းဆောင်ကောင်း တစ်ဦး။ ယခုအချိန်ထိလည်း အားလုံးက လေးစားနေကြဆဲ ဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်း ....

တစ်ချိန်ကတော့ ဗိုလ်ချုပ်အောင်ဆန်းက ထိပ်ကနေ ဦးဆောင်ပြီး လွတ်လပ်ရေးအတွက် ကြိုးပမ်းခဲ့တယ်။ ကျွန်တော်ထင်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း လို့ ပြောလိုက်ကြရင် လူတွေက "အခုအချိန်မှာ ဗိုလ်ချုပ်ရှိနေရင် သိပ်ကောင်းမှာပဲ" "ဗိုလ်ချုပ်သာ အခုရှိနေခဲ့ရင် အသက် ၉၄နှစ် ရှိပြီ" "သူသာ ရှိနေခဲ့ရင် ဒီနေ့ ဒီလိုတွေ ဖြစ်နေမှာ မဟုတ်ဘူး" ဆိုတဲ့ အတွေးတွေကို တွေးတတ်ကြတယ်။ လက်ရှိ အခြေအနေမှာ ညီညွတ်ခြင်းနဲ့ စည်းလုံးခြင်းတွေက အပေါ်ယံ လှုပ်ရှားမှုတွေထက် ပိုပြီး အရေးကြီးနေတယ်။ တစ်ချိန်ထဲမှာပဲ လူတွေရဲ့ စိတ်ထဲမှာ အားထားရမယ့် ခေါင်းဆောင် တစ်ဦး လိုအပ်နေတယ်။ ဒါပေမယ့် အခုအခြေအနေမျိုးမှာ ဗိုလ်ချုပ်ကို "တ" နေရုံနဲ့ မဖြစ်သေးဘူး။ ခေါင်းဆောင်လို့ ပြောလိုက်ပြန်ရင်လည်း လူတွေက ဒေါ်အောင်ဆန်းစုကြည် ကို "တ" မိပြန်တယ်။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က အားလုံးကို "အဆိုးဆုံး အတွက် ပြင်ဆင်ထား" လို့ ပြောခဲ့ဖူးတယ်။ တစ်ဖက်က တွေးကြည့်ရင်လည်း ဘယ်သူတွေ ရှိသေးသနည်း။ ခေါင်းဆောင်မရှိ အခြေအနေကို ရောက်နေပြီလော။ ဒါကို ပြောရင် လူတွေက ပြောကြပြန်ဦးမည်။ "လူတိုင်းက ခေါင်းဆောင်ပင် မဟုတ်ပေလော" ဆိုတဲ့ ဆင်ခြေ ဆင်လက်တွေ ပေးပါလိမ့်မည်။ ဒါပေမယ့် "ခေါင်း" ဆိုတဲ့ အရာ မျိုးက လိုအပ်တဲ့ အရာတစ်ခု ဖြစ်တယ်။ "ခေါင်း" မရှိရင် တစ်ခါတစ်ခါ လုပ်သမျှဟာ လွဲနေ တတ်တယ်။ အားလုံးကို ဒါဟေ့ ဟိုဟာဟေ့ ဆိုပြီး ထိပ်ဆုံးကနေ တစ်တိုင်းပြည်လုံးကို ဦး "ဆောင်" လမ်းပြ နိုင်ရမည့် အပြင် ကိုယ်ကိုယ်တိုင် ကလည်း အနစ်နာခံပြီး အုပ်ချုပ်နိုင်ရမယ်။ လက်ရှိတော့ ဒီလို လူမျိုး၊ "ဗိုလ်ချုပ်" လို လူမျိုး မရှိသေးဘူး ဆိုတာ အားလုံးရဲ့ စိတ်ထဲမှာလည်း အိမ်မက်ဆိုးကြီး တစ်ခုလို ခြောက်လန့်နေတယ်။

တစ်ဖက်ကလည်း ရန်သူက ပြင်ဆင်မှုတွေ အများကြီး ရှိထားတယ်။ အားလုံးတော့ သိချင်မှလည်း သိလိမ့်မယ်။ ဒါပေမယ့် ရေရှည် ခရီးလမ်းကို လျှောက်လှမ်းဖို့ အတွက် တစ်ဖက်က အစီအစဉ်တွေ အများကြီး ရှိတယ် ဆိုတာ မသိရင် အခုသိသွားပြီလို့ မှတ်လိုက်ပါ။ သူတို့တွေ မဟာဗျူဟာတွေနဲ့ လှုပ်ရှားနေတယ်။ ဒါဆိုရင် ဒီမိုကရေစီ လို့ ကြွေးကြော်နေတဲ့ လူတွေ ကျပြန်တော့ရော ... သူတို့တွေမှာ မဟာဗျူဟာတွေ ရှိထား ပြန်သလား? ဒါမှမဟုတ် "အုတ်တချပ် သဲတပွင့်" လုပ်သမျှဟာ အရေးကြီးတယ်ဆိုပြီး ဒီအတိုင်းပဲ အော်ကြ ဆဲကြ ရမ်းကြ လုပ်နေတာလား? လုပ်သမျှတိုင်းက အကျိုးမထူးဘူးလို့ ပြောချင်တာ မဟုတ်ဘူးနော်။ ထူးတော့ထူးတာပေါ့။ ဒါပေမယ့် ဗိုလ်ချုပ် ကိုယ်တိုင်က "မှာ" ခဲ့ဖူးတယ်။ "လှုပ်ရှားမှုဆိုတာကလဲ စိတ်ပါတော့ ထလုပ်လိုက်၊ စိတ်မပါရင် ဘေးထိုင်နေလိုက်၊ ဒါမျိုးလုပ်လို့ မရဘူး။ စည်းနဲ့ ကမ်းနဲ့က အဖွဲ့လိုက် အချိန်ကိုက် ညီညီညွတ်ညွတ် လှုပ်ရှားရတယ်။ ရေရှည်မှာ မဟာဗျူဟာတွေ နည်းဗျူဟာတွေ လိုတယ်။ ဒါမရှိရင် ခင်ဗျားတို့ကို ရန်သူက အနိုင်ယူသွားမှာပဲ။" ဗိုလ်ချုပ်ပြောသလိုပဲ လူတွေ ငါတို့က ဒီမိုတွေဆိုပြီး ရေရှည်အတွက် သေသေချာချာ မဟာနည်းဗျူဟာတွေ မရှိထားရင်၊ ရှိထားခဲ့ရင်လည်း အကျိုးမထူးတဲ့ဟာတွေ ရှိထားနေရင် နောင် အနာဂတ်မှာ ဘာတွေ ဖြစ်လာဦးမလဲ ဆိုတာ စဉ်းစား ထားသင့်တယ်။ "ငါတို့က အစိုးရ မကောင်းကြောင်း ပြောတယ်ဟေ့။ ဒါကြောင့် ငါတို့ မှန်တယ်။ ဟုတ်တယ်။ ငါတို့ လုပ်သမျှ မှန်တယ်၊ ပြောသမျှ မမှားဘူး။" လုပ်တိုင်းမှန်တယ်၊ ပြောတိုင်းမမှားဘူး ဆိုတာကလည်း တကယ်တော့ လက်တွေ့မှာ ဟုတ်ချင်မှလည်း ဟုတ်လိမ့်မယ်။ လူဆိုတာ တစ်ဖက်တည်း မြင်တတ်ရင်၊ တခြား တစ်ဖက်ကို မမြင်တတ်ရင် ဘာဖြစ်တတ်သလဲ?

လူတွေ... လူတွေ... ပြောလိုက်ကြပြန်ပြီ။ လုပ်လိုက်ကြပြန်ပြီ။ အခုလက်ရှိ အခြေအနေ မှာရော "စည်းကမ်း" ဆိုတာကို နားလည်ကြသေးလား။ "စည်းကမ်းသည် လူ့တန်ဖိုး" ဆိုတာကိုရော သတိရသေးလား? တစ်ချိန်လုံး အမြဲတမ်း "သူတို့တတွေ ကြောင့်၊ သူတို့တတွေ လုပ်လို့ မကောင်းဘူး မကောင်းဘူး" ဆိုလို့ အော်နေရုံနဲ့ ဘာမှ ပြီးမသွားဘူး။ ကိုယ်တိုင်ကရော စည်းကမ်း ရှိရဲ့လား ဆိုတာ ပြန်ပြီး သုံးသပ်သင့်တယ်။ မဟာနည်းဗျူဟာတွေနဲ့ စနစ်တကျ စည်းလုံးညီညွတ်စွာ လျှောက်လှမ်းရမယ့် ဒီခရီးမှာ "စည်းကမ်း" မရှိပဲနဲ့တော့ တီးလိုက်တဲ့ လက်ခုပ်တိုင်းဟာ ကိုယ်တိုင် ကြားရ လောက်အောင်တောင် ကျယ်မှာ မဟုတ်ဘူး။ နိုင်ငံတကာ အလယ်၊ အာရှအလယ်မှာ မြန်မာနိုင်ငံရဲ့ ရပ်တည်မှုက ဘယ်နေရာကို ရောက်နေပြီလဲ? လူတွေက အထင်သေးခံရ တာတော့ မကျေနပ်ဘူး။ မနှစ်သက်ဘူး။ ဒါပေမယ့် တစ်ဖက်ကလည်း "စည်းကမ်းသည် လူ့တန်ဖိုး" ဆိုတာ အားလုံး အပြည့်အ၀ နားလည် ထားဖို့လိုတယ်။ ဟုတ်တယ်။ အချိန်က စောင့်မနေဘူး။ အချိန်က ပျံသန်းနေတယ်။ ကုန်ဆုံးနေတယ်။ မြန်မာနိုင်ငံကို ဘယ်နိုင်ငံကမှ စောင့်မနေဘူး။ ဘေး ပတ်ပတ်လည်က ထိုင်း၊ တရုတ်၊ အိန္ဒိယတို့က အရှိန်အဟုန်နဲ့ ဖွံ့ဖြိုးတိုးတက် နေချိန်မှာ ငါတို့တတွေ ရင်ဘောင်တန်းရမယ့် အချိန်က ဘယ်နေရာမှာလဲ?

"ဟာ ဒီလူကြီးက ပြောသမျှ မကောင်းတာတွေ ကြီးပါလား၊ စိတ်ဓာတ်ကျစရာတွေ ကြီးပါလား" ဆိုလည်း ကျွန်တော် ရဲရဲကြီး အပြောခံရဲတယ်။ အားလုံး အခြေအနေအမှန်ကို နားလည် ထားသင့်တယ်။ စိတ်ပိုင်းဆိုင်ရာ မကြံ့ခိုင်သေးပဲ အဆင့်ကျော်တက်ပြီး လုပ်နေရင်လည်း "သဲထဲရေသွန်" ဆိုတာ ဒါမျိုး မဟုတ်ပေဘူးလား။ အောက်ခြေက အုတ်မြစ်ကို ကြံ့ခိုင်အောင် ကျင့်ကြံ၊ စည်းလုံးအောင်လုပ်၊ အားလုံးက ထွက်တဲ့ အသံ "တစ်သံ" ထဲ ဖြစ်တဲ့ အချိန်ကျရင် "အောင်မြင်မှု" ဆိုတာ မဝေးတော့ဘူး။ ဟိုနေရာကနေ "တိန်"၊ ဒီဘက်နားက "တောင်"၊ ဟိုထောင့်နားက "ထိဒ်" လုပ်နေရုံနဲ့ "တိန်၊တောင်၊ထိဒ်" ပဲ ထွက်လာမယ်။ တိန်တောင်၊ တိန်တောင် လုပ်နေရုံနဲ့ "ဒိန်းးးးးးးး" ဆိုတာက ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ဘူး ဆိုတာ မြဲမြဲကြီး မှတ်ထားလိုက်စမ်းပါ။

ဖေဖော်ဝါရီ တစ်ဆယ့်သုံးမှာ ကျရောက်လာတဲ့ ဗိုလ်ချုပ်မွေးနေ့ကို လေးစားစွာ အလေးပြုလျှက်
Tea

12 comments:

ကြည်ပြာမောင် said...

"ဟာ ဒီလူကြီးက ပြောသမျှ မကောင်းတာတွေ ကြီးပါလား၊ စိတ်ဓာတ်ကျစရာတွေ ကြီးပါလား"

:P

ခံစားရပါတယ် ခံစားသွားတယ်

ညီမလေး said...

တိန်တောင်တိန်တောင် တဲ့လေ
တစ်ခါတစ်ခါ တိန်တောင် တိန်တောင် တောင် မထွက်တဲ့ ကိစ္စတွေရှိပါ့ :(

Anonymous said...

မှတ်ထားလိုက်စမ်းပါ ~

Anonymous said...

အလေးပြုလျှက်

စုစုအောင် said...

Thank you for this reminder!

Tea said...

ညီမလေးပြောသွားတာဟုတ်ပါတယ်
တစ်ခါတစ်လေဆိုရင်တောင် တိန်တောင်တိန်တောင် ထက်ဆိုးတဲ့ အဖြစ်အပျက်တွေ အများကြီးရှိပါတယ်။

Welcome said...

တလေးတစား ဦးညွတ်သွားပါတယ်။
တကူးတက ဖော်ပြပေးလို့
ကျေးဇူးပါ

လေးစားလျက်

မေမိုးမခ said...

Tea ပြောတာမှန်တယ် ကိုယ်က ခေါင်းဆောင်တွေကို တ မနေသင့်တော့ဘူး ကိုယ်ပါဝင်နိုင်တဲ့ တစ်ဖက်တစ်လမ်းကနေ ရှေ့ဆောင်လမ်းပြဖို့တော့လိုတယ် ဒါပေမဲ့ လူတွေကအချင်းချင်းမညီညွတ်ကျဘူး သူဆရာဟ ငါဆရာဟ အနစ်နာခံမယ့်လူတွေက နည်းပြီးတော့ ကိုယ်ကျိုးကြည့်တဲ့လူတွေများနေတယ်
အခုလိုအကြံဥာဏ်လေးတွေကို ဝေမျှပေးတဲ့အတွက် ကျေးဇူးပဲ Tea ရေ

ချစ်တဲ့သူ said...

My heart is hurt.
My heart is strong.
My heart is bleeding.
I believe the time will come finally.
We have a tough way to walk.
We have a rough time to enjoy.
God Bless Burma!
နန်း

Anonymous said...

စိတ်ဓာတ်မြှင့်တင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် တီး

မိုးစက် said...

ခံစားရပါတယ် တဖက်ကလည်းကျေးဇူးတင်ပါတယ်

Anonymous said...

လေးစားပါတယ်
အားပေးလျှက်