Photobucket

Friday, January 16, 2009

သိုင်းလောကရဲ့ လေလှိုင်းများ (၁)


လူတွေ အားလုံး သိုင်းပညာဆိုရင် စိတ်ဝင်စားကြမယ်လို့ ယုံကြည်ပါတယ်။ ကျွန်တော်လည်း တစ်ချို့လူတွေ သိုင်းပညာ အကြောင်း ဆွေးနွေးနှီးနှောတာ မြင်ဖူး ကြားဖူး ပါတယ်။ စိတ်ဝင်စားစရာ လည်း ကောင်းပါတယ်။ ကျွန်တော်လည်း သိုင်းလောက က လူတစ်ချို့အကြောင်း ပြောပြချင်လို့ပါ။

လူတစ်ချို့ရှိတယ်။ သူတို့က သိုင်းလောက က အမှောင်ဂိုဏ်းကို မုန်းတယ်။ သူတို့တွေက သူတို့ကို သူတို့ သူတော်ကောင်းလို့ သတ်မှတ်ထားတယ်။ သူတို့က တယူသန် လွန်းတယ်။ ငါတို့ပဲ ကောင်းတယ်၊ ငါတို့ပဲ မှန်တယ်၊ ငါတို့နဲ့ ဆန့်ကျင်တဲ့ လူမှန်သမျှက မှားပါတယ် ဆိုပြီး သတ်မှတ်တယ်။ ဒါပေမယ့် သူတို့မှားတဲ့ အချိန်ကျရင်လည်း သူတို့က မသိသလိုပဲ နေတယ်လေ။ ပါးစပ်ကနေရော လက်ကနေရော အမြဲတမ်း အမှောင်ဂိုဏ်းက ယုတ်မာပါတယ်။ အမှောင်ဂိုဏ်းက မတရားပါဘူး။ အမှောင်ဂိုဏ်းသားတွေ အားလုံးက ရိုင်းလှပါတယ် ဆိုပြီး ခိုင်ခိုင် မာမာ ယုံကြည် ထားတယ်။

နောက် လူတစ်ချို့ရှိတယ်။ သူတို့က အမှောင်ဂိုဏ်းသားတွေ။ သူတို့က သိုင်းလောကကြီးမှာ နေရာ အနှံ့ရှိနေတယ်။ သူတို့ရဲ့ ဂိုဏ်းတည်ရှိရာ နေရာမှာလည်း အများကြီးရှိတယ်။ ပြီးတော့ သိုင်းလောကရဲ့ အရှေ့ပိုင်း၊ အနောက်ပိုင်း၊ အလယ်ပိုင်း၊ တောင်ပိုင်း၊ မြောက်ပိုင်း ဖြန့်ကျက်ပြီး ကျင်လည် ကျက်စားတယ်။ တာဝန်အရ လှုပ်ရှားနေကြတာပါ။ သူတို့ အမှောင်ဂိုဏ်းကနေ ထောက်ပံ့မှု တွေ ရတယ်။ ဒါပေမယ့် သူတို့က တာဝန် ဆိုတာ အပြင် သူတို့မှာ ပြင်းထန် တဲ့ ခံယူချက်တွေ ရှိတယ်။ အရမ်းပြင်းထန်တယ်။ သူတို့ က အမှောင်ဂိုဏ်းက လုံးဝ မမှားပါဘူး ဆိုပြီး ခံယူ ထားတယ်။ သူတို့ လှုပ်ရှားနေတာတွေ အားလုံးက အမှန်တရား အတွက် လုပ်နေတာပါ ဆိုပြီး နားလည်ထားတယ်။

ဒါပေမယ့်လေ မိမိကိုယ်ကို သူတော်ကောင်းလို့ သတ်မှတ်ထားတဲ့ လူတွေ ပဲ ဖြစ်ဖြစ်၊ အမှောင်ဂိုဏ်းသား တွေပဲ ဖြစ်ဖြစ်၊ အမှန်စင်စစ် သူတော်ကောင်းတွေပဲ ဖြစ်ဖြစ်၊ ကြားခံက ဘယ်ဘက်ကိုမှ စိတ်မ၀င်စားတဲ့ လူတွေပဲ ဖြစ်ဖြစ်၊ တကယ်တော့ အားလုံးဟာ သိုင်းလောက ကို ချစ်မြတ်နိုးကြပါတယ်။ အားလုံးဟာ သိုင်းလောကကို ခုံမင်ပြီး မိမိခံယူချက် ကိုယ်စီနဲ့ လှုပ်ရှားနေကြတယ်။ ဒါပေမယ့် တစ်ချို့တွေကလည်း မိမိတို့ အသုံးချ ခံနေရတာ မသိကြရှာဘူး။ တစ်ချို့တွေကလည်း တစ်ဖက်သက် ဆန်လွန်းတော့ တစ်ခါတစ်ခါ အမှန်ကနေ အမှားတွေ ဖြစ်ကုန်တာ မသိပြန်ဘူး။ တစ်ချို့ကတော့ ငါဆိုတဲ့ လူက ဒီသိုင်းလောကမှာ ဘာမှ ဟုတ်တာမှ မဟုတ်တာ၊ ငါ ၀င်ပြီး ပတ်သက်လည်း ဘယ်လောက် မှ သိုင်းလောကကြီး ကောင်းသွားမှာ မဟုတ်ပါဘူး ဆိုပြီး ဘာမှ မပတ်သက်ပဲ နေတယ်။ တစ်ချို့တွေ ကျပြန်တော့လည်း သိုင်းလောကက အမှောင်ဂိုဏ်းကို ကြောက်လွန်းတော့ တိတ်တိတ် ဆိတ်ဆိတ်နေတယ်။ ဒီကြားထဲမှာ တစ်ချို့တွေကလည်း သိုင်းလောကက အမှန်တရားအတွက် မိမိတို့ အသက်တွေကို စတေးသွားကြတယ်။

ဒီလိုနဲ့ပဲ သိုင်းလောကကြီးဟာ အင်မတန် ရှုပ်ထွေးလှပါတယ်။ သိုင်းလောကကြီးရဲ့ ရှုပ်ထွေးမှုတွေ ကြားမှာ လူတွေ အားလုံးက လည်း ရှုပ်ထွေး များပြားလှပါတယ်။ တစ်ခါတစ်ခါ ဘယ်သူက ဘယ်ဝါမှန်းတောင် ခွဲခြားလို့ မရပါဘူး။ အလင်းနဲ့ အမှောင်၊ သူတော်ကောင်းနဲ့ သူတော်ယုတ် ဆိုပြီး အင်အား ပြိုင်ဆိုင်မှုတွေ၊ ငါမှန်တယ် ဘယ်သူမှ မမှန်ဘူးဆိုတဲ့ သဘောတရားတွေ၊ ခံယူချက် ကိုယ်စီတွေ နဲ့ ရှုပ်ထွေးလှပါတယ်။

ဒီနေ့တော့ သိုင်းလောကရဲ့ လေလှိုင်းများ (အပိုင်း-၁) ကို ဒီတင်ပဲ ရပ်နားလိုက်ကြတာပေါ့။

13 comments:

Anonymous said...

သိုင်းလောကကတယ်စိတ်ဝင်စားဖို့ကောင်းနေပါလား
Tea ပြောတဲ့သိုင်းလောကကိုသိနေသလိုပဲ

ကိုရင်နော်ခင်လေးငယ် said...

ကိုတီးရေ...

အနော်လည်း ရွာပြန်ပြီး သိုင်းကျင့်နေတာ ဒါကြောင့် မရောက်ဖြစ်တာကြာပေါ့.. ခုတော့ သိုင်းလောကရဲ့ လေလှိုင်းများဆိုလို့ သိုင်းကျမ်းအသစ်လားလို့ ကိုယ်ဖော့ပညာနဲ့ အပြေးလာခဲ့တာ.. ဆက်ရေးဗျာ မျှော်နေမယ်....

ခင်တဲ့

ကိုရင်နော်

Anonymous said...

သိုင်းလောကမှာငါသာလျှင်အတော်ဆုံးပဲကွာအားလုံးမှတ်ထားကြ

Tea said...

ဟုတ်ကဲ့ပါ
Mr. Anonymous

:|

Anonymous said...

သိုင်းလောကမှာ သတင်းကြားတယ် အစိမ်းရောင်ဂိုဏ်းက ဂိုဏ်းချုပ်ဘိုးဘိုးကြီးက သိတ်မလိုတော့ဘူးတဲ့ သွားတော့မှာတဲ့.. အဖြူရောင်ဂိုဏ်းသားတွေ လူစုနေပြီကြားတယ်..

Tea said...

ဘိုးဘိုးကြီးသွားသင့်တာလည်း ကြာပါပြီလေ
:D

RePublic said...

သိုင်းလောက ထဲမ၀င်ခင် ကိုယ်ခံ အတွင်းအား အရင်ကျင့်အုံးမှ ၊၊တော်ကြာလက်နက်ပုန်းမိနေအုံးမယ် ၊၊
ညီတီး ရေ အာမီသာဖော် ၊၊ (တရုတ်သိုင်းကားတွေထဲကလို ပြောလိုက်တာဗျ)

Anonymous said...

တိမ်လွှာဓါးကိုပိုင်ဆိုင်သောအော်မေ့ဂိုဏ်းချုပ်ကြီးကြွလာပါပြီ လမ်းရှင်းထားပေးပါ ခလုပ်တိုက်မိမှာဆိုးလို့ :P

Anonymous said...

အဖြူတွေစုတော့ ငါတို့အမဲတွေလည်း စုရတာပေါ့ ငှဲ့ညောင်း ငှဲ့ညောင်း

Doughnut IO said...

တော်လိုက်တာ ရေးထားတာ။

Anonymous said...

ဖတ်လို့ကောင်းတယ်ဗျာ အပိုင်း၂ကိုမျှော်နေမယ်ဗျာ

Anonymous said...

သိုင်းလောကကြီးက ကြောက်စရာကြီးပါလား
:D
အမှောင်ထဲကလူတွေကခံယူချက်ရှိတယ်ဆိုတာ လုံးဝမမှားဘူး သူတို့ကပိုတောင်ဆိုးသေးတယ် တခါတခါပြောတာပါ

Anonymous said...

လူထူးလူဆန်းကွ အမဲမဟုတ် အဖြူမဟုတ် ခြေပုန်းခုပ်သမျှ ဖြေရှင်းမယ် ရှင်းမရရင် မရှင်းဘူးပေါ့