Photobucket

Saturday, May 3, 2008

အမှန်တရားအတွက် ကြက်ခြေခတ်


အချိန်တွေသည် အမြဲတမ်း ပျံသန်း နေသည်၊ ကမ္ဘာကြီးသည် အမြဲတမ်း ပြောင်းလဲ နေသည်၊ မျက်မှောက် ခေတ်ကြီးတွင် နေရာတိုင်း နိုင်ငံတိုင်း လိုလို တစ်နေရာပြီး တစ်နေရာ စစ်မှန်သည့် လွတ်လပ်ရေးတွေ ရရှိကုန်ကြပြီ။ ခိုင်မာ တည်ကြည် သည့် တရား ဥပဒေ အောက်တွင် တိုင်းသူ ပြည်သားတွေ အားလုံး သဘောတူ သည့် ခေါင်းဆောင် တွေမှသည် မျှတစွာ ဖြောင့်မတ် တည်ကြည်စွာဖြင့် အုပ်ချုပ် ကွပ်ကဲ နေကြပြီ။ လူသားတိုင်း လူသားတိုင်း ရရှိရမည့် ရရှိသင့်သော စစ်မှန် သည့် လူ့အခွင့်အရေး များစွာတို့ကို ယခု လက်ရှိ ကမ္ဘာကြီးပေါ်ရှိ လူပေါင်း သန်း ရာချီ ထောင်ချီတို့ ပိုင်ဆိုင်ကုန်ကြပြီ။

ခေတ်ရေစီးကြောင်းနှင့်အညီ တိုးတက်နေကြသော ယနေ့ဤကမ္ဘာ ပေါ်ရှိ နိုင်ငံများသည် လူသားတို့၏ ရရှိသင့် ရရှိထိုက်သော အခွင့်အရေးများ နှင့် ကိုယ်စီကိုယ်စီ စီးဆင်းနေကြလေပြီ။ သို့ပေသော်ငြား လူဦးရေ သန်း ၆၀ကျော် ဖြင့် တည်ရှိနေသော ကျွန်တော်တို့ ၏ မြန်မာပြည်သည် ရက်စက် ပြင်းထန် မိုက်ရိုင်း ကောက်ကျစ် လူမဟုတ်သော အာဏာရှင် စနစ်၏ ကျေးကျွန် ဖြစ်ခဲ့သည် မှာ နှစ်ပေါင်း ဆယ်ချီနေပြီ။

တိုင်းပြည်အနှံ့ ဆင်းရဲဒုက္ခ ရောက်နေရှာသော တိုင်းသူပြည်သား တွေရဲ့ အသက်၊ သွေး၊ ချွေး ကို မျှ မထောက်ထား၊ မစာနာ၊ မသနား ကာ မိုက်မိုက်ရိုင်းရိုင်း သတ်ဖြတ်မှု တွေကို အားလုံး မြင်တွေ့ခဲ့ရပြီ။ ကြုံ့တွေ့ ခဲ့ရပြီ။ ရင်ဆိုင်ခဲ့ရပြီ။ ဖိနှိပ်မှုတွေ၊ ဖမ်းဆီးမှုတွေ၊ ညှင်းပန်းမှု တွေ ၏အောက်တွင် မြန်မာနိုင်ငံကြီး ဖြတ်သန်း ရင်ဆိုင် အသက်ရှင်သန် လာသည် မှာ တစ်နှစ်လည်း မဟုတ် ဆယ်နှစ်လည်း မဟုတ်ပေ။ နှစ်ပေါင်းများစွာ ကြာရှည်လှပြီ။

အားလုံး စည်းလုံးသင့်ပြီ။ အာဏာရှင်တွေ၏ ပြောစကားကို မယုံတော့နှင့်။ သူတို့တတွေ သူတို့ ရရှိထားသော သူတို့ ရဲ့ အာဏာဟူသည့် ငရဲစည်းစိမ် အောက်တွင် ငြိမ့်ငြိမ့်ကြီး နေကာ ခံစားနေကြရာ လောကကြီးနှင့် လူသားတွေကို မေ့နေကြပြီ။ လူမတန်သော နည်းလမ်းများနှင့် လူမျိုး၊ ဘာသာ၊ သာသနာ ပါမကျန် အသက်အရွယ် ကျားမ မရွေး ကိုယ်ချင်းစာနာစိတ်မရှိပဲနှင့် သဘာဝကြီးကို သူတို့တတွေ အံတုခဲ့ပြီးပြီ။ လက်ရှိလည်း သူတို့ အံတုနေကြဆဲ။ ယှဉ်ပြိုင်နေဆဲ။

သူတို့တတွေ နေရာမှ စိတ်ရင်း အမှန်နှင့် ဖယ်သွားချင်လျှင် ယခု ၂၀၁၀ အတွက် ရွေးကောက်ပွဲကို ပင်ပင်ပန်းပန်း လုပ်နေရန်မလို။ ၁၉၈၈ မှ ပြတ်ပြတ် သားသား အနိုင်ပိုင်း ခံရသည်တောင် သိသိကြီးနှင့် လာမည့် ရွေးကောက်ပွဲ ကို တရားမျှတစွာ ပြုလုပ်မည် ဟူသော ပြောဆိုမှုကြီးသည် ပြောင်မြောက်လှသော လိမ်လည်မှု တစ်ခုသည်သာ ဖြစ်ပေသည်။ အမှန်တရားတွေကို မြေမြှုပ်ထားပြီး လူသားတိုင်းကို အမှောင်ချကာ တစ်လောက လုံးကို လိမ်ညာ နေသော အာဏာရှင်တွေ ကျဆုံးသင့်ပြီ။ ကျဆုံးချိန်တန်ပြီ။

တိုင်းသူပြည်သားတို့ သဘောထားမပါ၊ မိမိကိုယ်ကိုယ် စိတ်တိုင်းကျ ရွေးဆွဲထားသော၊ မမျှတသည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ကြီး အား ထောက်ခံဖို့ရာ ယုတ္တိမရှိတော့ပြီ။ ကြက်ခြေခတ်ကြီးကို ရဲရဲကြီး ခြစ်ချိန်တန်ပြီ။ တစ်လောက လုံးကို နည်းမျိုးစုံ ဖြင့် လိမ်ညာခဲ့သော အာဏာရှင်တွေ ဒီတစ်ခါ မည်သို့မည်မျှ လူမတန်သော နည်းလမ်းတွေကို သုံးကာ ဆက်လက်ပြီး မြန်မာပြည်ကြီးကို ရစရာမရှိအောင် လုပ်တော့မည်ကို ကျွန်တော်တို့ ခင်ဗျားတို့ တိုင်းပြည် တစ်ခုလုံးရှိ အားလုံးသော အတန်းစား အစုံရှိ လူတွေ နားလည်သင့်ပြီ၊ နိုးကြွသင့်ပြီ။

မိမိတို့၏ နောင်လာနောင်သားတွေ အတွက် ရှင်သန်ဖို့ ဖြေရှင်းချိန်တန်ပြီ။ ကမ္ဘာလယ်တွင် လက်ရှိ မြန်မာ နိုင်ငံ သည် ခေါင်းကိုငှပ် ခြေကို ကုတ်ကာ မျက်နှာမရှိ ရှင်သန် နေရသည်။ မြန်မာကွ ဟူပြီး ကြွေးကြော် နိုင်စွမ်း မရှိ တော့ပြီ။ တိုင်းပြည်ကြီးကား အခြေအနေ ဆိုးသည်ထက် ဆိုးကာ နေရာတိုင်းမှာ ပျက်စီး ယိုယွင်း နေပြီ။ အားလုံး ချွတ်ခြံကျနေပြီ။ ဒါတွေ အားလုံး အာဏာရှင် လူတစ်စု ကြောင့်သာ။

အမှန်တရားအတွက် အားလုံး ရင်ဆိုင်ကြလော့။ အနာဂတ်မြန်မာနိုင်ငံသည် ကျွန်တော်တို့ ခင်ဗျားတို့ မြန်မာပြည်သားတိုင်း ၏ လက်ဝယ်တွင် ရှိသည်။ တိုင်းသူပြည်သား၊ အလုပ်သမား၊ ၀န်ထမ်း၊ လယ်သမား၊ ကျောင်းသား၊ ဆရာ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ရဟန်းတော်များ၊ စစ်သားများ၊ အဖွဲ့ဝင်များ၊ ဗိုလ်ချုပ်များ အစရှိသည့် တစ်တိုင်းပြည်လုံးရှိ မြန်မာပြည်သူပြည်သား အားလုံး စည်းလုံးညီညွတ်စွာ ဥမကွဲ သိုက်မပျက်နှင့် လူတိုင်း လူတိုင်း ဤအာဏာရှင် စနစ်ကြီးကို တွန်းလှန် မှသည်သာ အမှန်တရားဟူသော တရားအမှန်သည် အမှန်တကယ် ဖြစ်ပေါ်လာမည်ဖြစ်သည်။

စည်းလုံးစွာ ညီညွတ်ကြလော့။ တိုင်းပြည်ကို ကာကွယ် ရမည်မှာ အားလုံး၏ တာဝန် တစ်ရပ် ဖြစ်သည်။ အမှန် တရား အတွက် မားမား မတ်မတ် ရပ်တည်ကာ လူမျိုး၊ ဘာသာ၊ သာသနာ အတွက် ဤ ယုတ္တိ မရှိ တစ်ဖက်သက် ဆန်သော ဖွဲ့စည်းပုံ အခြေခံဥပဒေကြီး ကို အမှား ခြစ်ကြလော့။ ရွေးကောက်ပွဲ ဟူသော လိမ်ညာ ဖျားယောင်း မှု နောက် ပါမသွားကြနှင့်။ နိုးထလော့။


မြန်မာနိုင်ငံကြီး အမြန်ဆုံး လွတ်လပ်ရမည်။

အမှန်တရားဘက်မှ ရပ်တည်နေသူ

6 comments:

Anonymous said...

Fight for the Freedom!!

Unknown said...

တီးရေ... တီးလှချေလားဝေ့.....

Anonymous said...

NICE!!! NICE!! NICE!!!!!!!!

Unknown said...

FIGHT FOR THE FREEDOM.........

Anonymous said...

CROSS FOR THE RIGHT!!

Unknown said...

excellent