Photobucket

Sunday, February 22, 2009

A Ray of Hope and A Love Reborn


အချိန်က မနက် ငါးနာရီ လေးမိနစ်။ ဒီရင်ထဲမှာ မျှော်လင့်ချက် တစ်ခုနဲ့ ဟိုး မဆုံးနိုင်တဲ့ ကောင်းကင်ကြီးကို ငါ ငေးကြည့် နေမိတယ်။ ငါ့ အတွေးပင်လယ်ထဲ မှာ ငါ့ကိုယ်ငါ စီးမျောရင်း ဒီ အချစ်တစ်ခုကို ငါ ရဲရဲကြီး မွေးဖွားခဲ့တယ်။ ငါ ပျော်နေတယ်။ ငါ ၀မ်းသာတယ်။ ငါတွေးပြီး ကြည်နူး နေမိတယ်။ ဒါဟာ အချစ်အသစ် တဲ့လား?

အချစ် ... အချစ် ... ငါအချစ်နဲ့ ဝေးနေခဲ့တာ ကြာခဲ့ပြီလား .. ဒါမှမဟုတ်၊ ဒီအချစ်ဆိုတဲ့ အရာက ငါ့နားမှာ အမြဲတမ်း ရှိနေခဲ့တာလား .. ဒါတွေကို ငါမသိ။ ဒါတွေကို သိဖို့ လောလောဆယ် ငါ စိတ်မ၀င်စား။ ငါသိတာ တစ်ခုက ငါ့ရင်ထဲမှာ အချစ်သစ်တစ်ခု ပေါက်ဖွား လာခဲ့တယ်။ ငါသိတာ တစ်ခုက ငါ့ရင်ထဲမှာ ဒီအချစ်သစ် နဲ့ အတူ ပေါက်ဖွားလာတဲ့ မျှော်လင့်ချက် ရောင်စဉ်တွေက နံနက်ခင်း ရောင်စဉ်နဲ့ အတူ ငါ့ဘ၀ကို အရောင်တွေ ခြယ်နေပြီ။ ဟိုး အရှေ့က ၀ိုးတ၀ါးဝါး မြင်နေရတာ "အနာဂတ်" တဲ့လား။ ဒါမှမဟုတ် "ထောင်ချောက်တစ်ခု" လား?

အချစ် ဆိုတာ ထောင်ချောက်တစ်ခုလို့ ငါ အတိတ်မှာ သင်ယူခဲ့တယ်။ အချစ်ဆိုတာ ရှိလည်းကောင်း မရှိလည်းကောင်း ဆိုတာ ငါနားလည်ထားတယ်။ အချစ်ဆိုတာ ပျော်တဲ့ အခါလည်း အရမ်း ပျော်ရတတ်သလို၊ စိတ်ဆင်းရဲတဲ့ အခါ ဘာနဲ့မှ လဲလို့ မရအောင် စိတ်ဆင်းရဲ ရတယ် ဆိုတာ ငါ ကောင်းကောင်းကြီး သိနေတယ်။ ဒါပေမယ့် ငါ အခု ခံစားရနေတာက နံနက်ခင်းရဲ့ လန်းသစ်မှု တွေနဲ့ အတူ၊ အနာဂတ်ရဲ့ မျှော်လင့်ချက် တွေနဲ့ အတူ ပျံသန်းနေတဲ့ လေပြေ လေညင်း လေး ... ငါ့ရဲ့ ဒီ ဆက်မရအောင် ကြေကွဲနေတဲ့ အသဲနှလုံးကို ပြေပြေလေး တိုးဝှေ့နေတဲ့ လေပြေလေညင်းလေး .. ငါ့ရဲ့ ဒီ အဓိပ္ပာယ် ကင်းမဲ့နေတယ့် ဘ၀ထဲကို အင်အား အပြည့်နဲ့ တိုးဝင်နေတဲ့ အချစ်လေပြေအေး ..

ဒီ ချမ်းအေးတဲ့ လေပြေလေး က ပြင်းထန် ဆိုးရွားတဲ့ လေဆင်နှာမောင်းကြီး ဖြစ်နေစေဦး .. ငါ့မှာ ပူပင် ကြောက်ရွံ့ဖို့ စိတ်ကူးမရှိနေ။ ဒီအရာတွေ ငါ့ဒီရင်ထဲက ခံစားမိနေတာတွေ အားလုံး ကြောက်စရာ အကောင်းဆုံးသော "အချစ်ထောင်ချောက်ကြီး" ဖြစ်နေပါစေဦး .. ငါရဲရဲကြီး တိုးဝင်ရဲတယ်။ ငါရဲရဲကြီး ရင်ဆိုင်ရဲတယ်။ ဘာကြောင့်လဲ လို့တော့ ငါ့ကို လာမမေးနဲ့။ ဒါဟာ အချစ်သစ် တစ်ခု မွေးဖွားခြင်းရဲ့ ခွန်အား ... ဒါတွေဟာ အချစ်ရဲ့ အင်အား ..

အနာဂတ် ဆိုတဲ့ အရာကို ငါသေချာ မသိထားခဲ့ပေမယ့် အခု ငါ ဒီရင်ထဲမှာ ခံစားနေတဲ့ ခံစားချက်တွေကို ငါသေချာ သိနေတယ်။ ငါဘ၀မှာ အဓိပ္ပာယ်တွေ ကင်းမဲ့ခဲ့တယ်။ တစ်ခါတစ်ခါ ငါဟာ တစ်ကိုယ်တည်း တိတ်ဆိတ်တဲ့ ညတွေမှာ မဟူရာ ကောင်းကင်ကြီးနဲ့ စကားတွေ ပြောနေခဲ့မိတယ်။ ငါ့ဘ၀ရဲ့ အိပ်မရတဲ့ ညတွေမှာ ငါဟာ နက်မှောင်နေတဲ့ တိမ်တိုက်တွေနဲ့ ငါ့ရဲ့ ဘာမှန်းမသိတဲ့ အနာဂတ်ကို ဆွေးနွေးနေခဲ့တယ်။ ဒါပေမယ့် အခု ဒီအချိန် .. ဒီမိနစ် .. ဒီစက္ကန့်မှာ ... ဒါတွေ အားလုံး မရှိတော့ဘူး။ ဒါတွေ အားလုံး အတိတ်မှာ ကျန်ခဲ့ပြီ။ ငါဟာ ဒီမရေရာမှုတွေ ကြားထဲမှာ ဒီအရာတစ်ခုဟာ ငါ့ဘ၀ရဲ့ အချစ်တစ်ခုပါလို့ ပဟေဌိတွေ ကြားက အဖြေညှိပြီး ချိန်မှာတော့ ငါ့မှာ ရှိနေတာက ဆုံးဖြတ်ချက်တစ်ခု နဲ့ ခံယူချက်တစ်ခု။ အနာဂတ်အတွက် ငါ အားသွန်ခွန်စိုက် လျှောက်လှမ်းမယ် ဆိုတဲ့ ဆုံးဖြတ်ချက်တစ်ခုနဲ့ ဒီလို လျှောက်လှမ်းမှသာ ငါ့အိမ်မက်ကို အကောင်အထည် ဖော်နိုင်မယ် ဆိုတဲ့ ခံယူချက် တစ်ခု။ သူတို့ နှစ်ခုက လွဲလို့ တစ်ခြား အရာတွေကို ငါ မသိတော့ပြီ။

မိုးစင်စင်လင်းသွားခဲ့ပြီ။ မဟူရာညရဲ့ မှောင်မိုက်နေတဲ့ ကောင်းကင်ကြီးကနေ ရွှေဝါရောင် နံနက်ခင်း အဖြစ် နေမင်းကြီးက ပြောင်းလဲပစ် လိုက်တာကို ငါ ထင်းထင်းကြီး မြင်ခဲ့တယ်။ တစ်ချိန်ထဲမှာ ရင်ထဲက ရေခဲတုံးလို အေးခဲနေတဲ့ "အနာဂတ်" က မျှော်လင့်ချက်တွေနဲ့ အတူ ထပ်မံ အရည်ပျော်သွားခဲ့ပြီ။ ငါဟာ အချစ်အသစ်နဲ့လူသား ...

The same old heart with a ray of hope and a love reborn,
December 2nd, 2007

Tea

7 comments:

ထာဝရ said...

အားတင်းထားပါ တီးရယ်... လောကဆိုတာနာကျင်မှုတွေနဲ့အမြဲပြည့်ဝနေတာ
ဘ၀ရဲ့ သင်ခန်းစာတွေကို...အနိင်မခံအရှုံးမပေးပဲ..
အတူတူတိုက်ကြရအောင်... =]

Anonymous said...

အင်အားတွေဖတ်လိုက်ရတယ် အားရစရာပါလား
အချစ်ရဲ့စွမ်းအားပေါ့လေ

Anonymous said...

ဆရာတီးက အချစ်အားတွေ ပြင်းပြနေလိုက်တာ ကောင်းပါတယ် ချစ်တတ်တော့ ကောင်းတာပေါ့နော် :)

Anonymous said...

အချစ် ဆိုတာ ထောင်ချောက်တစ်ခုလို့ ငါ အတိတ်မှာ သင်ယူခဲ့တယ်။ အချစ်ဆိုတာ ရှိလည်းကောင်း မရှိလည်းကောင်း ဆိုတာ ငါနားလည်ထားတယ်။ အချစ်ဆိုတာ ပျော်တဲ့ အခါလည်း အရမ်း ပျော်ရတတ်သလို၊ စိတ်ဆင်းရဲတဲ့ အခါ ဘာနဲ့မှ လဲလို့ မရအောင် စိတ်ဆင်းရဲ ရတယ် ဆိုတာ ငါ ကောင်းကောင်းကြီး သိနေတယ်။

ဒါကိုသိထားလို့ သတိတော့ လျော့မနေပါနဲ့ဦး။

အာကာဦး said...

The power of Love :]

Anonymous said...

ဒီပိုစ့်နဲ့အပေါ်ကလွမ်းတာနဲ့
ဒီပိုစ့်က ၂၀၀၇ကဆိုတော့ အပေါ်ကဟာက အခုတလောမှဖြစ်တာလား စိတ်မကောင်းပါဘူးရှင်

Tea said...

ညီမလေးရေ
ဒီပိုစ့်လေးတင်ပြီး ၂နာရီအကြာမှာ တစ်လောကလုံး ဗြောင်းဆန်သွားတာ..
တိုက်ဆိုင်မှုတစ်ခုဖြစ်ခဲ့ပေမယ့် ရင်နာစရာတစ်ခုဆိုလဲ မမှားပါဘူး။