Myhome16 presents you a true "Valentine Story" by ထာဝရ
ကျွန်မရဲ့ တစ်စဆီ ကွဲသွားခဲ့တဲ့ အသဲ အပိုင်းအစလေး တွေကို ဆက်ပြီး ရေးထားတဲ့ ကို့ အတွက် ချစ်သူများနေ့ လက်ဆောင်။
ကျွန်မလေ ကိုနဲ့တွေ့ပြီးမှ ချစ်သူများနေ့ကို မက်မောမိတာ အမှန်ပါ။ ချစ်သူများနေ့ ဆိုတာ အလွန်တရာကို ကြည်နူး ပျော်ရွှင်ဖွယ် ကောင်းတယ်လို့ မှတ်ချက် ချရလောက်အောင် ဖန်ဆင်း ပေးခဲ့တဲ့ ကို့ကို ကျွန်မ ထာဝစဉ် ကျေးဇူးတင် နေမှာပါ။ အလုပ်တွေ များတဲ့ ကြားက၊ ကို့ရဲ့ အစ်ကို လုပ်သူက မသွားစေချင် သော်လည်း၊ မိုင် ၃၀၀ ကျော် ဝေးတဲ့ ခရီးစဉ်ကို ကျွန်မကို တွေ့ချင်တာ တစ်ခုထဲနဲ့ ကိုတစ်ယောက်တည်း ကားမောင်းပြီး လာတွေ့ ခဲ့တဲ့ အရင်နှစ်က ဖေဖော်ဝါရီ တစ်ဆယ့်လေး ကို ကျွန်မ ဒီတစ်သက် မေ့မရ နိုင်တော့ဘူး။ မနက် ရှစ်နာရီ ရောက်ပြီလို့ သတိပေးတဲ့ နာရီသံလေး ကြားလိုက် ချိန်မှာတော့ ကိုက ကျွန်မရဲ့ မြင်ကွင်းရှေ့ကို ရောက်နှင့်နေပြီ။ ကို့ရဲ့ ချိုမြိန်လှတဲ့ အပြုံးလေး တစ်ချက် အောက်မှာ ကျွန်မရဲ့ ရင်ခုန်သံတွေကလည်း နာရီသံချက် တွေနဲ့ အပြိုင် စည်းချက်တွေ အတူ တီးခတ် ခဲ့တယ်။
လူကြီးတွေ အနားမှာ မရှိခိုက် ဆိုတော့လဲ ကို့ရဲ့ရင်ခွင်ထဲ အလျင်မမြန် ပြေးဝင်မိတယ်။ မတွေ့တာကြာပြီ ဖြစ်တဲ့ ချစ်သူ့ရင်ခွင်ထဲက ရင်ခုန်သံတွေကို နားဆင်နေတုန်းမှာပဲ အနောက်က ခြေသံတွေ ကြားလို့ ကို့လက်ကို ဆွဲပြီး အိမ်က ထွက်လာ ခဲ့တယ်။ ခဏကြာမှ အိမ်ကို ဖုန်းဆက်ပြီး ကိုနဲ့ အပြင် ထွက်သွားတယ်၊ ပြန်လာတာ နောက်ကျမယ် ဆိုတာ စိတ်မပူဖို့ ပြောပြီး ဖုန်းပိတ်လိုက်တယ်။ အဲဒီနေ့က မှတ်မှတ်ရရ ဘုန်းကြီးကျောင်း တစ်ခုမှာ အလှူပွဲတစ်ခု ရှိတယ်။ ပြီးတော့ ချစ်သူကို တွေ့ချင်စောနဲ့ ဒီနေ့ ဘယ်သွားမယ် ဆိုတာ ကြိုတင် မစီစဉ် ထားမိတဲ့ ကျွန်မရဲ့ အမှားကြောင့် ဘုန်းကြီးကျောင်းကိုပဲ အရင် ဦးတည်ခဲ့တယ်။ လမ်းတစ်လျှောက် မီးနီချိန်တိုင်းကို စောင့်မျှော် နေမိတာ ကိုနဲ့ကျွန်မ မှတစ်ပါး ဘယ်သူက သိနိုင်မှာလဲ။ မီးနီ သွားတိုင်း သွားတိုင်း၊ ဒီတစ်သက် ကျွန်မ မမေ့နိုင်မယ့် အနမ်းလေးတွေ ရလိုက်တိုင်း၊ ကျွန်မ အသက်ရှုသံတွေ ရပ်ရပ် သွားခဲ့တယ်။ ဒီလိုနဲ့ ဘုန်းကြီးကျောင်းကို ရောက်သွားတယ်။ မုန့်တွေကတော့ အများကြီးပ၊ဲ ဒါပေမယ့် ကိုက မုန့်ဟင်းခါး အရမ်း ကြိုက်တာဆိုတော့ မုန့်ဟင်းခါး ရှိတဲ့ နေရာကိုပဲ ပထမဦးဆုံး နှစ်ယောက်အတူတူ လျှောက်လှမ်းခဲ့ကြတယ်။ နှစ်ယောက် ဆိုပေမဲ့လည်း တစ်ပွဲတည်းသာ ယူခိုင်းလိုက်မိတယ်၊ ဇွန်းဆိုရင်လည်း တစ်ချောင်းတည်း၊ လူတွေနဲ့ အတူတူစားရတဲ့ အကျင့်ကို ကျွန်မ မကြိုက်ပေမယ့် ကိုနဲ့တော့ ကျွန်မ အတူတူ စားရတာ မက်မောတယ်။ ကျွန်မကို အမြဲတမ်း ခွန့်ကျွေး တတ်တဲ့ ကို့ကို ကျွန်မ အခုအချိန်မှာ အရမ်းကို လွမ်းမိနေပြီ။ ကြင်နာမှု အပြည့်နဲ့ အမြဲတမ်း ညောင်းတယ် ဆိုရင်တောင် အဝေးက လာတဲ့ ကိုက ကျွန်မကို ပြန်နှိပ်ပေးခဲ့တယ်။ အရာရာ အားလုံး ကျွန်မ မျက်နှာ တစ်ချက်တောင် အညှိုးမခံခဲ့တဲ့ ကို့ကို ကျွန်မ ဘယ်လိုနည်းနဲ့ မေ့နိုင်မှာလဲ?
အလှူ ပွဲက အပြန် ကိုက ကျွန်မအတွက် Valentine လက်ဆောင်လေး ပေးချင်တယ်ဆိုပြီး ပန်းခြံ တစ်ခုကို ခေါ်သွားတယ်။ ပန်းခြံ ပေါ်က ခုံတန်းလေး ပေါ် ရောက်ရောက်ခြင်း ကျွန်မကို အသာအယာ ဆွဲယူပြီး ဖက်ထားလိုက်တာ အချိန် ဘယ်လောက် ကြာသွားလဲ မသိလိုက်ဘူး။ ကို့ရဲ့ အစ်ကို ဖုန်းခေါ်သံ ကြားမှပဲ ကျွန်မတို့ ရုတ်တရက်ကြီး လန့်နိုး လာတယ်။ ဖုန်း သွားပြောပြီး ပြန်လာလာချင်း ကျွန်မကို Valentine အနမ်းတစ်ခု ပေးပြီး နှစ်ယောက်သား ရင်ခုန်သံတွေ ဖလှယ်ခဲ့တယ်။ အဲ့ဒီ Valentine အနမ်းကို ကျွန်မ အခုထက်ထိ သတိရမိနေတုန်းပဲ။ တိတ်ဆိတ်နေတဲ့ ပန်းခြံထဲမှာ ကို့ရဲ့ "အခုမှသတိရတယ်၊ ချစ်လေးကို လက်ဆောင်ပေးရဦးမယ်" ဆိုတဲ့ စကားသံလေးက တိုးနေပေမယ့် ကျွန်မရင်ထဲမှာတော့ အရမ်းကို ကျယ်လောင် နေခဲ့တယ်။ ပြီးတော့ "မျက်လုံးမှိတ်ထား" ဆိုလို့ ကျွန်မ မျက်လုံးတွေကို မှိတ်ထား လိုက်ရတယ်။ တစ်ချွတ်ချွတ် မြည်နေတဲ့ အသံလေး တွေကို နားဆွင့်ရင်း ကျွန်မ ရင်ခုန်စွာ စောင့်မျှော်နေဆဲမှာ ကိုက ကျွန်မရဲ့ နဖူးလေးကို တစ်ချက် နမ်းလိုက်တယ်။ ကျွန်မ ရင်တွေ အရမ်း ခုန်နေခဲ့တယ်။ "ကိုက ဖွင့်လို့ ရပြီ" ဆိုလို့ ဖြည်းဖြည်းချင်း ဖွင့်ကြည့် လိုက်တော့ ကိုက ကျွန်မရှေ့မှာ ဒူးထောက် ရက်သား၊ လက်ကိုလဲ နောက်ပစ်လို့။ လက်ကို ရှေ့ထုတ်လိုက်တော့ အသည်း အနီရောင် ပိတ်သေတ္တာလေး တစ်ခုကို ကိုင်ထားတဲ့ ၀က်ဝံရုပ်လေး။ သေတ္တာလေးကို ဖွင့်လိုက်တော့ ဆွဲကြိုးလေး တစ်ကုံး ထွက်လာတယ်။ ကိုနဲ့ဆင်တူ ဆွဲကြိုးလေး။ ကို့ရဲ့ ဆွဲသီးလေးက ၀က်ရုပ်ကလေး၊ ကျွန်မရဲ့ ဆွဲသီးလေး ကတော့ မြွေရုပ်လေး။ အရင်လကမှ ကျွန်မကို ၀ယ်ပေးမယ်ဆိုပြီး ကတိပေးထားတဲ့ ဆွဲကြိုးလေးဖြစ်နေတော့ ပိုပြီး ၀မ်းသာမိတယ်။ ကို ကိုယ်တိုင် ဆွဲကြိုးလေးကို ယုယစွာ တပ်ဆင် ပေးခဲ့တယ်။ "ထာဝရ သိမ်းထားနော်" လို့ ကျွန်မ နားထဲကို တိုးတိုးလေး ပြောလိုက်သေးတယ်။ "အင်းပါ" လို့ ကျွန်မက ကတိပေးခဲ့တဲ့ အတိုင်း ကျွန်မဆီမှာ အခုအချိန်ထိ ဆွဲကြိုးလေး ရှိနေဆဲပါ။ အခုထက်ထိ ၀က်ဝံလေးရဲ့ အသဲထဲမှာ ရှိနေသေးတယ် ဆိုတာ သိခဲ့ရင် ၀မ်းသာမှာလား?
ညနေစာကို စားသောက်ဆိုင် တစ်ခုမှာ အတူတူ စားပြီးမှာတော့ အချိန်က ခြောက်နာရီ ထိုးနေခဲ့ပြီ။ ကျွန်မတို့ နှစ်ယောက်ရဲ့ ဘ၀ တစ်သက်တာ မမေ့နိုင်တဲ့ "ပထမဦးဆုံးနဲ့ နောက်ဆုံး ချစ်သူများနေ့" က ရင်ခုန်သံတွေ အပြည့်နဲ့ ကုန်ဆုံး ခဲ့တယ်။ "နောင်နှစ် ချစ်သူများနေ့ကို အမြန်ဆုံး ရောက်ရပါစေ လို၏" လို့အဲ့ဒီ "ချစ်သူများနေ့"မှာပဲ ကျွန်မ ဆုတစ်ခု တောင်းမိခဲ့တယ်။ ကျွန်မ တစ်နှစ်ပတ်လုံး တောင်းတ ခဲ့ရတဲ့ "ချစ်သူများနေ့" ရောက်ရှိ လာချိန်မှာတော့ ကိုက ကျွန်မအနားမှာ မရှိတော့ဘူး။ ကိုက တခြား တစ်ယောက်နဲ့ အတူ ရှိနေရပြီ။ ကျွန်မတို့ နှစ်ယောက်ကို ကို့အိမ်က လုံးဝ သဘောမတူပဲ ရက်ရက်စက်စက် စီစဉ်ခဲ့တယ်။ တခြား တစ်ယောက်နဲ့ ကို့ကို အတင်း စေ့စပ် ပေးခဲ့တယ်။ "စေ့စပ်ပြီးတာ ဟုတ်ပါတယ်" ဆိုတဲ့ စကားကို ဖုန်းပေါ်မှာ ကို့ပါးစပ်ကနေ ကျွန်မ ကြားလိုက်ရတဲ့ အချိန်မှာ ကျွန်မ လုံးဝ ပြိုလဲ သွားခဲ့တယ်။ ပြင်းထန်စွာ ရွာသွန်းနေတဲ့ မျက်ရည်မိုးတွေဟာ အခုထက်ထိ မရပ်နိုင်သေးဘူး။ ရင်ထဲက နာကျည်းမှုတွေ အခုထိ ခက်ထန်နေဆဲပဲ။ ခါးသီးမှုတွေက အိမ်မက်ဆိုးလို ညတိုင်း ခြောက်လှန့်နေတယ်။ ဒီလိုနဲ့ပဲ ကျွန်မ စောင့်မျှော်နေခဲ့ရတဲ့ Valentine ကတော့ မထင်မှတ်ပဲ Bleeding Valentine ဖြစ်နေခဲ့တယ်။
ကျွန်မ ကို့ရဲ့ မိသားစုထဲ ၀င်ရင် ကျွန်မ စိတ်ဆင်းရဲရမှာ ကို တွေးပူလို့ ဒီလမ်းကို ရွေးချယ်ခဲ့တာလား? ကျွန်မ အခု ခံစား နေရတာတွေထက် ကိုက အစပေါင်း များစွာ ခံစားနေရမယ် ဆိုတာ ကျွန်မကို မပြောပြပေမယ့်လဲ ကျွန်မ နားလည်ပါတယ်။ ကျွန်မတို့ နှစ်ယောက် လမ်းခွဲလိုက်ရပေမယ့် ကျွန်မ ရင်ထဲမှာ အမြဲတမ်း ရှိနေတယ့် ကို့ကိုတော့ ကျွန်မရဲ့ "တစ်သက်တာ ချစ်သူ" အဖြစ် ဆိုင်းဘုတ် ထောင်ထား လိုက်ပြီ။ တစ်ချိန်ချိန်မှာ ကိုပြန်လာခွင့် ရခဲ့မယ် ဆိုရင်၊ ကျွန်မတို့ နှစ်ယောက် ပြန်ပြီး စုံစည်းခွင့် ရှိဦးမယ်ဆိုရင်၊ အဲ့ဒီ အချိန်လေးကို ကျွန်မ ဘ၀တစ်ခုလုံး မျှော်နေ ချင်သေးတယ်။ ဒီဘ၀မှာ ကျွန်မတို့ နှစ်ယောက် ချစ်သူအဖြစ် စုံစည်းခွင့် မရှိတော့ဘူး ဆိုရင်တောင် ကျွန်မတို့နှစ်ယောက် နောင်ဘ၀မှာ ပြန်ပြီး ဆုံစည်းခွင့် ရချင်သေးတယ်။ ဒီဘ၀မှာ ရှိနေတဲ့ ၀ဋ်ကြွေးတွေကို ဒီမျှနဲ့သာ ကျေပါစေတော့လို့ ဆုတောင်းလျှက်..
တစ်သက်သာချစ်သူ အတွက်
ထာဝရ
အဲလက်စ်ရဲ့ မြတ်နိုင်းခွင့် ဆိုတဲ့ သီချင်းလေးကတော့ ကျွန်မကို အမြဲဆိုပြလေ့ရှိတဲ့ ကိုနဲ့ ကျွန်မတို့ရဲ့ အနှစ်သက်ဆုံး သီချင်းလေးပါ။ ကျွန်မတို့ နှစ်ယောက် အရမ်းကြိုက်ခဲ့ကြတဲ့ သီချင်းလေး ရဲ့ "တကယ်ဆို မင်းမရှိတဲ့ နေရာမှာ မနေတတ်တာ၊ မှားများမှားနေလား? မှားလဲ မှားပါစေတော့ အချစ်လေးရာ" ဆိုတဲ့ သီချင်း ဇာတ်သိမ်း စာသားလေး အတိုင်း ကျွန်မတို့နှစ်ယောက်ရဲ့ ဘ၀ဟာ ဇာတ်သိမ်းသွားခဲ့မယ်လို့ ကျွန်မ အခုအချိန်ထိ မယုံနိုင်သေးဘူး။
Remark: The Above Article is written by ထာဝရ, and published by Myhome16.
15 comments:
စိတ်မကောင်းပါဘူး ထာဝရရေ
အားလုံးအဆင်ပြေပါစေနော်
"တွေ့ဆုံကြုံခွဲ" ဆိုတာ လောကတရားဆိုတာ နားလည်ရင် အများကြီး အေးချမ်းသွားမယ်ဆိုတာ ယုံကြည်ပါတယ်
ထာဝရရဲ့ရင်ခုန်သံတွေကိုနားထောင်ပုံအရ
ကျွန်တော်နားလည်မိတာက မိဘတွေသဘောမတူလို့ ခွဲနေရတယ် အခု ထာဝရရဲ့ချစ်သူက တခြားမိန်းမနဲ့အတူရှိနေရတယ် ဒီကြားထဲမှာ မိဘနဲ့သားသမီးကြားက အပေးအယူ အလျော့အတင်းတွေ လုပ်လို့မရနိုင်ဘူးလား
ပြီးတော့မိဘတွေက ဘာလို့အတင်းကြီးဒီလိုဖြစ်နေတာလဲ
ပိုက်ဆံကြောင့်လား ဘာကြောင့်လဲ လူမျိုးမတူလို့လား
နဲနဲစဉ်းစားကြည့်တာပါ အခက်အခဲတွေရှိရင်တော့ ဘယ်တတ်နိုင်မလဲ
ကျွန်တော်လည်းအရင်ရည်းစားနဲ့မြတ်နိုးခွင့်ဆိုတဲ့သီချင်းလေးကို အတူတူကြိုက်ခဲ့ဖူးတယ် အဲ့ဒီအတိုင်းပဲ ဇာတ်သိမ်းသွားခဲ့တယ် ဒါပေမယ့် ထာဝရလိုပြဿနာကြောင့်တော့ မဟုတ်ဘူး တခြားအကြောင်းတွေရှိလို့ပါ
ကိုအာကာရေ..
ထာဝရကိုပြောပြလိုက်မယ်..
သူမှပဲ ပိုပြောလို့ကောင်းမယ်.. ကျွန်တော်ဝင်ရှင်းနေရင် ရှုပ်ကုန်ဦးမယ် :P
အဓိက ကတော့ပိုက်ဆံကြောင့်ပေါ့ ကိုအာကာရယ်။ ကိုအာကာ အကြောင်းကြားရတာလဲ ကျွန်မစိတ်မကောင်းပါဘူးရှင်။ အခုအချိန်ကနေစပြီး ကံကောင်းခြင်းတွေနဲ့ပဲဆုံပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။
Sorry to read this Bleeding Valentine.
ပိုက်ဆံပိုက်ဆံပိုက်ဆံ $$$$$
သူကလဲလောကမှာလွန်စွာအရေးကြီးတဲ့ အရာတစ်ခု
စိတ်မကောင်းပါဗျာ
ကျွန်တော့် ချစ်သူများနေ့ကတော့ အဆင်ပြေခဲ့ပါတယ် နောင်ကျရင်အဆင်ပြေပါစေလို့ဆုတောင်းပေးတယ်
I was crying after reading this. I wish you good luck for your future
ထာဝရရယ်..
ပျော်ရွှင်ရမှာပါ ။
နောက်ထပ် ဗယ်လင်တိုင်းတွေ အများကြီးလာဦးမှာလေ..
အားမလျှော့နဲ့နော်...
ခင်မင်တဲ့.....
Forget him forever in your life.
Take him out forever.
In that way, you will feel much better.
စိတ်မကောင်းလိုက်တာ
ဘာမှအားမငယ်နဲ့
နောက် valentine day ပေါင်းများစွာကို ကိုယ်ချစ်တဲ့သူနဲ့ အတူဆင်နွဲနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါနော်
Post a Comment