Tuesday, October 14, 2008

တမ်းတလွမ်းဆွတ်မိသော သီတင်းကျွတ် လပြည့်နေ့


အတိတ်က ...

ပတ်ဝန်းကျင်မှာ ဖယောင်းတိုင်ပေါင်း ရာချီပြီး ထွန်းညှိထားသည်။ လေပြေလေအေးလေး တစ်ဝေ့ဝေ့ တိုက်ခတ်နေသည်။ ကောင်းကင်ပြင်မှာလည်း လမင်းသော်တာ ထွန်းတောက်နေသည်မှာ ကြည်နူးစရာပင်။ ဘေးပတ်ဝန်းကျင်မှ ဗျောက်အိုးသံတွေ၊ မီးရှုးမီးပန်းသံတွေ ကြားနေရသည်။ ကောင်းကင် တစ်ပြင်လုံး၌လည်း မီးပုံးပျံများ စည်ကားနေလေသည်။ အကျွနိုပ်၏ လက်ထဲမှာလည်း ထွန်းညှိလက်စ ဖယောင်းတိုင်လေး ကိုင်ထားရင်း မြတ်စွာဘုရား ကြွချီလာသည်ကို ကြည်ညိုစွာဖြင့် ပူဇော် ကန်တော့ ကြိုဆိုခဲ့ပါသည်။

လက်ရှိအချိန် ...
အကျွနိုပ် ပတ်ဝန်းကျင်ဝယ် ရာချီထွန်းထားသော ဖယောင်းတိုင်များလည်း မရှိတော့ပြီ။ ကောင်းကင်ပေါ်မှာလည်း ထွန်းတောက်နေသော လမင်းရှိသော်ငြား တစ်ကိုယ်တည်း အထီးဆန်နေပြီး အပေါင်းအဖော်ပြုဖို့ မီးပုံးပျံများ မရှိတော့ပြီ။ ပတ်ဝန်းကျင်မှာလည်း မီးရှူး မီးပန်းသံ မပြောနှင့် .. အပ်ကျသံ ပင် မကြားရအောင် တိတ်ဆိတ် ငြိမ်သက်လျှက်ရှိသည်။ လက်ထဲမှာလည်း ဖယောင်းတိုင် မရှိတော့ပြီ။ မြတ်စွာ ဘုရား လူ့ပြည်သို့ ကြွချီလာမည်ကို အကျွနိုပ်၏ စိတ်ထဲမှာ စိတ် ဖယောင်းတိုင် တစ်တိုင် ကိုသာ ထွန်းညှိပြီး ကြည်ညိုစွာဖြင့် ဤနှစ် သီတင်းကျွတ် လပြည့်နေ့ကို ပူဇော် ကန်တော့ မိပါတော့သည်။


သီတင်းကျွတ်ဆိုတာ . . .
  • သီတင်းကျွတ်လသည် မြန်မာ့ ၁၂လ ရာသီတွင် သတ္တမမြောက်လ၊ ၀ါတွင်းကာလ၏ နောက်ဆုံးလ။
  • ရာသီခွင်သည် တူရာသီ။ ရာသီပန်းသည် ကြာဖြူပန်း (Nymphaea Lotus)။
  • ရှေးမြန်မာကျောက်စာတွေမှာ သီတင်းကျွတ်လကို သန္တူလ ဟုရေးထိုးကြသည်။
  • ပညာရှိတွေက သီတင်းကျွတ်လကို ချိန်ခွင်ပုံ ကြယ်တာရာ နက္ခတ်တို့ စုဝေးသော မိုးကာလ ဟု သမုတ်ကြသည်။
  • သီတင်းကျွတ်လသည် တောင်သူလယ်သမားတို့ စိုက်ပျိုးထားသော စပါးများ သန်စွမ်းသော ကာလ ဖြစ်သည်။
  • သီတင်းကျွတ်လ မီးထွန်းပွဲတော်သည် ၁၂ရာသီပွဲတော်တွေထဲမှာ ထင်ရှားသော ပွဲတော်တစ်ခု ဖြစ်သည်။
  • ဗုဒ္ဓမြတ်စွာ ဘုရားရှင်သည် သတ္တမမြောက်ဝါကို နတ်ပြည်၌ ၀ါကပ်တော်မူပြီး မယ်တော်ဖြစ်ခဲ့ဖူးသော
  • သန္တုဿီတနတ်သားအား အမှုးပြု၍ စကြ၀ဠာနေရာ အနှံ့ မှ နတ်ဗြဟ္မာ အပေါင်းတို့ အား အဘိဓမ္မာ တရားတော်မြတ်ကို ဟောကြားတော်မူသည်။
  • သီတင်းကျွတ်လပြည့်နေ့  ရောက်သောအခါ ဘုရားရှင်သည် နတ်ဗြဟ္မာ အပေါင်းခြံရံကာ ရွှေစောင်းတန်း၊ ငွေစောင်းတန်း၊ ပတ္တမြား စောင်းတန်းများဖြင့် စီခြယ်ထားသော ရတနာ စောင်းတန်းဖြင့် လူ့ပြည်သို့  ပြန်လည် ဆင်းသက် ကြွမြန်း တော်မူသည်။
  • ဤသည်ကို ပြည်သူပြည်သား အပေါင်းတို့က ဆီမီးများ၊ ပန်း၊ ရေချမ်းများဖြင့် ကပ်လှူပူဇော်ကြသည်။ မီးပန်းများ မီးရှူးများ ပစ်လွှတ်ကြသည်။ နတ်ပြည်ရှိ စူဠာမဏိစေတီတော် ကိုပူဇော်သည့် အနေဖြင့် မီးပုံးများပြုလုပ်၍ ကောင်းကင်သို့ လွှတ်တင်ကြသည်။ (ဒီအကြောင်းရင်း တွေကြောင့် မီးရှူး မီးပန်းတွေ မီးပုံးတွေ ပြုလုပ်ကြသည်ကို လူကြီးလူငယ် တွေ နားလည်ဖို့လိုသည်။)
  • သံဃာတော်အရှင်မြတ်များ သည် မိမိတို့အချင်းချင်း အပြစ်ကြီးငယ်ရှိပါက သည်းခံခွင့်လွတ်ရန် နှင့် သွန်သင်ဆုံးမရန် တောင်းပန်သောကြောင့် သီတင်းကျွတ် လပြည့်နေ့ကို ပ၀ါရဏာနေ့ ဟုလည်း ခေါ်သည်။
  • မြတ်စွာဘုရား၏ အဆုံးအမတွေကြောင့် မြန်မာလူမျိုးတို့သည်လည်း မိမိတို့ထက် အသက်ကြီးသူ၊ ပိုမို မြင့်မြတ်သူ၊ ရိုသေထိုက်သူ တွေကို ကိုယ်ရော စိတ်ပါ ပြစ်မှားမိခဲ့ပါက ခွင့်လွှတ်ကြရန် မိမိတို့ တတ်အားသရွေ့ ကြည်ညိုစွာ ကန်တော့ လေ့ရှိသည်။
  • လူတွေ မာန်မာနမှ ခ၀ါချကာ မေတ္တာတရား ပွားပြီး ယဉ်ကျေးသိမ်မွေ့သော စိတ်နေစိတ်ထားကို သက်သေပြုနေသော အချိန်တစ်ခုပင်တည်း။

အခုလို မင်္ဂလာရှိသော အချိန်အခါ သမယမှာ ဤကမ္ဘာမြေပေါ်ရှိ လူသား အပေါင်း စိတ်၏ ချမ်းသာခြင်း နှင့် ကိုယ်၏ ကျန်းမာခြင်းတို့ကို ရရှိ ပိုင်ဆိုင် နိုင်ကြပါစေလို့ ဆုမွန်ကောင်း ပို့သရင်း . . .

အမိမြန်မာမြေကို လွမ်းဆွတ်တမ်းတလျှက် . . .
Tea

3 comments:

  1. သီတင်းကျွတ်ေ၇ာက်တိုင်း သတိရတယ်....
    မိဘနဲ့ဝေးရလို့.. :( :(

    ReplyDelete
  2. သီတင်းကျွတ်မီးထွန်းပွဲမှာ တီးအိမ်က
    ညီလေး တီးနဲ့ ပေဖူး၊ မေသူပိုင်၊ လင်းစစ်သူ၊ အိမွန်တာ၊ ဒေါက်တာရမ်းကု၊ သိပ္ပံမောင်ပိန်တို့ ညီငယ်ညီမငယ်တွေအားလုံး ပျော်ရွှင်အေးချမ်းပါစေ

    မေတ္တာဖြင့်

    ReplyDelete
  3. မြန်မာပြည်ကိုလွမ်းတယ်

    ReplyDelete

ဟုတ်ကဲ့ဗျ။ မင်္ဂလာအပေါင်းနှင့် ပြည့်စုံပါစေဟု ကျွန်တော့်အိမ်မှ နှုတ်ခွန်း ဆက်သလိုက်ပါသည်။ လွတ်လပ်စွာ ရေးသား ပြောဆို နိုင်ပါသည်။