Sunday, July 13, 2008

ကျွန်တော့်၏ ပုံမှန် တနင်္လာ



Weekday (Example : တနင်္လာနေ့)

အချိန်က မနက် ၆း၀၀။ အခြေအနေတွေက ရှုပ်ရှက်ခတ်နေသည်။ ကမန်းကတန်းထ ရသည်၊၊ ကမန်းကတန်းမထရင် ကျောင်းနောက်ကျတော့မည်။ အလျင်အမြန် မျက်နှာကိုသစ်၊ သွားတိုက်၊ အ၀တ်လဲ၊ ပြီးတော့ ကွန်ပျူတာ ၅မိနစ်လောက်သုံး။ ပြီးတာနဲ့ ကျောင်းကို ပြေးပြီ။ ဘတ်စ်ကားဂိတ်ကိုသွား၊ ကားမမှီမှာစိုးလို့ လမ်းလျှောက်လိုက် ပြေးလိုက်လုပ်သည်၊၊ ၁၀မိနစ် ၁၅မိနစ်လောက် လဲ လျှောက်ရော၊ ဘတ်စ်ကားဂိတ်ကိုရောက်။ ကံဆိုးရင် ဘတ်စ်ကားက ကိုယ်မရောက်ခင် မျက်စိရှေ့က ဝေါဝေါ၀ူးဝူးဆိုပြီး ဖြတ်သွားတာကို ရင်နာနာနဲ့ အသဲကွဲပြီး ကျန်ခဲ့ပါသည်။ အဲ့ဒီလိုဆိုရင် စိတ်နာစွာနဲ့ ဘတ်စ်ကား မောင်းတဲ့လူကို ထိုင်ရွတ်ပြီး ရှိတဲ့ ခုံတန်းမှာ အေးစိမ့်စွာ ထိုင်နေလိုက်သည်။ ဒါနဲ့ နောက် ဘတ်စ်ကား တစ်စီးကို ၀ါးကနဲ မြင်လိုက်သည်။ ကိုယ်စီးရမယ့် နံပါတ်ဟုတ်တော့ ပျော်သွားသည်။ အနီးလည်း ရောက်ရော လူပြည့်နေပါသဖြင့် မရပ်ပဲ ဖြတ်သွားသည်။ ဟင်ကနဲ၊ ဟာကနဲ၊ ရင်ကွဲနာကျပြီး ကျန်ခဲ့ပါသည်။ စိတ်တိုတိုနဲ့ ရေသောက်နေုတုန်း အမှတ်မထင် နောက်တစ်စီးက ရောက်လာသည်။ ဒီတခါတော့ ကားရပ်တော့ ပျော်ရွှင်စွာဖြင့် ကားပေါ်တက်လိုက်သည်။ ဘုရားရေ၊ ကားဆရာကို ပြဖို့ ကတ်ပြား Monthly Pass ကျန်ခဲ့သည်။ စိတ်တိုတိုနှင့် ပိုက်ဆံကိုသာ ထည့်လိုက်ရသည်။ အကြွေမပါတော့ ၂ဒေါ်လာ ထည့်လိုက်ရသည်။ ကားပေါ်မှာ ထိုင်ဖို့ ခုံလိုက်ရှာသည်။ ဒါပေမယ့် တစ်ခုမှ မအားသဖြင့်၊ မိမိဘာသာ မတ်တပ်ရပ်ပြီး အိပ်ငိုက်နေပါတော့သည်။ အိပ်လို့မှ မ၀သေး၊ နားထဲက ကျောင်းနာမည်ကို စက်က အော်နေသည်ကို ကြားလိုက်ရသဖြင့် ကားပေါ်မှ ဆင်းကာ လမ်းလျှောက်ရတော့သည်။ အချိန်ကို ကြည့်တော့ ၇း၄၉၊ အတန်းက ၇နာရီခွဲတိတိ တွင်စသည်။ ဒါကြောင့် ကျွန်တော်မျိုးကြီးကို ဆရာက Attendence မှာ ကြက်ခြေခတ် ပေးတော့မည် ဖြစ်သဖြင့် နောက်ဆုံးပေါ် အရှိန်အဟုန်ဖြင့် အခန်းထဲကို ဖုတ်လိုက်ဖုတ်လိုက် ဖြစ်အောင် ပြေးရပါတော့သည်။

ဒါနဲ့ အခန်းထဲရောက်တော့ မသိမသာလေး ၀င်ထိုင်ပြီး လိုက်နားထောင်လိုက်သည်။ သူများတွေကတော့ စပ်စုလိုက်တာ၊ လက်ကို တစ်ခါမှ မထောင်ဖူးတဲ့အတိုင်း၊ ဟိုထောင်လိုက် ဒီထောင်လိုက်နဲ့ မေးလိုက်ကျတဲ့ မေးခွန်းတွေ၊ ကုန်ကိုး မကုန်တော့ဘူး။ ကျွန်တော်ကတော့ မြန်မာ့ရိုးရာအရ တော်ရုံတန်ရုံ မေးလေ့သိပ်မရှိ။ ၂နာရီကျော်လောက် ကြာတော့ အတန်းလဲ ပြီးသွားရော။ ကျောင်းက အလုပ်ကို ပြေးရသည်။ အလုပ်ရောက်တော့ အသင့်ရှိနေသော လုပ်စရာ စာရင်းအတိုင်း အလုပ်များကို လိုက်လုပ်သည်။ Audio Visual နေရာမှာ လုပ်တာဆိုတော့ ခွေတွေကို ထိုင်ရစ်ပေးလိုက်၊ လက်မနိုင်တဲ့ ဆရာတွေကို ပစ္စည်းတွေ ၀ိုင်းယူပေးလိုက်၊ အားနေရင် နောက်တစ်ခန်းအတွက် အိမ်စာတွေ လုပ်လိုက်၊ အလုပ်က ကွန်ပျူတာကို ကလိလိုက်၊ ပစ္စည်းလိုတဲ့ အခန်းတွေကို လိုက်ပို့ပေးလိုက်နဲ့ ၂နာရီလောက် ကြာတော့ အလုပ်ပြီးသွားရော။ ပြီးတာ့ နေ့လည်စာ စားချိန်ရောက်ပြီဆိုတော့ အားနေတဲ့ သူငယ်ချင်း တစ်ချို့နဲ့ နေ့လည်စာ သွားစားပါသည်။ မုန့်ဈေးတန်းမှာ ထိုင်ပြီး ထမင်းဘူးတွေကို Microwave နဲ့ ဝှေ့လိုက်ပြီး ထိုင်စားမယ်ကြံတုံး၊ ကျွန်တော်မျိုးကြီး ဇွန်းမေ့ကျန်ခဲ့သည်။ ဒါနဲ့ မုန့်ရောင်းတဲ့ နေရာကို သွားပြီး ကော်ဇွန်းတစ်ချောင်း တောင်းကာ သုံးဆောင်လိုက်ပါသည်။ စကားတွေပြောလိုက်၊ စားလိုက်၊ အိမ်စာတွေ မပြီးသေးတာ လုပ်လိုက်နဲ့။ ၁နာရီလောက်လဲ ရောက်ရော နောက်အတန်းကို သွားရသည်။ အတန်းထဲမှာ စာသင်တာ နားထောင်၊ လိုက်မှတ်၊ Power Point Slides တွေ ပြရင် ကင်မရာနဲ့ ကောက်ရိုက်၊ အတန်းလဲ ပြီးရော၊ ကမန်းကတန်း ထိပ်ဆုံးကနေ အတန်းထဲက ထွက်လာပါသည်။ ဘယ်သွားနေလဲ ဆိုတော့ စာကြည့်တိုက် အောက်မှာရှိတဲ့ Tutoring Center ကို ချီတက်နေခြင်း ဖြစ်သည်။ ဒီနေ့ အိမ်စာ လုပ်ရမယ့် Research Paper ရဲ့ အကြမ်းကို သွားပြပြီး စစ်ခိုင်းမလို့ဖြစ်သည်။ ရောက်တာနဲ့ ရှိနေတဲ့ ကျူတာကို ဟိုင်းတွေ ဟဲလိုးတွေ လုပ်ပြီး ၀င်ထိုင်ကာ မဟာအက်ဆေးကြီးကို ထုပ်ပြီး စစ်ခိုင်းလိုက်ရာ၊ ကျူတာကြီးက မင်နီကြီးဖြင့် ဟိုဝိုင်းဒီဝိုင်း ရောင်စုံချယ်ကာ အလှဆင်ပေးလိုက် သဖြင့် ကျွန်တော်မျိုးတော့ အိမ်ရောက်ရင် ဒီစာရွက်နှင့် လုံးပါးပါးရပေတော့မည်။

Tutoring Center က အထွက် အိမ်ကို ပြန်ဖို့ ဘတ်စ်ကားဂိတ်ကို လမ်းလျှောက်နေတုန်း ကားဂိတ်နားလဲ နီးရော ကိုယ်စီးရမယ့် ကားက ရပ်တော့မည်ဖြစ်ရာ အသဲအသန် ရှိရှိသမျှ အနှစ်နှစ် အလလ ပြေးကျင့်ထားသော အပြေးနည်းဖြင့် ပြေးကာ ကားနားလဲ ရောက်ရော ကားက ထွက်သွားပါသည်။ >_< ဒါနဲ့ နောက် နံပါတ် တစ်ခုကို စီးပြီး သုံးဆင့် ကားပြောင်းစီးကာ အိမ်ကို ရောက်လာပါသည်။ အိမ်ရောက်တော့ ကွန်ပျူတာကို ဖွင့် Gtalk တွေကို ၀င်၊ ဘလောခ့်ကို ဖွင့်၊ စီဘောက်စ်ဖတ်၊ ကောမန့်တွေကြည့်၊ မေးလ်တွေစစ်၊ သတင်းတွေ ဖတ်၊ အင်တာနက်ကို ရှာဖွေမွှေနောက်၊ သူငယ်ချင်းတွေနဲ့ ချက်၊ စကားတွေပြော၊ ရုပ်ရှင်တွေကြည့်၊ သီချင်းနားထောင်၊၊ ဒါတွေ လုပ်နေတုန်း အချိန်က ည ၈နာရီတောင် ကျော်သွားပြီ။ ဘာမှလည်း မစားရသေး။ ဗိုက်ထဲမှာ သံစုံတီးဝိုင်း ဖြစ်နေသည်။ ရေခဲသေတ္တာကို ဖွင့်တော့ ပြောင်သလင်း ခါနေသဖြင့် အသင့်ရှိသော ခေါက်ဆွဲဘူး သုံးဘူးကို ရေဖြည့် Microwave ထဲထည့် ပြီးတော့ ဇလုံထဲသွန်ပြီး အရသာရှိရှိ သုံးဆောင်လိုက်ပါသည်။ ပြီးတာ့ ကျန်ရှိနေတဲ့ အချိန်မှာ မနက်ဖြန်အတွက် အိမ်စာတွေ လုပ်ပြီး ခဏကြာတော့ လက်က အင်တာနက်ပေါ် ပြန်ရောက်သွားပါသည်။ ဒါနဲ့ အားလုံးပြီးစီးသွားတော့ အချိန်က ၁၂ထိုးတော့မည်။ မအိပ်ရင် မနက်ဖြန် ရှင်သန်ဖို့ မလွယ်ကူတော့ သဖြင့် စကားပြော ချက်လက်စ ရောင်းရင်းများကို နှုတ်ဆက်ပြီး ကွန်ပျူတာကို ပိတ်ကာ ALARM ၅ခု (ဟန်းဖုန်း၊ လက်ပတ်နာ၇ီ၊ စားပွဲတင်နာရီ ၁၊ စားပွဲတင်နာရီ ၂၊ mp3 player) တို့ ကို alarm လုပ်ထားပြီး အိပ်နန်းစံလိုက် ပါတော့သည်။

ဤသာမှာ U.S. ကို ရောက်ရှိနေသော ကျွန်တော်မျိုး၏ လှပ ဆန်းကြယ် ထူးခြား အံ့သြ ရင်မော ဖွယ်ရာ ကောင်းသော နေ့တစ်နေ့ ပုံမှန် Weekday (တနလာင်္၊ အင်္ဂါ၊ ဗုဒ္ခဟူး၊ ကြာသပတေး) တို့လို နေ့မျိုး တစ်နေ့ပင်ဖြစ်သည်။ အမြဲတမ်း ပြေးပြေးလွှားလွှားနှင့်သာ အိမ်နှင့်ကျောင်း၊ ကွန်ပျူတာတစ်လုံး၊ Laptop တစ်လုံးဖြင့်သာ အချိန် ကုန်လေ့ ရှိပါသည်။ ဘာတွေ ထူးခြားလဲ ဆိုတော့ ဘာမှ မထူးခြားပါ။ ပုံမှန် ROBOT စက်ရုပ် တစ်ရုပ်သာ ဖြစ်ကြောင်း ဝေမျှလိုက်ရပါတော့သည်။

Tea

6 comments:

  1. ဘ၀တွေကတော့ ဒီလိုပါပဲ။ :) Survival the fittest!!!

    ReplyDelete
  2. နစ်မြုပ်မွန်းကျပ်တဲ့ တစ်နေ့တာဘ၀တွေမှာ စိတ်ကိုအမြဲလွတ်လပ်ရှင်သန်နေပါစေ.. တီး

    ReplyDelete
  3. တီးရယ် နင့်တစ်နေ့တာကို ကြည့်ပြီး ငါတောင် ခေါင်းမူးသွားပီ။ ပြေးလိုက်တာလဲ အမောပဲ။ =)

    ReplyDelete
  4. weekends လေးလဲ ရေးဦးလေ။ =)

    ReplyDelete

ဟုတ်ကဲ့ဗျ။ မင်္ဂလာအပေါင်းနှင့် ပြည့်စုံပါစေဟု ကျွန်တော့်အိမ်မှ နှုတ်ခွန်း ဆက်သလိုက်ပါသည်။ လွတ်လပ်စွာ ရေးသား ပြောဆို နိုင်ပါသည်။