Saturday, June 7, 2008

An Impressive Building of Beijing (Part-2)



လေဆိပ် အဆောက်အအုံက သုံးပိုင်းခွဲခြားထားပါတယ်။ ပထမဆုံး ဘဲဥကွဲကြီးနဲ့ အနီးဆုံး C အပိုင်းက ပြည်တွင်းလေကြောင်းလိုင်းတွေ အတွက်ပါ။ အလည် D အပိုင်းကတော့ စင်းလုံးငှားလေယာဉ်တွေအတွက် ဖြစ်ပြီး အစွန်ဆုံးမှာရှိတဲ့ E အပိုင်းကတော့ နိုင်ငံတကာလေကြောင်းလိုင်းတွေ အတွက်ပါ။ A က အမည် စ မပေးတာက လေဆိပ် ၁ နှင့် လေဆိပ် ၂ တွေနဲ့ ရောကုန်မှာ စိုးလို့ C, D, E လို့ပေးထားရခြင်းပါ။ ကမ္ဘာ့အကြီးဆုံး A380 ဂျမ်ဘိုလေယာဉ်ကြီးတွေ အပါအ၀င် စုစုပေါင်း လေယာဉ် ၉၉ တစ်ပြိုင်တည်း ရပ်နားထားနိုင်မှာပါ။ လေဆိပ် အဆောက်အအုံ တစ်ခုနှင့်တစ်ခု အလိုအလျောက် လူပြောင်းရွှေ့ ရထား (Automactic People Movers) (စင်ကာပူက MRT၊ ဟောင်ကောင်က MTR လိုမျိုး) နဲ့သွားလာနိုင်မှာပါ။ ထူးခြားတာက အ၀င်အထွက် တစ်ပေါက်ထဲ မဟုတ်ပဲ ရထားတစ်ဖက်စီမှာ ထားရှိပါတယ်။ အထွက် ပလက်ဖောင်းအတွက် တံခါးအရင် ပွင့်လာ၊ ပြန်ပိတ်၊ ရထား တခြားတစ်ဖက်က အ၀င်တံခါးပွင့်လာ ပြန်ပိတ်၊ ဤနည်းစနစ်က လူစုပြုံ တိုးဝင် တိုးထွက်မှုတွေ တိုက်ဆိုင်မှုကို ဖြေရှင်းနိုင်မှာပါ။ စက်လှေကား၊ ဓါတ်လှေကား၊ ရွေ့လျားလမ်းလျှောက်စက်တွေ စုစုပေါင်း ၂၄၃စင်း ရှိပါတယ်။ အမြန်သွားအထူးခြားဆုံး ၀န်ဆောင်မှု ကတော့ ဒေါ်လာ ၂၄၀ မီလီယံတန် ခရီးသည်ဝန်စည် ပို့ဆောင်ရေးစနစ်ပါ။ check-in လုပ်ပြီး ခရီးသွားအိတ်တွေဟာ ဘားကုတ်ပါတဲ့ အ၀ါရောင် လင်ပန်း (ရထားပြား ကြိုက်သလိုသာခေါ်) အကြီးစားတွေပေါ်ကနေ လေယာဉ်ဂိတ်တွေဆီ ဘားကုတ်ဖတ်ပြီး အတိအကျဆုံးနဲ့ အလိုအလျောက်ပို့ဆောင်ပေးမှာပါ။ နိုင်ငံတကာ လေကြောင်းလိုင်းတွေ ရှိတဲ့ဂိတ်တွေက ပိုဝေးပေမယ့် တစ်စက္ကန့်ကို ၇ မီတာနှုန်းနဲ့ ရွေ့လျားနိုင်တဲ့ လင်ပန်းကြီးတွေက ၅ မိနစ်အတွင်းပို့ဆောင် ပေးနိုင်မှာပါ။ ပုံမှန်သုံးနေကျ စက်တွေထက် ၇ဆ ပိုမြန်ပါတယ်။ ဆိုက်ရောက် ခရီးသည်တွေရဲ့ အိတ်တွေလည်း ဆင်းပြီး ၅ မိနစ်အတွင်း ပြန်လည်ရွေးယူ နိုင်မှာဖြစ်ပါတယ်။


ကျွန်တော်ပြောခဲ့တဲ့ ဘဲဥကွဲကြီးကတော့ ကားရပ်နားရန်နေရာနဲ့ မြို့တွင်း ပို့ဆောင်ဆက်သွယ်ရေး ပင်မအဆောက်အအုံပါ။ ကားရပ်နားရန် နေရာ ၇၀၀၀ ကျော်ရှိပြီး ရထားပို့ဆောင်ရေးစနစ်က လေဆိပ်ကနေ Dongzhimen ဘူတာအစ ပေကျင်းမြေအောက်ရထားနဲ့ ဆက်သွယ်ပြီး ၄င်းမှတစ်ဆင့် ပေကျင်းမြို့လည်ကို ခေါ်ဆောင်သွားပါမယ်။ လေဆိပ်မှ Dongzhimen ဘူတာကိုသွားဖို့ ၁၈မိနစ်ကြာပါမယ်။ တခြား လူထုပို့ဆောင် ဆက်သွယ်ရေးစနစ်တွေ ဖြစ်တဲ့ ဘတ်စ်ကား၊ အငှားယာဉ်နဲ့ ဇိမ်ခံ လီမိုဇင်းတွေလည်း ထားရှိပါတယ်။

ဤလေဆိပ်ဟာ သဘာဝပတ်ဝန်းကျင်နဲ့သင့်တော်မယ့် ဒီဇိုင်းအယူအဆတွေ (ဥပမာ- အရှေ့တောင်ကို မျက်နှာမူထားတဲ့ အလင်းပေးစနစ်ကြောင့် မနက်နေ မှအပူစုပ်ယူထားမှု အနည်းဆုံး၊ ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေ ဖြစ်အောင်ထိန်းသိမ်းပေးမဲ့ စနစ် စသည်) နဲ့ဆောက်ထားတဲ့အတွက် ကမ္ဘာပေါ်မှာ စွမ်းအင်အချွေတာနိုင်ဆုံး လေဆိပ်ဖြစ်လာမှာပါ။ ဆောက်လုပ်ရေးမှာလည်း ဤဒီဇိုင်းဟာ ဒေသထွက် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်း ရရှိနိုင်မှု၊ သုံးစွဲနိုင်မှု၊ ဒေသသုံး နည်းပညာ အသုံးချနိုင်မှု နဲ့ ငွေကြေး အနည်းဆုံးနဲ့ သယ်ယူပို့ဆောင်နိုင်မှု တို့အပေါ်မူတည် ဆွဲထားပါတယ်။ အပြောင်မြောက်ဆုံးကတော့ လေးနှစ်အတွင်း အပြီးတည်ဆောက်နိုင်တာပါ။



နဂါးအဟုန်လို ပျံသန်းထွက်ပေါ်လာမယ့် ဗိသုကာပညာရှင် ဆြာ နော်မန်ဖို့စ်တာရဲ့ ပေကျင်းမြို့တော် အပြည်ပြည်ဆိုင်ရာလေဆိပ်ကို Youtube မှာ ဆက်လက်ရှုစားပါ။ (မျက်မှန်နဲ့အမျိုးသမီး ပြောနေတဲ့ ဒီဇိုင်းအကြောင်းတွေက နော်မန်ဖို့စ်တာရဲ့ ၀က်ဘ်ဆိုက်မှာရေးထားတာနဲ့ တစ်လုံးမလွဲပါ။) ကျွန်တော်လည်း အဲ့ဒီ့ ၀က်ဘ်ကနေ မှီငြမ်းထား ကြောင်းပါ။ သူ့ရဲ့ ဗိသုကာလက်ရာများ ကို ဆက်လက်ကြည့်ရှုချင်ရင်တော့ www.fosterandpartners.com မှာသွားရောက် လေ့လာနိုင်ပါတယ်။

ကဲ…ကျုပ်တို့ရဲ့ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သစ်ကြီးကို ကြည့်ရင်း ပေကျင်းလေဆိပ်အကြောင်း ချုံကြည့်ရအောင်။
ဒေါ်လာ ၁၃.၃ မီလီယံ ကုန်ကျတဲ့ ရန်ကုန်လေဆိပ်ကြီးက တစ်နှစ် ခရီးသည် ၂.၇ သန်း ၀န်ဆောင်မှု ပေးနိုင်ပါတယ်။ ပေကျင်းလေဆိပ်က ၂.၈ ‘ဘီ’လီယံ ကုန်ပြီး တစ်နှစ် ခရီးသည် သန်း၅၀ ၀န်ဆောင်မှု ပေးမှာပါ။ ၀န်စည်လည်စက် တင် ၂၄၀ မီလီယံတန်တယ်နော်။
ရန်ကုန်လေဆိပ်က လေယာဉ် ငါးစီး တစ်ပြိုင်တည်း ဆိုက်နိုင်ပါတယ်။ ၄စီးက ပေါင်းကူးတံတား(boarding tunnel) နဲ့ တစ်ပြိုင်တည်း ဆင်းနိုင်ပါတယ်။ ဘိုရင်း ၇၄၇ ကနေ ၇၃၇ အထိ ဆိုက်နိုင်တယ်။ ပေကျင်းလေဆိပ်ကတော့ Terminal 3 တင် ၉၉စီး ဆိုက်နိုင်ပြီး အစီး ၆၀ကျော်က ပေါင်းကူးတံတားနဲ့ပါ။
ရန်ကုန်လေဆိပ် လေယာဉ်ပြေးလမ်းက ၃၄၁၄ မီတာရှည်ပါတယ်။ ပေကျင်းလေဆိပ်က ၃၈၀၀ မီတာ ရှည်တဲ့ ပြေးလမ်းက နှစ်လမ်း၊ ၅၂၀၀ မီတာ ရှည်တဲ့ ပြေးလမ်းက တစ်လမ်း စုစုပေါင်း ၃လမ်းရှိပါတယ်။
အတွင်းပိုင်းကို ကြည့်ရအောင်။ ရန်ကုန်လေဆိပ်က ရွေ့လျားစက်လှေကား ၃ခု။ ပေကျင်းလေဆိပ်က ရွေ့လျား မျိုးစုံ ၂၄၃ခုရှိပါတယ်။ ရန်ကုန်လေဆိပ်မှာ စားသောက်ဆိုင်အဆင့်မရှိတဲ့ snack bar ၄ခုရှိတယ်။ ပေကျင်းလေဆိပ်ကတော့ အရှေ့တိုင်းကနေ အနောက်တိုင်းအထိ အစုံရနိုင်တဲ့ ၇၂ခုသော စားသောက်ဆိုင်တွေ ရှိတယ်။

ကဲ...ဒီလောက်ဆိုတော်လောက်ပြီ…ဟုတ်…

တိုးတက်နေပါတယ်ဆိုတဲ့ ကျုပ်တို့ဗိုလ်ချုပ်ကြီးတွေရဲ့ လေဆိပ်လေ။ နိုင်ငံရေးများပါသွားလား၊ ဘွာတေး ဘွာတေး။ မပြောချင်ပေမယ့် ပြောပြရမှာမို့ပါ။ စင်ကာပူနိုင်ငံ Airport Development Division of CPG Corporation of Singapore ကဒီဇိုင်းဆွဲပေးတာပါ။ ဒါကိုေ-ာက်ရှက်မရှိ ပို့ဆောင်ရေးဝန်ကြီးက နိုင်ငံခြားအကူအညီ မယူ မပါ၊ မြန်မာပညာရှင်များနှင့်သာ ဆောက်လုပ်နိုင်ခဲ့တာပါတဲ့။ (ကန်တော့။ တော်ရုံဆိုရင် မဆဲတတ်ပေမယ့် ဗိသုကာနဲ့ပက်သက်လာတဲ့အတွက် အယဉ်ကျေးဆုံး ဆဲခွင့်ပြုပါ။) မြန်မာ အင်ဂျင်နီယာတွေ၊ ဗိသုကာပညာရှင်တွေကို ချီးမြှောက်ရာ မရောက် စော်ကားရာ ရောက်တဲ့အပြင် နိုင်ငံတကာမှာလည်း အရှက်ရစေပါတယ်။ ကျုပ်ဆိုရင် အဲ့နေ့ သတင်းစာဖတ်ပြီး ကိုယ့်မျက်နှာကိုယ် ချီးသာသုတ်လိုက်ချင်တော့တယ်။ ကမ္ဘာ့အကြီးဆုံးနဲ့မယှဉ်ပါနဲ့လို့ ဆိုရင် ထိုင်းတို့ရဲ့ သုဝဏ္ဏဘူမိလေဆိပ်နဲ့ သွားယှဉ်ပါ။ အဲ့ဒါမှ အမှန်တရားကို လက်မခံနိုင်တဲ့သူတွေကိုတော့ ဆက်မပြောလိုတော့ပါ။

ဘာပဲပြောပြော ရန်ကုန်လေဆိပ်အဟောင်းထက်စာရင် အခု အသစ်က တော်တော်လေးကောင်းတယ် လို့ပြောရမှာပါ။ (မကောင်းလို့ဘယ်ရပါ့၊ အသစ်ပါဆိုနေ အဟောင်းထက်ဆိုးရင်တော့ ဖြိုသာချပစ်လိုက်တော့။) ကျွန်တော်လည်း ရန်ကုန်လေဆိပ်အသစ်ကနေ ထွက်လာတာပေါ့။ ပေါင်းကူးလှိုဏ်ခေါင်းကြီးကနေလေ။ ဟဲဟဲ။ သေးပေမယ့် ကိုယ့်ဟာကိုယ်တော့ တိတ်တခိုးကျေနပ် မိလိုက်တယ်။ အရင်လို စုတ်ပြတ်သတ်မနေတော့လို့။ အထင်တော့ အရမ်းမသေးလိုက်နဲ့။ အဟောင်းက တစ်ချိန်က အရှေ့တောင်အာရှရဲ့ အကြီးဆုံး လေဆိပ်နော်။ ဟင်း ဟင်း။

တစ်ချိန်က ဆိုတယ့် ဟာကြီးကိုထည့်ပြောရတာ လည်းမောလှပြီ… ဖြုတ်ပြောနိုင်ရမယ့်အချိန်ကို မျှော်ရင်း ပေကျင်းလေဆိပ်ကြီးကို သွားရည်ကျလျက်…
လင်းစစ်သူ

10 comments:

  1. YouTube က တရုတ်မက ..
    ဟီးးး..

    အထဲမှာ အဲ့ဒီလောက်လဲ မလှပါဘူးနော်။

    ReplyDelete
  2. နောက်ထပ် ဒီလေဆိပ်ကိုကျော်ပြီးကြီးအောင် ဘယ်နိုင်ငံကဆောက်မလဲမသိဘူးနော်

ိသိလား ကိုလင်းစစ်သူရေ

    ReplyDelete
  3. လေဆိပ်ကို ပညာရှင်အမြင်နဲ့ ကြည့်ရတာ အရသာတမျိုး ရတယ်ဗျာ။ လင်းစစ်သူရေ... ချဗျာ။ အားပေးတယ်...

    ReplyDelete
  4. လင်းစစ်သူ ...အားကြိုဆိုပါ” ၏..

    Nice Architecture, how's magnificent.

    ReplyDelete
  5. သြော်.ဒါနဲ့  စကားမစပ်.
    “လင်းစစ်သူ” ရေ ရန်ကုန်ကလာတော့.
    ဘယ် Terminal ကထွက်လာတာတုန်း..:P

    ReplyDelete
  6. ဟောဗျာ…နိုင်ငံခြားထွက်လာဆို terminal က ဘယ်နှစ်ခုရှိလို့တုံး။ အသစ်ပေါ့ဗျာ။ အိမ်သာတောင် မရောက်ဖူးမှာစိုးလို့ သွားလာသေး။ ရေဘုံဘိုင်ခေါင်းက automatic ကွ။

    ReplyDelete
  7. ကျွန်တော် ရေးထားပါတယ်နော် ဘယ်ကထွက်လာလဲ ဆိုတာ... သေချာမဖတ်မိဘူးထင်ပါရဲ့။

    ReplyDelete
  8. နဲနဲမီရင် တော်ပီ။
    နဲနဲတောင် မမီတာက ခက်တယ်။
    စိတ်မကောင်းဖြစ်တာတွေ များပြီး ရွာသာကြီးရောက်တော့မယ်။ :(

    ReplyDelete
  9. ဟား.ဟား.ဟား

    ဟိုဖက် ခတ်ဝေးဝေးမှာ ဖွက်ထားတဲ့ မြို့ တွင်း Free
    Call, Phone ကော ပြောခဲ့ သေးလား.. :P

    ညီလေးရေ.“ စူဝဏ္ဏဘွန်” (သုဝဏ္ဏဘူမိ) မမှီရင်နေပါ
    “ဒွန်မောင်း” လောက်ဆိုရင်ပဲ ကြေနပ်ပါပီ..

    အားပေးနေ တယ် ညီရေ. ဆက်လက်မျှဝေပါ ဦးဗျား.

    ReplyDelete
  10. လင်စစ်သူရေ။

    ညီပြောသွားတာ Architecture ကြောင်းတော့သိပါပြီ။ Architect တွေ မြန်မာမှာ သင်ရပုံလေးလဲပြောသွားအုံး။ အခုသင်နေရပုံနဲ့ယှဉ်ပြီးတော့။

    ReplyDelete

ဟုတ်ကဲ့ဗျ။ မင်္ဂလာအပေါင်းနှင့် ပြည့်စုံပါစေဟု ကျွန်တော့်အိမ်မှ နှုတ်ခွန်း ဆက်သလိုက်ပါသည်။ လွတ်လပ်စွာ ရေးသား ပြောဆို နိုင်ပါသည်။